မောင်ရစ် - အဟောင်းတွေက အသစ်တွေကို ပေးရမယ့် ကတိ သို့မဟုတ် သန္နိဌာန်


မောင်ရစ် - အဟောင်းတွေက အသစ်တွေကို ပေးရမယ့် ကတိ သို့မဟုတ် သန္နိဌာန်
(အယ်ဒီတာ့လက်ရေး) ဇန်န၀ါရီ ၁၀၊ ၂၀၁၇


ဒီဇင်ဘာ ၂၉ ၊ ရန်ကုန်မြို့မှာ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတွေက ဆရာဟောင်းတွေကို ကမ္ဘာလုံးဆိုင်ရာ စုဝေး ကန်တော့ခဲ့ကြသည်။ အလွန်ကြီးကျယ်ခန်းနားသော ဆရာပူဇော်ပွဲနှင့် ကျောင်းသားမိတ်ဆုံပွဲဖြစ်သည်ဟု မှတ်ချက်ပေးကြသံကို ကြားရပါသည်။ ဂုဏ်ယူဖွယ်ကောင်းသော ဆရာကန်တော့ပွဲနှင့် မိတ်ဆုံပွဲကြီး ဖြစ်သည်ကတော့ ငြင်းလို့ မရနိုင်ပါ။

အာရ်အိုင်တီကျောင်းကြီးကို သူပုန်ကျောင်းဟု သမုတ်ကြသည်။ ဂုဏ်ယူပြီး ထုတ်ဖော်ပြောဆိုကြသည်လည်း ကြားရပါသည်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး၏ မြစ်ဖျားခံရာ ကိုဖုန်းမော်ကျဆုံးခဲ့ရသည့် တပါတီအာဏာရှင်အစိုးရ၏ လက်နက်ဖြင့် အကြမ်းဖက်မှုမှသည် မြန်မာတ၀ှမ်းလုံးရှိ ကျောင်းတွေ အားလုံး သူပုန်ကျောင်းတွေ ဖြစ်ခဲ့ရပါသည်။ သူပုန်ကျောင်းတွေ ဖြစ်သည့်အားလျော်စွာ တပါတီစစ်အာဏာရှင်တွေက အကြမ်းဖက် ဖြိုခွဲ နှိမ်နှင်းခဲ့ကြပါသည်။ ထိုနောက် ပြည်သူလူထုတရပ်လုံးက အုံကြွ ပုန်ကန်ကြသဖြင့် တပါတီအာဏာရှင်တို့ ကျဆုံးခဲ့ရသည်။ သို့သော် စစ်အာဏာရှင်တို့က မြန်မာပြည်သူတို့ကို ဆက်လက်ပြီး လက်နက်အာဏာဖြင့် ဆက်လက်အုပ်ချုပ်ခဲ့ကြပါသည်။

ထိုကာလသည် ၁၉၈၈ မှ ၂၀၁၅ အထိ ကြာမြင့်ခဲ့သည်ဟု ဆိုကြပါစို့။ အကြောင်းမှာ ၂၀၁၅ နိုဝင်ဘာ အထွေထွေ ရွေးကောက်ပွဲကြီးဖြင့် မြန်မာပြည်သူတို့က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီကို အစိုးရဖွဲ့စည်း ဦးဆောင်နိုင်အောင် တင်မြှောက်ပေးခဲ့ကြ၍ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ NLD ဦးဆောင်သော အစိုးရလက်အောက်မှာ RIT (စက်မှုတက္ကသိုလ်) ကျောင်းသားဟောင်းတွေက ကမ္ဘာလုံးဆိုင်ရာခေါင်းစီးအောက်မှာ သတ္တမအကြိမ်ဆရာပူဇော်ပွဲနဲ့ မိတ်ဆုံပွဲကို ကျင်းပနိုင်ခဲ့ကြပြန်ပါသည်။

ဘာကွာခြားသွားသနည်း။ ယခင်အစိုးရများအောက်မှာလည်း သူပုန်ကျောင်းက ဆိုသူတွေက ဆရာပူဇော်ပွဲတွေ မိတ်ဆုံပွဲတွေ လုပ်ခဲ့ဖူးကြပြီး ဖြစ်ပါသည်။ သည်တခေါက်ကတော့ဖြင့် အယင်တုန်းကလို စိုးရိမ်ပူပန်မှု ကြောင့်ကြမှု စသည့် စစ်အာဏာပိုင်နဲ့ အသိုင်းအ၀ိုင်းများကို ထည့်သွင်း အဖက်လုပ် စဉ်းစား ဆောင်ရွက်ခဲ့ရခြင်းများနှင့် လုပ်ဆောင်ရခြင်း အလျင်းမရှိတော့ဟု ပိုင်ပိုင်နိုင်နိုင်ဆိုနိုင်ပြီဟု ဆိုရမည်ဟု ဆိုကြပါသည်။

သူပုန်ကျောင်းသားများ သူပုန်ဆရာများ ဆိုသူတွေက RIT ကျောင်းဝင်းထဲမှာ လွတ်လပ်ပွင့်လင်း အကြောက်အရွံ့မဲ့စွာ နေရာယူ စီစဉ်ကြ၊ ဆောင်ရွက် ကူညီ ၀ိုင်းဝန်း လုပ်အားပေး နေခဲ့ကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရနဲ့ လွှတ်တော်တို့၏ ပြောင်းလဲချိန်တန်ပြီဆိုသော နှစ်၏ နိဒါန်းအစများစွာထဲက လက္ခဏာများ ပြယုဒ်များ ဖြစ်ပါလိမ့်မည်။ အဆိုပါ လိပ်ပြာများ ယုံကြည်မှုများဖြင့် ၂၀၁၇ နှစ်သစ်ကို ဖွင့်လှစ်ကြတော့မည်ဟု ဆိုနိုင်ပါသည်။

အဟောင်းကနေ အသစ်ကို ကူးပြောင်းကြသည့်အခါတွင် ဆရာဟောင်း ကျောင်းသားဟောင်းများက ကျောင်းသားသစ်များ ဆရာသစ်များကို မည်သို့သော နှစ်သစ်ကူး အသစ်ကူး ကတိ၊ သန္နိဌာန်၊ Resolution မျိုး ပေးကြမည်နည်းဟု တွေးပြီး မျှော်လင့် နားစွင့်နေခဲ့မိပါသည်။

၁၉၈၈ ခုနှစ်မှ စတင်ရေတွက်ပါလျင် အနှစ် ၂၈ နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သော ဒီမိုကရေစီအရေး အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး လှုပ်ရှားမှုကြီး ဖြစ်ပါသည်။ မိဘတွေက သားသမီးတွေကို စွန့်လွှတ်ခဲ့ရသည်။ သားသမီးတွေကလည်း မိဘတွေကို ဆုံးရှုံးခဲ့ရသည်။ ကျောင်းဆရာတွေက မိမိကျောင်းသားတွေကို လက်လွှတ်ခဲ့ကြရသည်။ ကျောင်းသားတွေကလည်း ကျောင်းဆရာတွေကို အကာအကွယ် မပေးနိုင်ခဲ့ကြပါ။ အဆိုပါ လှုပ်ရှားမှုကြီး တိုက်ပွဲကြီး လှိုင်းတပိုးကြီးထဲတွင် အားလုံးသော ဆရာတွေ ကျောင်းသားတွေက အသက်တွေ သွေးတွေ ချွေးတွေ မျက်ရည်တွေနဲ့ ကျော်ဖြတ်ခဲ့ကြပါသည်။

သို့ဖြစ်ပါ၍ သည်တခေါက်မှာ ဆရာဟောင်းတွေ ကျောင်းသားဟောင်းတွေ သူပုန်ဟောင်းလို့ ဆိုချင်သူတွေက မိမိတို့မျိုးဆက်သစ်တွေကို ဘာကတိတွေ ပေးမည်နည်း။ မိမိတို့တုန်းက စစ်အာဏာရှင်မုန်တိုင်းအောက်မှာ ငြိမ်းချမ်းသော စာသင်ကျောင်းကို သူပုန်ကျောင်းအဖြစ် စတေးခဲ့ကြရသလိုမျိုး မျိုးဆက်သစ်တွေကိုလည်း စတေးခိုင်း စွန့်လွှတ်ခိုင်း တိုက်ပွဲဝင်ခိုင်းကြဦးမည်လော။ သို့မဟုတ် မိမိတို့ သားသမီးများ မျိုးဆက်သစ်များ အသစ်အသစ်သော ကျောင်းသားများ ဆရာများကို မိမိတို့၏ ခါးသီးသော သမိုင်းတပတ်ပြန်လည်ရသော ရုန်းကန်တိုက်ပွဲဝင်မှုများကို အမွေအဖြစ် မပေးမူဘဲ မိမိတို့ကသာလျင် မျိုးဆက်သစ်များကိုယ်စား ဆက်ပြီး ရင်ကို ကတုတ်လုပ်ကာ ပြောင်းလဲချိန်ကာလ အပြီးတိုင် ကျော်ဖြတ်နိုင်ဖို့ ဆက်ပြီး ကြိုးပမ်း အားထုတ်သွားကြမည်ဟူ၍၎င်း ထို့အပြင် ကျောင်းတွေအားလုံး ကျောင်းသားတွေအားလုံး သွေးပင်လယ် သွေးမုန်တိုင်းထဲ နောက်တခါ ဖြတ်ပြီး ရုန်းကြဖို့ထက် ငြိမ်းချမ်း သာယာသော စာသင်ကျောင်းများအဖြစ် တပြည်လုံး ဖွင့်လှစ် ထိန်းသိမ်း စောင့်ရှောက်သွားကြပါမည်ဟု အဟောင်းတွေက အသစ်တွေထံသို့ သန္နိဌာန်ပေးကြမည် ၊ ကတိပေးကြလိမ့်မည်ကိုသာ နားစွင့်နေမိပါတော့သည်။

(Photo - Win Tin, RIT 84-93 Group က ယူပါတယ်)