အေးကျော်ကျော် ● တိုင်းပြည်တစ်ခု၏ လျှပ်စစ်ဓာတ်အားပေးရေးစနစ်


အေးကျော်ကျော် ● တိုင်းပြည်တစ်ခု၏ လျှပ်စစ်ဓာတ်အားပေးရေးစနစ်
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၁၇

တိုင်းပြည်တစ်ခု၏ လျှပ်စစ်ဓာတ်အားပေးရေးစနစ်၏ လုပ်ငန်းစဉ်ကို လေ့လာကြည့်ပါက ပုံမှပြထားသည့်အတိုင်း အကြမ်း အားဖြင့်၊ အကျဉ်းအားဖြင့် ရှိပါသည်။ တိုင်းပြည်ရဲ့ Energy Policy စွမ်းအင်မူဝါဒလမ်းစဉ်ကို အယင်ချကြပါတယ်။ လမ်း စဉ်ရှင်းပြီးမှ စီမံချက်တွေကို ကောင်းကောင်းချမှတ်နိုင်တာဖြစ်ပါတယ်။ ဆက်လက်ပြီး ဤ Plan တွေအတိုင်း ဒီဇိုင်းလုပ်၊ ဒီဇိုင်းတွေပြတ်မှ Implementation လို့ခေါ်တယ့် အပိုင်းတွေကို စနစ်တကျ ဆက်လုပ်သွားနိုင်မှာဖြစ်ပါတယ်။ Plan ချ က တည်းက ပါလာရမယ့် O&M လို့ခေါ်တယ့် ကိုင်တွယ်ထိမ်းသိမ်းခြင်းတွေကိုလည်း စနစ်တကျ လုပ်နိုင်မယ်ဖြစ်သလို၊ Data Analysis အရ ရရှိလာတဲ့ အချက်အလက်တွေကို ဆန်းစစ်လေ့လာပြီး မူဝါဒချမှတ်ရမှာ၊ Plan ချရမှာ၊ ဒီဇိုင်းပြုလုပ်ရာမှာ အသုံးပြုသွားရမှာ ဖြစ်ပါတယ်။


ဒါကြောင့် ပထမဦးဆုံးဖြစ်တဲ့ စွမ်းအင်မူဝါဒလမ်းစဉ်ကို လက်တွေ့ကျကျချမှတ်နိုင်ဖို့ အရေးအကြီးဆုံးဖြစ်ပါတယ်။ သူများ နိုင်ငံတွေမှာတော့ နိုင်ငံတော်သမ္မတလို အမြင့်ဆုံးအာဏာပိုင်ပုဂ္ဂိုလ်ကိုယ်တိုင်က ဦးဆောင်ကာ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုက အားလုံးနှင့် အထူးသဖြင့် လျှပ်စစ်/စွမ်းအင်ဝန်ကြီးဌာနနှင့် နီးကပ်စွာ ဆွေးနွေးတိုင်ပင်ပြီး လုပ်ကြတာဖြစ်ပါတယ်။ ထိုင်းမှာ ဆို "အမျိုးသားစွမ်းအင်မူဝါဒကောင်စီ" National Energy Policy Council (NEPC) ကို ဝန်ကြီးချုပ်က ဦးဆောင်ပါတယ်။ သူ့အောက်မှာ သူ့အလုပ်တွေကို လုပ်ဖို့ "အမျိုးသားစွမ်းအင်မူဝါဒရုံး" National Energy Policy Office (NEPO) ကို ဖွဲ့ကြပါ တယ်။ ဤရုံး၏လုပ်ငန်းများကို ထိထိရောက်ရောက်လုပ်ကိုင်နိုင်ရန် ကူညီဖို့ "စွမ်းအင်မူဝါဒကော်မတီ" Energy Policy Committee (EPC) ကိုပါ ထပ်ဖွဲ့ကြပါတယ်။


ဒါတွေအားလုံးဟာ ဥပဒေအရဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။ ဖွဲ့စည်းဖို့ ဥပဒေတွေကို အယင်ရေးဆွဲပြဌာန်းကြရပါတယ်။ အ ချိန်တိုအတွင်း လွယ်လွယ်လေးနဲ့ လုပ်ခဲ့ကြတာမဟုတ်ပါဘူး။ ဒီအတိုင်းပဲ "ပုဂ္ဂလိကဓာတ်အားထုပ်လုပ်သူများ ဥပဒေ" Independent Power Producer Law (IPP Law) ကို အချိန်ယူ ပြဌာန်းပြီးမှ ပုဂ္ဂလိကဓာတ်အားပေးစက်ရုံတွေကို ခွင့်ပြုခဲ့ တာဖြစ်ပါတယ်။ ထို့အတူပဲ စွမ်းအင်လုပ်ငန်းဥပဒေအရ "စွမ်းအင်လုပ်ငန်းထိမ်းသိမ်းသည့်ကော်မရှင်" Energy Regulatory Commission (ERC) ကို ဖွဲ့စည်းပြီး လျှပ်စစ်ဓာတ်အားပေးရေးစနစ်အတွင်း ထုတ်လုပ်ခြင်း၊ သယ်ဆောင် ဖြန့်ဖြူးခြင်းနှင့် ထိုလုပ်ငန်းကို လုပ်ကိုင်နေသူများအတွက် ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို ကြီးကြပ်ရတာဖြစ်ပါတယ်၊ အထူးသဖြင့် ဓာတ်အားခ နှုန်းထားနှင့် စွမ်းအင်ဈေးကွက်ကို စောင့်ကြည့်ထိမ်းသိမ်းရပါတယ်။

ဤလိုမျိုးတွေ စနစ်တကျ လုပ်ကိုင်ခဲ့တဲ့အတွက် တိုင်းပြည်ရဲ့ လျှပ်စစ်လိုအပ်ချက်ထက်သာလွန်အောင် ရှေ့ကနေ ပြေးနိုင် ခဲ့ကြပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ စက်တပ်ဆင်အား 38,838 MW ကနေ အမြင့်ဆုံးဓာတ်အားထုတ်လုပ်မှု 27,345 MW ကို ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။ မြန်မာပြည်က ရတနာနဲ့ ရဲတံခွန်က ဂက်စ်ထွက်အားတွေကျလာနိုင်တဲ့ အခြေအနေကို ကြိုတင် စဉ်းစားကာ LNG တင်သွင်းဖို့ မူဝါဒတွေချမှတ် လေ့လာ ခွင့်ပြုလုပ်ဆောင်ခဲ့တာကြောင့် ၂ဝ၁၁ ခုနှစ်မှာ LNG တွေစတင်သွင်းနိုင်ကြပြီဖြစ်ပါတယ်။ မြန်မာဂက်စ်တွေ ထွက်အားကျလာမယ့် ၂ဝ၁၈ မတိုင်ခင် လက်ဦးခဲ့တာဖြစ်ပါတယ်။ အခုဆိုယင် ဒုတိယ LNG Terminal တည်ဆောက်ဖို့တောင် လုပ်နေပြီဖြစ်သလို၊ တတိယတစ်ခုကို မြန်မာပြည်ဖက်မှာ လာတည်မယ်၊ လက်ရှိရှိတဲ့ ရတနာပိုက်လိုင်းကတဆင့် သူတို့ဆီယူမယ်ဆိုတဲ့ လေ့လာမှုတွေလုပ်ဖို့တောင် ပြောဆိုနေကြတာ တွေ့ရပါ တယ်။



ဒါကြောင့် လျှပ်စစ်နှင့် စွမ်းအင်ဖူလုံဖို့ဆိုတာ ပထမဦးဆုံးအချက်ဖြစ်တဲ့ စွမ်းအင်မူဝါဒကို လက်တွေ့ကျကျ မှန်မှန်ကန်ကန် ချမှတ်နိုင်ဖို့ အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဒီအလုပ်ဆိုတာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနတစ်ခုတည်း လုပ်ရမယ့်အလုပ် မဟုတ်ပါဘူး။ ထိုင်းတွေလုပ်သလို နိုင်ငံတော်ရဲ့အမြင့်ဆုံးသော တာဝန်ရှိသူတွေ ကိုယ်တိုင်ပါဝင်ပြီး ဥပဒေအမျိုးမျိုး ပြဌာန်ြး ပီး လုပ်ကိုင်ရတာဖြစ်ပါတယ်။ အချိန်လည်း ပေးရပါတယ်။

ဒါကြောင့် စောနိုင်သမျှစောစော ခပ်သွက်သွက်လေး လုပ်ကြဖို့ ကျွန်တော်တိုက်တွန်းပါရစေ။

လိုအပ်လျှင် အခိုင်းခံရဖို့လည်း အဆင်သင့်ရှိပါတယ်။ ကိုပေါ် (မင်းကိုနိုင်) ပြောသလို ခုံခင်းပေးဆိုလည်း ခင်းပေးနိုင်ပါတယ်။ လူစုဆိုလည်း စုပေးနိုင်ပါတယ်။ ထမင်းကျွေး၊ ကော်ဖီတိုက်ဦးဆိုလည်း လုပ်နိုင်ပါတယ်။ ဒါပါပဲ။

လေးစားလျက်
အေးကျော်ကျော်