ကျော်ဟုန်း ● နိုင်ငံတော် ဝမ်းနည်းမှု

ကျော်ဟုန်း ● နိုင်ငံတော် ဝမ်းနည်းမှု
(မိုးမခ) ဇန်နဝါရီ ၂၉၊ ၂၀၁၇

သူ့ အသား မည်းတယ်
သူ့ စကား ဝဲတယ်။

အသားမည်းလည်း အသည်းဖြူ
စကားဝဲလည်း စကားမဝေ့သူ။

သူဟာ
ဥပဒေဘက်တော်သားကြီး
ပြည်သူ့ ဘက်တော်သားကြီးပါ။

"ဦးကိုနီ"
ကျည်ဆံနဲ့ အဓမ္မကျင့်ခံလိုက်ရပြီလား
ဥပဒေဖက်လို့ 
ဥပဒေမဲ့ခံလိုက်ရသတဲ့လား။

လူမျိုး ဘာသာဆိုတာ
ပညက်ချက် ယုံကြည်ချက်
ဝေါဟာရ သတ်မှတ်မှုသာ။

အသားအရောင် ဘယ်လိုကွဲကွဲ
ဖောက်ကြည့်လိုက်
သွေးနီရောင် တမျိုးတည်းပါ။

ကိုးကွယ်ရာ ဘယ်လိုကွဲကွဲ
နှလုံးလှဖို့  အဓိကပါ။

ကျုပ်တို့ ဗမာပြည်
အလွန်ရှုပ်တယ်
အလွန်နုပ်တယ်။

တကိုယ်ကောင်း များတယ်
မစ္ဆရိယ ပွားတယ်။

ဥပဒေတည့်မတ်ချင်လွန်းသူရဲ့
နောက်ဆုံးခရီး ကျည်တတောင့်နောက်ကွယ်မှာ
အာဏာပြုတ်တို့ ရဲ့ အညှိုးအတေး
မှောင်ခိုအရှုပ်တို့ ရဲ့ မူးယစ်ဆေး
ခရိုနီသရုပ်တို့ ရဲ့ ကျူးညစ်ထေး
ဒါတွေ ရှိခဲ့လေသလား
သံသယ ဝင်စရာ။

ဘာသာရေး လူမျိုးရေး
ရှုပ်အောင်လုပ်ဖို့ 
နိုင်ငံရေးအကောက်ကြံဖို့ 
ဘာသာခြားရှေ့ နေကြီးကို
လုပ်ကြံ စတေးရစ်ကြသလား
တွေးချင့်စရာ။

ဒီလိုသာ တကယ်ဖြစ်ရင်
ဦးကိုနီ ဆုံးပါးခန်းဟာ
နောင် ရှုပ်ထွေးလာမယ့်
နိုင်ငံတော် အကျပ်အတည်း မီးစ။

ပြည်သူ့ ဘက်တော် ဥပဒေသမားကြီး
ဥပဒေမဲ့ လုပ်ကြံခံရခြင်းဟာ
နိုင်ငံတော် ဝမ်းနည်းမှု
ဗမာပြည် ပူဆွေးမှုပါဗျာ။

"ကောင်းရာဘုံဘဝ လားပါစေ ဦးကိုနီ
အာမင်.,."

ကျော်ဟုန်း
၂၀၁၇၀၁၂၉