ဆောင်းယွန်းလ ● အဖြစ်များသည် ပျက်ရန် မြန်ဆန်လွန်းလှသည်


ဆောင်းယွန်းလ ● အဖြစ်များသည် ပျက်ရန် မြန်ဆန်လွန်းလှသည်
(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၁၇

အချစ်အတွက်လည်း ပျက်ခဲ့ရတာပဲ
စစ်အတွက်လည်း ပျက်ခဲ့ရတာပဲ
ပြတ်ပြတ်ထင်ထင် မြင်ကွင်းတွေရဲ့အပေါ်မှာ
အမျှကို မျှမျှတတဝေစရာ နေရာမရှိပါ
ပရိတ်ရေတစက်ချင်းလောင်းချစရာ မြေကမ္ဘာမရှိပါ။

ခေတ်ပျက်ကြီးထဲမှာ
လိုတဲ့အချစ်ကို စိတ်ထဲထည့်လွယ်ထားရသလို
မလိုတဲ့စစ်ကို အိတ်ထဲထည့်လွယ်ထားရတာပဲ
ဘယ်လို သာသာယာယာရှိပါ့မလဲ။

ပြန်မယ်ပြောတိုင်း အမောက ထထပြီးဖောက်တယ်
ညနေခင်းတွေက တမိုးလုံး မှုန်လို့မှိုင်းလို့
တနေကုန်အောင်လည်း ထုံလို့ထိုင်းလို့။

အရင်လို ချောင်းဖျား
နားစရာ တံတားလည်း မတွေ့တော့ပါ
အရင်မလိုတဲ့ နွေလယ်နေ့ခင်းထဲ
စိတ်ကိုခင်းပြီး ခြေဆင်းစရာ နေရာတွေလည်းမတွေ့တော့ပါ
ပြတင်းတံခါးကိုတိုးဝင်လာတဲ့ သတင်းတွေကတော့
အဖြစ်အပျက်များထက်ပင် မြန်ဆန်လွန်းလှပါသည်။

နာရီတွင် ရာသီမရှိတော့ပါ
ရာသီတွင်လည်း ဥတုမျှတမှုမရှိတော့ပါ
မုန်တိုင်းကိုကျော်ရင်း ဝင်လာတဲ့ သတင်းတွေကတော့
အဖြစ်အပျက်များထက်ပင် မြန်ဆန်လွန်းလှပါသည်။
ဘုရားမှာ ကြားစရာ နားမရှိတော့ပါ
စကားမှာလည်း အေးရာအေးကြောင်း တရားမရှိတော့ပါ
တယောက်ပြောတဲ့ အမှန်ထက်
အများပြောတဲ့ အမှားက တရားတဲ့ခေတ်ကြီးထဲ
ဘယ်သွားသွား ဘယ်လာလာ ဘာစားစား ဘာလုပ်လုပ်
ဦးနှောက်ကို ဖောက်ထုတ်ထားမှ နေသာထိုင်သာရှိမယ်ဆိုပဲ။

ထိုအဆိုအမိန့်များသည်
မိမိတို့၏ ဦးနှောက်ကို ဆိုးဝါးစွာထိခိုက်စေပါပြီ။

နောက်ဆုံးမှာ
ရာဇဝင်ဟာ သွေးဆုံးတယ်
သွေးဟာ နားထင်ပေါ်ကိုတက်လျှောက်တယ်
ခွေးဟာ ပလ္လင်ပေါ်ကိုတက်အိပ်တယ်။

စိတ် စိတ် စိတ် စိတ်
အဲဒီစိတ်နဲ့ပဲ
လူတချို့
အဟိတ်တိရိစ္ဆာန်တွေဖြစ်သွားကြတယ်။

အဖြစ်အပျက်များသည် မြန်ဆန်လွန်းလှသည်
ထို့ထက်ပိုပြီး ပြောရမည်ဆိုလျှင်
အဖြစ်များသည် ပျက်ရန် မြန်ဆန်လွန်းလှပေသည်။

ဆောင်းယွန်းလ 
(ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၁၇)