ဇင်လင်း ● ငြိမ်းချမ်းရေးမှတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဒီမိုကရေစီအမြစ်တွယ်ရေးသို့...


ဇင်လင်း ● ငြိမ်းချမ်းရေးမှတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဒီမိုကရေစီအမြစ်တွယ်ရေးသို့...
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၆

မကြာသေးမီက မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို မြန်မာစစ်ဘေးရှောင် ဒုက္ခသည်တွေ ထောင်ဂဏန်းချီ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့မှုကြောင့် နယ်စပ်ဒေသခံ တရုတ်ပြည်သူတွေ ရဲ့ နေ့စဉ်လူမှုရေးဘဝကို ကြီးစွာ ထိခိုက်ခဲ့တယ်လို့နိုဝင်္ဘာလ ၂၄ ရက်နေ့ရက်ထုတ် တရုတ်အစိုးရပိုင် Global Times အင်္ဂလိပ်ဘာသာ သတင်းစာမှာ ဖေါ်ပြခဲ့ပါတယ်။ အဲဒီ “China’s role needed for truce in Myanmar” ဆိုတဲ့ နိုင်ငံရေး သုံးသပ်ချက် ဆောင်းပါးမှာ  မြန်မာ့တပ်မတော် အနေနဲ့ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် NLD အစိုးရနဲ့ ပြေပြေလည်လည် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း တရုတ်အစိုးရအာဘော် Global Times အင်္ဂလိပ်သတင်းစာ ဆောင်းပါးမှာ  ဝေဖန်ရေးသားခဲ့တာ တွေ့ရတယ်။

ဒီ့အပြင် မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အကျပ်ကိုင် ဖိအားပေးတာမျိုး မလုပ်ဘဲ၊ တိုင်းရင်းသားများရဲ့ ယုံကြည်မှုရရှိလာရေးအတွက် အားလုံးပါဝင်ခွင့်ရှိတဲ့ နိုင်ငံရေး အခင်းအကျင်းတရပ် စီစဉ်ဆောင်ရွက် သင့်တယ်လို့လည်း တရုတ်သတင်းစာအာဘော်က ဆိုပါတယ်။ အလားတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဘက်က လည်း လက်တွေ့မကျတဲ့ နိုင်ငံရေး စစ်ရေးဆိုင်ရာ အခွင့် အာဏာတောင်းဆိုမှုတွေကို စွန့်လွှတ်သင့်တယ်လို့ဝေဖန်ထား တာ တွေ့ရတယ်။  တိုင်းရင်းသားများအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် တိုင်းရင်းသားဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အကျိုးရှိလာမယ့် အချက်ကို ထည့်သွင်းစဉ်းစားသင့်တယ်လို့တရုတ်အစိုးရအာဘော် Global Times သတင်းစာက ဝေဖန်သုံးသပ်ထားတာ တွေ့ရပါတယ်။

တရုတ်အစိုးရအာဘော် ဆောင်းပါးဖေါ်ပြပြီးနောက်နေ့မှာ၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ တိုင်းရင်းသား မဟာမိတ်တပ်ပေါင်းစုအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကြားဝင်စေ့စပ် ညှိနှိုင်းပေးမယ်ဆိုရင် မိမိတို့အနေဖြင့် လက်ခံကြိုဆိုကြောင်း မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုဘက်က နိုဝင်ဘာလ ၂၅ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာချက်တစ်စောင် ထွက်ပေါ်လာပါတယ်။ ခိုင်မာတည့်တံ့ပြီး စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာရေးအတွက် နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံက တန်းတူညီမျှ အခြေခံရပ်တည်မှုနဲ့ ပါဝင်ညှိနှိုင်း ပေးပါရန် မေတ္တာရပ်ခံကြောင်းလို့“မြန်မာပြည်မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစု” ရဲ့ ‘ထုတ်ပြန်ချက်’ မှာ တွေ့ရပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခတွေဟာ တရုတ်-မြန်မာ နယ်နိမိတ်ရှိ နယ်စပ်ဒေသမှာ  ဖြစ်ပွားနေတဲ့အတွက် ကြောင့် တရုတ်နိုင်ငံ အကျိုးစီးပွား အချို့နဲ့ တိုက်ရိုက် ပတ်သက်နေတယ်လို့ဆိုပါတယ်။ ဒါကြောင့် တရုတ်အစိုးရ အနေဖြင့် ကြားဝင် ညှိနှိုင်းသင့်ကြောင်း၊ တရုတ်အစိုးရအနေနှင့်လည်း စိုးရိမ်ပူပန်မှုရှိတယ်လို့သိရကြောင်း၊ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုဘက်က ဆိုပါတယ်။ အခု လက်ရှိ ဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခတွေကို တရုတ်အစိုးရက  ကြားဝင် ညှိနှိုင်းပေးမည်ဆိုရင်၊ အခြေအနေ ပိုမိုကောင်းမွန်နိုင်ကြောင်း၊ လက်ရှိ အချိန်မှာ အကောင်းဆုံး ကြားဝင် စေ့စပ်ညှိနှိုင်း ပေးနိုင်မယ့်သူဟာ တရုတ်အစိုးရဖြစ်တယ်လို့မြင်ကြောင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောကြောင်း “သတင်းနှင့်မီဒီယာကွန်ရက်” (NMG) သတင်း အရ သိရပါတယ်။

အလားတူ နိုဝင်ဘာလ ၂၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့“တရုတ်-မြန်မာအဆင့်မြင့် ကာကွယ်ရေးနှင့် နိုင်ငံခြား ရေးဆိုင်ရာ အစည်းအဝေး” မှာ တရုတ်အစိုးရက ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နယ်စပ် တည်ငြိမ် အေးချမ်းရေးကိစ္စ အရေးကြီးတဲ့အတွက် စစ်ရေးလှုပ်ရှားမှုတွေ အဆုံးသတ်ပြီး တင်းမာမှုတွေ ပြေငြိမ်းအောင်လုပ်ဖို့ မြန်မာ အစိုးရကို တိုက်တွန်းခဲ့ကြောင်း သိရတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်ပြီး နှစ်ဖက်တပ်တွေ အကြား နေ့တိုင်း တိုက်ပွဲဖြစ်နေတဲ့အတွက်  ဒေသခံပြည်သူတွေဟာ စစ်ဘေးရှောင် ဒုက္ခသည်တွေအဖြစ် တရုတ်နိုင်ငံအတွင်း နီးစပ်ရာ မြို့တွေမှာ စစ်ဘေးရှောင်နေကြရတယ်လို့သတင်းက ဆိုပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်( TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA) နဲ့ ရက္ခိုင့် တပ်မတော် (AA) တို့ပါဝင်တဲ့ မြန်မာပြည် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုနဲ့ မြန်မာ့ တပ်မတော်တို့ အကြား ကြူကုတ်-ပန်ဆိုင်း၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကွတ်ခိုင်ဒေသတွေ အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း နေရာတော်တော်များများမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း သိရတယ်။ ဒီနှစ်အတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မြန်မာ့တပ်မတော် နဲ့တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ အကြား ၂၁ ရာစု ပင်လုံညီလာခံ နောက်ပိုင်း စက်တင်ဘာလ ကစပြီး ဆက်တိုက်ဆိုသလို တိုက်ပွဲများဖြစ်ပွားနေခဲ့တာ အခုအချိန် အထိဖြစ်ကြောင်း NMG သတင်းမှာ ဖေါ်ပြတယ်။

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်ရာမှာ ပြည်သူလူထုအပါအ၀င် နိုင်ငံရေးပါတီများ၊ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ မြန်မာ့တပ်မတော် အစရှိတဲ့ အဖွဲ့ပေါင်းစုံ အတူတကွ ပူးပေါင်းပါဝင် လုပ်ဆောင်မှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိမှာဖြစ်ပြီး မြန်မာ့တပ်မတော်အနေနဲ့လည်း ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ မှာ ‘တစ်ပိုင်းတစ်စ ပူးပေါင်း ဆောင်ရွက်ခြင်း’ မျိုး မဟုတ်ဘဲ၊ ‘အပြည့်အ၀ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း’ ဖြစ်ဖို့လိုကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာ က ပြောကြောင်း NMG သတင်းကဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ “ငြိမ်းချမ်းရေးနောက်ကွယ်မှ ငိုကြွေးသံ” လို့အမည်ပေးထားတဲ့ “အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အစိုးရ” လက်ထက် မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဆက်ဖြစ်နေတဲ့ တပ်မတော်ရဲ့ ထိုးစစ်ဆင်မှုများနဲ့ ချိုးဖောက်မှုများနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစ်စောင်ကို  ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ကချင်အမျိုးသမီးများအစည်းအရုံး (ထိုင်းနိုင်ငံ) KWAT အဖွဲ့က နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ဝေခဲ့ကြောင်း “သတင်းနှင့် မီဒီယာ ကွန်ရက်” အဖွဲ့NMG ရဲ့ နိုင်ဝင်ဘာ ၁၇ ရက်နေ့သတင်းမှာ တွေ့ရတယ်။

KWAT အဖွဲ့ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဒေါ်ရှယ်လီဆိုင်း က  အစိုးရတပ်ရဲ့ ထိုးစစ်တွေဟာ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်း ပိုမိုပြင်းထန်လာတဲ့အတွက် ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေရှိနေခဲ့ပြီး  လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေကို မြန်မာပြည်သူများအပါအ၀င် နိုင်ငံတကာမှ သိရှိနိုင်ဖို့အတွက် ဒီ အစီရင်ခံစာကို ဖြန့်ဝေရတာ ဖြစ်ကြောင်း ပြောပါတယ်။

“အဓိကကတော့ အဲ့ဒီ စစ် တွေပိုပြီးမှ ကချင်ဒေသ ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ ရှမ်းပြည် ဒီ ငြိမ်းချမ်းရေးယူထားတဲ့ ဒေသတွေရော ရခိုင်ပြည်တို့ဆိုရင်လည်း ငြိမ်းချမ်းရေး ယူထားပြီလေ အဲ့ဒါ ပိုပြီးမှ ညှဉ်းပန်းမှုတွေဖြစ်လာတယ် စစ်တွေ ပိုဖြစ်လာတာကို မီးမောင်းထိုးပြချင်တာပါ၊ အနောက်နိုင်ငံက လူတွေက ကျမတို့ NLD တက်ပြီး ဒီမိုကရေစီ တိုင်းပြည် ဖြစ်ပြီ ဆိုတဲ့ဟာမျိုး ပြောနေကြတာကော၊ ဆိုတော့ ကျမတို့ အမြင်ကတော့ မဟုတ်သေးဘူးလေ၊ ပိုပြီးမှ တိုက်ပွဲတွေ ဖြစ်လာတာ။” လို့ဒေါ်ရှယ်လီဆိုင်း က ဆိုပါတယ်။

အဲဒီ အစီရင်ခံစာမှာ NLD အစိုးရသစ် လက်ထက် တိုက်ပွဲတွေ အဆုံးသတ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်တိုးနိုင် မယ်လို့မျှော်လင့်ခဲ့သော်လည်း အစိုးရတပ်ရဲ့ ထိုးစစ်တွေ ပိုပြင်းထန်လာနေကြောင်း အစီရင်ခံစာမှာ ဖေါ်ပြထားတယ်။ အရှိန်မြင့်လာတဲ့ အစိုးရစစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် တိုးများလာတဲ့ အိုးအိမ်မဲ့စွန်ခွာထွက်ပြေးမှုတွေ၊  သတင်းအချက် အလက်လွဲမှားခြင်းတွေ နဲ့ အကူအညီများပိတ်ပင်ဟန့်တားခံရတာတွေ၊ တပ်သားတွေ ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို တရားဥပဒေအရ အရေးယူမှု ကင်းမဲ့တာတွေကို KWAT အဖွဲ့က အစီရင်ခံစာမှာ အသေးစိတ် မှတ်တမ်းတင် ဖော်ပြထားတယ်လို့ဆိုပါတယ်။

စာမျက်နှာ ၃၁ မျက်နှာပါရှိတဲ့ အဲဒီ အစီရင်ခံစာထုတ်ပြန်နိုင်ဖို့အတွက် ကချင်ပြည်နယ်နဲ့ ရှမ်းပြည် မြောက်ပိုင်းရှိ မြို့နယ် ၆ မြို့နယ်မှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ မှ ၂၀၁၆ ခုနှစ် အောက်တိုဘာလ အထိ စစ်တမ်းကောက်ယူပြီး မှတ်တမ်းတင် ထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်လို့ဒေါ်ရှယ်လီဆိုင်းက ဆိုပါတယ်။ KWAT အဖွဲ့ရဲ့ မှတ်တမ်းတင်မှုအရ ညှဉ်းပန်းနှိပ်စက်ခံရသူ ပေါင်း ၂၁ ဦး၊ တရားလက်လွတ်သတ်ဖြတ်မှုမှာ အမျိုးသမီး ၂ ဦး နဲ့အမျိုးသား ၆ ဦးရှိခဲ့ပြီး၊ မတရား ဖမ်းဆီးချူပ်နှောင် ခံရသူပေါင်း ၂၀၀ နီးပါးရှိတယ်လို့ဆိုပါတယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ မိသားစုပေါင်း ၆၀ ရှိကြောင်း သိရတယ်။ ဒီလို ဖြစ်ရပ်တွေကြောင့် ထိုးစစ်တွေ ချက်ချင်းရပ်ရေး အပါအ၀င် လူသားချင်းစာနာမှု အကူအညီများ ပိတ်ပင်ထားမှုကို ပယ်ဖျက်ပေးရန်၊ နိုင်ငံရေး ဆွေးနွေးပွဲများ အမြန်ဆုံးစတင်ရန် တောင်းဆိုထားတဲ့ အကြံပြုချက် ၁၄ ချက်ကို KWAT အဖွဲ့ အနေနဲ့ ထုတ်ပြန်တောင်းဆိုထားတာ တွေ့ရတယ်။

ပထမအကြိမ်ကျင်းပတဲ့ ၂၁ ရာစုပင်လုံညီလာခံပြီးတဲ့နောက် မြန်မာ့တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့ကြားတိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ပြီး အောက်တိုဘာလ၂၉ ရက်မှ အခု အချိန်ထိတိုက်ပွဲ အကြိမ်ရေ ၂၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ တိုက်ပွဲဖြစ်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး -- “အဓိကကထိုးစစ်ပေါ့ ထိုးစစ်တွေ မရှိလို့ရှိရင်တော့ တိုက်ပွဲတွေ ဖြစ်စရာအကြောင်း တော့မရှိဘူး။ ကျနော်တို့က သူတို့ ရှိတဲ့နေရာသွားပစ်တာမဟုတ်ဘူး ကျနော်တို့ လှုပ်ရှားတဲ့ နေရာကို သူတို့ လာပြီးတော့ တိုက်ပွဲဖြစ်တာပဲ” PSLF/TNLA သတင်း/ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ ပြည်တောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်း အဖွဲ့နဲ့ ဒု ဗိုလ်မှူးကြီး တာ့ဘုန်းကျော် ခေါင်းဆောင်တဲ့ PSLF အဖွဲ့တို့ ပထမဆုံးအကြိမ် မူဆယ်မြို့မှာ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ငြိမ်းချမ်းရေး အတွက် ထပ်မံတွေ့ဆုံနိုင်ခြင်းမရှိတော့ကြောင်း သိရပါတယ်။

ဒီအတောအတွင်း နိုဝင်ဘာလ (၃၀)ရက်ကနေ ဒီဇင်ဘာလ (၂)ရက်နေ့ထိ သုံးရက်ကြာ စင်္ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရ သက်တမ်း ၉ လအတွင်း ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ကို ဦးစားပေး လုပ်နေပြီး အားရကျေနပ်တယ်လို့ ဆိုလိုက်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က စကာင်္ပူက မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောဆိုလိုက်တာဖြစ်တယ်လို့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

“တခုကတော့ ပြည်တွင်းငြိမ်းချမ်းရေး၊ နောက်တခုကတော့ ကျမတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပါပဲ။ ဒီ ၂ ခုက ဘယ်လိုမှ ခွဲခြားလို့မရပါဘူး။ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ကျမတို့ ဖွံ့ဖြိုးရေးဆိုတာလည်း ရေရှည်ထိန်းထားလို့မရဘူး။ တိုးတက်မှုမရှိပဲနဲ့ ငြိမ်းချမ်းရေးဆိုတာ အမြဲ ခိုင်မာမယ်လို့ အာမခံလို့ မရဘူး။ ဒါကြောင့် ဒီ ၂ ခုကို အလေးထားပြီးတော့ တပြိုင်နက်ထဲ လုပ်နေတာဖြစ်ပါတယ်။ အတိုင်းအတာတခု ထိတော့ ကျေနပ်တယ်။ ဒါပေမယ့် ဘယ်တော့မှ အပြည့်အ၀ ကျေနပ်မှာ မဟုတ်ပါဘူး။” လို့ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

မြန်မာပြည် အရှေ့မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ငြိမ်းချမ်းရေး အတွက် ရှေ့တိုးလုပ်ဆောင်သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ခြင်းဟာ ထူးခြားပါတယ်။

“ဒီတိုက်ပွဲတွေဟာ ကျမတို့ နိုင်ငံမှာ ဖြစ်နေတာ ကြာလှပါပြီ။ အဲဒီတိုက်ပွဲတွေ ဖြစ်တိုင်းကြောက်နေရင် ကျမတို့ အစ ကတည်းကနေ စပြီးတော့ ၂၁ ပင်လုံကို လုပ်မှာ မဟုတ်ပါဘူး။ ကျမတို့ အနေနဲ့ ဒီလိုတိုက်ပွဲတွေ ဖြစ်လို့ကို ၂၁ ပင်လုံ ညီလာခံကြီး ဘယ်လောက် လိုအပ်သလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ ထပ်ပြီးတော့ ကြိုးစားမယ်၊ ပိုပြီးတော့ ကြိုးစားမယ်။ ကျမတို့ အခြေခံအားဖြင့်တော့ ဒီလိုအချင်းချင်းကြားမှာ တိုက်ပွဲတွေ မကြေနပ်မှုတွေ ၊ မယုံကြည်မှုတွေ ဖြစ်ပွားနေတာဟာ ကျမတို့ သမိုင်းမှာ အချင်းချင်းကြားမှာ နားလည်မှုမယူနိုင်လို့ ပါပဲ။ နားလည်မှုမရှိပဲနဲ့ ဘယ်လိုမှ ငြိမ်းချမ်းရေးရနိုင်မှာ မဟုတ်ပါဘူး။ ဒီဟာအတွက် ကျမတို့ ကြိုးစားရမှာဖြစ်ပါတယ်။”  လို့နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆိုပါတယ်။

တရုတ်အစိုးရပိုင် ပြည်သူ့နေစဉ်သတင်းစာတိုက်က ထုတ်ဝေတဲ့ Global Times သတင်းစာရဲ့ ဒီဇင်ဘာလ (၁)ရက်နေ့ ထုတ်မှာ မြန်မာနယ်စပ်တလျောက် လုံခြုံရေး တင်းကြပ်ထားကြောင်း ဖေါ်ပြထားတာတွေ့ရတယ်။ ဒီအပြင် တရုတ် တပ်မတော်ဟာ ဒေသခံတရုတ်တပ်ဖွဲ့များနဲ့ပူးတွဲပြီး မြန်မာစစ်ပြေးဒုက္ခသည်တွေကို နေရာချထားပေးနေပြီး၊ နယ်စပ် တည်ငြိမ်ရေးကိုဆောင်ရွက်နေတယ်လို့ဆိုတယ်။ မြန်မာနိုင်ငံအနေနဲ့ လက်ရှိ နယ်စပ်ဒေသ စစ်ရေးပဋိပက္ခတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့နဲ့ တရုတ်နိုင်ငံသားများကိုလည်းအကာအကွယ်ပေးဖို့တရုတ်နိုင်ငံဘက်က တောင်းဆိုကြောင်းလည်း သတင်းစာမှာ ဖေါ်ပြထားတယ်။

ဒီအတောအတွင်း ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုဝင်ဘာ ၂၆ မှ ဒီဇင်ဘာ၂ ရက်နေ့အထိ တရုတ်နိုင်ငံသို့ သွား ရောက်ခဲ့ပြီး၊ နိုဝင်ဘာ ၂၉ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီနဲ့ တွေ့ခဲ့ပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့က တရုတ်နိုင်ငံခြားရေး ၀န်ကြီး ၀မ်ယီ နဲ့ ဒေါက်တာ တင်မျိုးဝင်းတို့ ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့စဉ်၊  အပစ်အခတ် ရပ်စဲရေး လုပ်ကြဖို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးက တိုက်တွန်းထားတယ်လို့Global Times မှာ ဖေါ်ပြပါတယ်။ နှစ်နိုင်ငံ အဆင့်မြင့် သံတမန်နဲ့ စစ်ဖက်ဆိုင်ရာ ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး နယ်စပ် ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိစ္စ ပူးတွဲ လုပ်သင့်တယ်လို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီး ၀မ်ယီ က ဆိုပါတယ်။ ဒေါက်တာ တင်မျိုးဝင်းက တရုတ်နိုင်ငံရဲ့ အရေးပါမှုနဲ့ ယခုကိစ္စအတွက် စိုးရိမ်ပူပန်မှုကို မြန်မာနိုင်ငံက နားလည်ကြောင်း၊ လိုအပ်တဲ့ အကူအညီတွေ တရုတ်နိုင်ငံက ဆက်ပေးမယ်လို့မျှော်လင့်ကြောင်း ပြောတယ်လို့Global Times ဖေါ်ပြပါ တယ်။

တရုတ်အနေနဲ့ မြန်မာ့ပြည်တွင်းရေးမှာ ၀င်ရောက်မစွက်ဖက်ရေး မူဝါဒ အတိုင်း ရပ်တည်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ဆန္ဒနဲ့အညီ အပြုသဘောဆောင်တဲ့ ကဏ္ဍကနေ ပါဝင်ကူညီမှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ က ပြော ကြောင်း သတင်းစာက ဖေါ်ပြပါတယ်။

ခြုံငုံသုံးသပ်ကြည့်ရင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးရရှိရေးကိစ္စဟာ ပြည်တွင်းရေးကိစ္စသက်သက်လို့ပြောမရ တော့ဘဲ၊ တရုတ်နိုင်ငံနဲ့နိုင်ငံခြားဆက်ဆံရေး တည်ငြိမ်ကောင်းမွန်ရေး ကိစ္စလည်း ဆက်နွယ်နေတာတွေ့ရတယ်။ လက်ရှိ အခြေအနေအရ တစ်ခုတည်းသောနည်းလမ်းမှာ စစ်ပွဲမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်း အသီးသီးအနေဖြင့် ခြွင်းချက် မရှိ  အမြန်ဆုံး အပစ်အခတ် ရပ်စဲသင့်ပြီ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေး အဖြေရှာရေး လမ်းကြောင်းအတိုင်း ပြန်လည် ရှောက်လှမ်းဖို့ လိုပါတယ်။ နိုင်ငံရေးနည်းလမ်းအရ စေ့စပ်ဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေးသဘောတူညီမှုများ ရရှိအောင် ကြိုးစားကြဖို့ ပြည်သူလူထု အများစုကြီးက လိုလားနေပါတယ်။

“ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေဟာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဒီမိုကရေစီအမြစ်တွယ်ရေး၊ နောက်ပြီးတော့ ဖွံ့ဖြိုး တိုးတက်မှုခိုင်မာရေး ဒါတွေကို ကျွန်မတို့ရဲ့ မူဝါဒ အခြေအနေတွေနဲ့ ပြည်သူ၊ ပြည်သားတွေကို ချပြပြီးတော့ ရွေးကောက်ပွဲမှာ ဝင်ခဲ့တာဖြစ်ပါတယ်။ ချပြသွားတဲ့အတိုင်းပဲ ကျွန်မတို့ ဆက်ပြီး ကြိုးစား သွားပါမယ်။ ကြိုးစားသွားတဲ့အခါမှာလည်း ကျွန်မတို့ အားလုံး အတူလက်တွဲပြီးတော့ ပါဝင်ကြ ပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။” လို့ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးကို ဦးစားပေး ကိစ္စ တစ်ခု အနေနဲ့ စင်္ကာပူမိန့်ခွန်း မှာ ပြောထားတာ သတိပြုမိပါတယ်။

ဒါကြောင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေသူ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များအနေနဲ့ ပြည်သူ လူထုဆန္ဒနဲ့အညီ သေနတ်တွေချထားပြီး ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ  အမြော်အမြင်ရှိရှိ ပါဝင်ဆွေးနွေးကြဖို့ လိုပါတယ်။ ဒါမှသာ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဒီမိုကရေစီအမြစ်တွယ်ရေး၊ ဖွံ့ဖြိုး တိုးတက်မှုခိုင်မာရေး စတာတွေကို ဆက်လက်အကောင်အထည်ဖေါ်နိုင်မှာဖြစ်တယ်လို့ နှိုးဆော်လိုကြောင်းပါ။။။။။