မောင်ကျော်မော် - ဦးထွန်းမြင့်(တောင်ကြီး) ရဲ့ “နိုင်ငံရေးဘဝအတွေ့အကြုံ - ဒုတိယပိုင်း” ဆက်လက်ထုတ်ဝေပါ



မောင်ကျော်မော် - ဦးထွန်းမြင့်(တောင်ကြီး) ရဲ့ “နိုင်ငံရေးဘဝအတွေ့အကြုံ - ဒုတိယပိုင်း” ဆက်လက်ထုတ်ဝေပါ
(မိုးမခ) ဇန်န၀ါရီ ၁၂၊ ၂၀၁၇

ဦးထွန်းမြင့် (တောင်ကြီး) - ရှမ်းနိုင်ငံရေးသမားတစ်ဦး၏ သဲတစ်ပွင့် အုတ်တစ်ချပ် (နိုင်ငံရေးအတွေ့အကြုံများ)
လောကသစ်စာပေ၊
ပထမအကြိမ် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ၊ အုပ်ရေ ၇၀၀၊
တန်ဖိုး ၅၀၀၀ ကျပ်

ဦးထွန်းမြင့် (တောင်ကြီး) ရဲ့ ရှမ်းနိုင်ငံရေးသမားတစ်ဦး၏ သဲတစ်ပွင့် အုတ်တစ်ချပ် (နိုင်ငံရေးအတွေ့အကြုံများ) စာအုပ် ဒီကနေ့ (၁၀ ဇန်နဝါရီ) ပဲ ဖတ်ပြီးပါတယ်။

“ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး” ကို ရိုးသားစွာလိုလားကြတဲ့ ကျနော်တို့ လူမျိုးပေါင်းစုံ လူငယ်တွေ အလေးထားပြီး (မဖတ်မဖြစ်) ဖတ်ရမယ့် စာအုပ်ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။ ပြောပါရစေ။
ဖတ်ကြပါလို့လည်း အလေးအနက်တိုက်တွန်းပါတယ်။

ဒီစာအုပ်ဟာ ဦးထွန်းမြင့်(တောင်ကြီး) ရဲ့ “နိုင်ငံရေးဘဝအတွေ့အကြုံ” ပထမပိုင်းပဲဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီး ရှမ်းပြည်နယ်ဝန်ကြီးအဖြစ် လင်းခေးဦးထွန်းမြင့် ရွေးချယ်ခံ ရတာ၊ ပြီးတော့ ဝန်ကြီးကုလားထိုင်မှာ ဖင်နွေး အောင်မထိုင်ရခင် ရှမ်းပြည်နယ်ဝန်ကြီးအဖြစ်ကနေ ပြန်ဆင်းပေးရပုံနဲ့ ပထမပိုင်းကို (စာမျက်နှာ ၅၁၀ မှာ) ကို အဆုံးသတ်ထားပါ တယ်။ စာမျက်နှာ (၅၁၁ ကနေ ၅၄၈ အထိ) ကိုတော့ နောက်ဆက်တွဲ တွေ ဖော်ပြထားပါတယ်။

နောက်ဆက်တွဲ (၁) က ပြည်ထောင်စုစစ်စစ်မူ ( စာမျက်နှာ ၅၁၁ မှ ၅၂၉ ထိ)

နောက်ဆက်တွဲ (၂) က ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာ (၁၉၈၉ ခု၊ ဖေဖေါ်ဝါရီလ ၂၀ ရက်) စာမျက်နှာ (၅၃၀ မှ ၅၄၃ အထိ )

နောက်ဆက်တွဲ (၃) ဗိုလ်ချုပ်ခင်ညွန့်ထံပေးစာ (၅၄၄ မှ ၅၄၈ ထိ) ။ အဲဒီနောက်မှာတော့ မှတ်တမ်းဓာတ်ပုံအချို့ဖော်ပြထားပါတယ်။

ကျနော်ကတော့ ထက်သန်တဲ့ မျှော်လင့်ချက်နဲ့ ဦးထွန်းမြင့်(တောင်ကြီး) ရဲ့ “နိုင်ငံရေးဘဝအတွေ့အကြုံ ဒုတိယပိုင်း”ကို စောင့် မျှော်နေမိပါ တယ်။ လောကသစ်စာအုပ်တိုက်ကနေ ဆက်လက်ထုတ်ဝေဖြစ်လိမ့် မယ်လို့လည်းမျှော်လင့်နေပါတယ်။

“ဒုတိယပိုင်း” ကလည်း ပထမပိုင်းလို စိတ်ဝင်စားစရာအလွန်ကောင်းမယ်လို့ ယုံကြည်ပါတယ်။

ဘာကြောင့်ဒီလိုယုံကြည်မျှော်လင့်နေရသလဲဆိုတော့ “ပြည်ထောင်စု” လို့ ဆိုခဲ့ကြတဲ့ မြန်မာနိုင်ငံမှာ ပြည်ထောင်စုပြဿနာ၊ ပြည်တွင်းစစ်၊ ၁၉၅၈ ၊ ၁၉၆၂ စစ်တပ်က အာဏာသိမ်းပိုက်မှုများ၊ (မဆလ) တပါတီစနစ်၊ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး၊ ၁၉၉၀ ရွေးကောက်ပွဲ စတဲ့ နိုင်ငံရေးဖြစ်စဉ်ဖြစ်ရပ်များအပေါ် ဦးထွန်းမြင့် (တောင်ကြီး) ရဲ့ ထက်မြက်ပီပြင်တဲ့ နိုင်ငံရေးအမြင်နဲ့ သဘော ထား တွေကို လေ့လာဖတ်ရှုခွင့်ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ဖြစ်ပါတယ်။

ဒါကြောင့် ဦးထွန်းမြင့်(တောင်ကြီး) ရဲ့ “နိုင်ငံရေးဘဝအတွေ့အကြုံ - ဒုတိယပိုင်း” ကို အမြန်ဆုံးဆက်လက်ထုတ်ဝေပါလို့ လောကသစ်စာပေ၊ ပထမပိုင်းမှာ အမှာစာရေးသားခဲ့ကြတဲ့ ဦးထွန်းမြင့်(တောင်ကြီး) ရဲ့ သား ဦးအောင်သူရိန် နဲ့ သမီး ဒေါ်စံပယ်မြင့်ကြူ တို့ထံ အလေးအနက်တောင်းဆို တိုက်တွန်းပါတယ်။

ကျနော်တို့မှာ “ပင်လုံစာချုပ်နဲ့ပင်လုံစိတ်ဓာတ်”အကြောင်းပြောကြပြီဆိုရင် “ဗိုလ်ချုပ်အောင်ဆန်း” အကြောင်းကိုချည်း အဓိက လိုလိုကြားခဲ့၊ ဖတ်ခဲ့ကြရတာပါ။

တကယ်တော့ “ပင်လုံစာချုပ်နဲ့ ပင်လုံစိတ်ဓာတ်”အကြောင်းပြောရင် ၁၉၄၆ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့မှာ စတင် ဖွဲ့စည်းခဲ့ တဲ့ (ရပလ)ရှမ်းပြည် လွတ်လပ်ရေးအဖွဲ့ချုပ်နဲ့ခေါင်းဆောင်တွေရဲ့အခန်းကဏ္ဍဟာ အဓိကဖြစ်ပါတယ်။ “ပင်လုံစာချုပ်နဲ့ ပင်လုံစိတ်ဓာတ်” အကြောင်းကိုပြောမယ်ဆိုရင် (ရပလ)နဲ့ (ရပလ) ခေါင်းဆောင်တွေရဲ့အကြောင်း မပါဘဲ ဘယ်လိုမှ ပြောလို့ မဖြစ်နိုင် ပါဘူး။ မရနိုင်ပါဘူး။

ချယ်ရီပင်တွေချယ်ရီပွင့်တွေမပါဘဲ၊ ရှမ်းအိုးစည်သံမကြားရဘဲ ရှမ်းရိုးမရဲ့အလှ ကို ဘယ်လိုမှ ခံစားနားလည်နိုင်မှာ မဟုတ်ပါ။

ထို့အတူ (ရပလ)ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ်နဲ့ (ရပလ) ခေါင်းဆောင်တွေ အကြောင်း မပါဝင်ဘဲ “ပင်လုံစာချုပ်နဲ့ပင်လုံ စိတ်ဓာတ်” ကို ကျနော်တို့ ကောင်း မွန်စွာ နားလည်နိုင်မှာ မဟုတ်ပါဘူးလို့ ဆိုပါရစေ။

ရိုသေစွာဖြင့်

မောင်ကျော်မော်
၁၀ ဇန်နဝါရီ ၂၀၁၇

--------