နိုင်ငံတကာသာဂိ - အိုဘားမားကို နှုတ်ဆက်ခြင်း



နိုင်ငံတကာသာဂိ - အိုဘားမားကို နှုတ်ဆက်ခြင်း
(မိုးမခ) ဇန်န၀ါရီ ၂၀၊ ၂၀၁၇


လော့စ်အိန်ဂျလိစ် နိုင်ငံတကာလေဆိပ်ကို ဆင်းလိုက်တော့ လှေကားမကြီးရဲ့ မျက်နှာချင်းဆိုင် နံရံမှာ ချိတ်ဆွဲထားတာက လက်ရှိ အမေရိကန်သမ္မတ အိုဘားမားပုံ ဖြစ်ပါတယ်။ လှေကားကနေ ဆင်းလာရင်း သူ့ကို တွေ့လိုက်တော့ စိတ်ထဲဖြစ်မိတာက နောက်သိပ်မကြာခင် သူ့ဓာတ်ပုံ သည်နေရာမှ ရှိတော့မှာ မဟုတ်ဘူးလို့။ ဇန်န၀ါရီ ၂၀ ရက်နေ့မှာ သူ သမ္မတကြီးအဖြစ်ကနေ အနားယူတော့မှာကိုး။ သူ့နေရာမှ နောက်သမ္မတအသစ်ပုံ ချိတ်ဆွဲထားလိုက်ပါလိမ့်မယ်။ ၂၀၀၉ ကနေ ၂၀၁၆ အထိ ၈ နှစ် လုံးလုံး စိန်ခေါ်မှုတွေအများကြီးကို ရင်ဆိုင်ခဲ့ရတဲ့ အသက် ၅၅ နှစ်အရွယ် လူမည်း နိုင်ငံရေးခေါင်းဆောင်ကြီး သမ္မတအဖြစ်ကနေ ဆင်းပေးရတော့မှာပါကလားလို့ တွေးမိပါတယ်။

၂၀၀၈ ခုနှစ် အိုဘားမား သမ္မတလောင်းအဖြစ် စပြီး ယှဉ်ပြိုင်ဖို့ တက်လာကတည်းက မိုးမခမှာ တောက်လျောက် သူ့အကြောင်း စာတွေ ဆောင်းပါးတွေ ရေးသား ဖော်ပြခဲ့ကြဖူးတာကို ပြန်စဉ်းစားမိတယ်။ ရီပတ်ဘလစ်ကန် သမ္မတလောင်းတွေနဲ့အပြင် ဒီမိုကရက်သမ္မတလောင်း ကလင်တန်တို့နဲ့ သူတင် ကိုယ်တင် ယှဉ်ပြိုင်ပြီး အနိုင်ရဖို့ လုပ်ခဲ့ရတဲ့ နေ့ရက်တွေဟာ ခုတော့ အတိတ်မှာ ကျန်ရစ်ခဲ့ပြီ။ သမ္မတကြီး ဖြစ်လာပြန်တော့လည်း ဒီမိုကရက်အမတ်တွေကော ရီပတ်ဘလစ်ကန်အမတ်တွေနဲ့ပါ နေရာတိုင်းမှာ အတိုက်အခံတွေလုပ်ပြီး သူ့ အတွေးအခေါ် သဘောတရားတွေကို အကောင်အထည်ဖော်ဖို့ အပြင်းအထန် ကြိုးစားခဲ့ရတဲ့ ကာလတွေလည်း ပြီးဆုံးသွားခဲ့ပြီ။ သူအမြဲတန်း အားကိုးပြီး ကျောထောက်နောက်ခံယူခဲ့တဲ့ အများစု မဲဆန္ဒရှင်တွေ၊ လူငယ်မျိုးဆက်သစ်တွေဟာလည်း ၈ နှစ် သက်တမ်းအကြာမှာ လူကြီးတွေ လူရွယ်တွေဖြစ်ပြီး အရွယ်တွေ ရောက်ခဲ့ကြပြီပေါ့။ သူ့သမီးတွေဟာ မူလတန်း အလယ်တန်း ကျောင်းသူဘ၀ကနေ အခု သမ္မတသက်တမ်းကုန်ချိန်မှာ အထက်တန်းကျောင်းသူတွေ ကောလိပ်တက်မယ့်သူတွေ အသီးသီး ဖြစ်ကုန်ကြပါပြီ။

အခုတော့ သမ္မတကြီး အိုဘားမားကို ကျနော်တို့ နှုတ်ဆက်ကြရပါပြီ။ သူဟာ အမေရိကန်သမ္မတဟောင်း၊ အမေရိကန်နိုင်ငံသားတဦး၊ နိုင်ငံရေးခေါင်းဆောင်တဦးအဖြစ်နဲ့ သမိုင်းရေစီးထဲမှာ ဆက်လက် ရှင်သန် စီးဆင်းသွားဦးတော့မှာပါ။ သူ ချမှတ်အကောင်အထည်ဖော်ပေးခဲ့တဲ့ နိုင်ငံရဲ့ အပြောင်းအလဲတွေကို ပြည်သူတွေက ဆက်လက်အမွေခံပြီး ရှေ့ဆက်လျောက်ကြရဦးတော့မှာပါ။ ၂၀၀၈ အမေရိကန်စီးပွားပျက်ကပ်ထဲက ဆွဲတင်ပေးခဲ့သူ၊ နိုင်ငံသားတိုင်း (ကျားမ၊ အသားအရောင်၊ အဆင့်အတန်း၊ အစို အခြောက်မရွေး) တန်းတူညီမျှမှုရှိဖို့ နိုးကြားစေခဲ့သူ၊ နိုင်ငံသားတိုင်း ကျန်းမာရေး အာမခံချက်အပြည့်ရဖို့ တွန်းတင်ဆွဲခေါ်ခဲ့သူ၊ Social Justice and Criminal Justice ဆိုတာကို အိမ်သုံးစကားအဖြစ် လူတိုင်း ခေါင်းထဲစွဲအောင် လှုံဆော်ခဲ့သူ၊ ပြီးတော့ နိုင်ငံတကာမှာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို လူသားတိုင်းရဲ့ မွေးရာပါအဖြစ် စိတ်ဓာတ်ခွန်အား ပေးခဲ့သူ …. သည်လိုမျိုး အိုဘားမားက အမွေ ထားရစ်ခဲ့တယ်လို့ ဆိုချင်ပါတယ်။

အိုဘားမားခေတ်ပြီးတော့ နောက်လာမယ့် သမ္မတအသစ်ခေတ်ကတော့ ဘယ်စခန်း ဘယ်လမ်းဆိုက်ကြမယ် မသိကြသေးပါဘူး။ အိုဘားမား တက်လာချိန်မှာ အမေရိကန်တခွင်လုံး ကမ္ဘာတ၀ှမ်းလုံး အားသစ် စိတ်သစ်နဲ့ တက်ကြွ မျှော်လင့်ကြသလို ခေတ်ဆန်းချိန်ရောက်သလိုမျိုး အခုလာမယ့် သမ္မတအသစ်ကြီးကတော့ ယူဆောင်လာတဲ့ ပုံမဟုတ်ပါဘူး။ သည်လို နှိုင်းယှဉ်တွေးလိုက်မိတော့ ကျနော်တို့တတွေမှာ နိုးကြား တက်ကြွ လန်းဆန်း ခွန်အားတက် မျှော်လင့်ချက်မြင့်မားစေတဲ့ နိုင်ငံရေးခေါင်းဆောင်တဦးရဲ့ ခေတ်ကို ကြုံခဲ့ ဖြတ်ခဲ့ ခံစားခွင့်ရခဲ့ကြတာ ကံထူးတာပါလားလို့ တွေးနေမိပါတယ်။ နိုင်ငံတနိုင်ငံမှာ ခေတ်သစ်ကို ခေါင်းဆောင်သစ်တွေက တက်ကြွ လန်းဆန်းမှုတွေနဲ့ ဦးဆောင် ဆွဲခေါ်ခဲ့ကြပါတယ်။ ဖြတ်သန်းခဲ့ရတဲ့ အတိုက်အခိုက် အခက်အခဲဆိုတာကလည်း သူရဲ့ ခေါင်းဆောင်မှုကို မှတ်ကျောက်တင်ခဲ့တာချည်းပါပဲ။ သင်ခန်းစား လေ့လာစရာ သိမှတ်စရာတွေ တိုးပွားရတဲ့ နှစ်တွေ ဥာဏ်အလင်းပွင့်ရတဲ့ နှစ်တွေလို့ ဆိုချင်ပါတယ်။

ကိုယ့်ဘက်က ဘာမှ မမျှော်လင့် အထင်မကြီးထားတဲ့ ခေါင်းဆောင်နဲ့ နိုင်ငံတော်ဆီက နိုင်ငံသားတွေ ဘာမှ မျှော်လင့်မှာ မဟုတ်ပါဘူး။ ကိုယ့်အတွက်ကိုယ်သာ အသက်မွေးဖို့ ကြိုးစားပြီး အများပြည်သူနဲ့အတူ လက်တွဲ ရုန်းကန်လှော်ခတ်ကြမယ်ဆိုတဲ့ နိုင်ငံသားစိတ်ဓာတ်လည်း တိုးပွား ထွန်းကားမှာ မဟုတ်ပါဘူး။ အိုဘားမားခေတ်မှာ လူငယ်တွေ မျိုးဆက်သစ်တွေဟာ နိုင်ငံသားစိတ်ဓာတ်နဲ့ ရုန်းကန်ကြ နိုးကြားခဲ့ကြရပါတယ်။ အခုလည်းပဲ အိုဘားမားက နှုတ်ခွန်းဆက်စကား ပါးခဲ့ပါသေးတယ်။

“အင်တာနက်ပေါ်ကနေ တစိမ်းတွေနဲ့ ရန်ဖြစ်နေတာတွေချည်းနဲ့ အချိန်ကုန်မနေကြပါနဲ့ ” တဲ့။ “တကယ်တမ်း လက်တွေ့နယ်ထဲဆင်းပြီး အဲသည်လူတွေနဲ့ မျက်နှာချင်းဆိုင် စကားပြောကြည့်ကြပါ .... ” တဲ့။ အိုဘာမားက သူ့ နောက်ဆုံးမိန့်ခွန်းမှာ လူငယ် မျိုးဆက်သစ်ကိ မှာကြားသွားတာပါ။ နိုင်ငံရေးကို ကွန်မြူနီတီထဲကနေ ထဲထဲဝင်ဝင် လုပ်ကြဖိ့ တိုက်တွန်းသွားတာပါ။ နောက်ဆုံး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ငွေကြေးတွေ၊ လုပ်ကြံသတင်းတွေ၊ ထိုးနှက်ချက်တွေ၊ သံသယတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေ၊ ကောလဟာလ တဆင့်စကား ပုံကြီးချဲ့ကားမှုတွေနဲ့ နိုင်ငံရေး ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့မှုကြောင့် အနောက်တိုင်း ဒီမိုကရေစီလည်း နာမည်ကောင်း မရ ဖြစ်ခဲ့ရပါတယ်။ အဲသည်ဟာကို စိတ်မပျက်ဖို့နဲ့ ကိယ်ယုံကြည်တာကို တစိုက်မတ်မတ် ရိုးသား ဖြူစင် ဇွဲလုံလနဲ့ ဆင်ခြင်ဥာဏ်နဲ့ ဆက်လုပ်သွားကြဖို့ကို မှာသွားခဲ့ပါတယ်။

အိုဘားမားရဲ့ သမ္မတနောက်ဆုံး နေ့ရက်တွေမှာ သူ ဘာလုပ်နေခဲ့တယ် ထင်ပါသလဲ။ သမ္မတအာဏာနဲ့ လုပ်နိုင်တဲ့ အချက်တခြုဖစ်တဲ့ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း ဖြစ်ပါတယ်။ ယခင်အတိတ်ကာလက ပြစ်မှုနဲ့ ပြစ်ဒဏ် မတန်တဆ ပေးဆပ်နေရတဲ့ အသက်ငယ် အကျဉ်းသားတွေ ၊ သက်ကြီးရွယ်အို အကျဉ်းသားတွေ၊ ထောင်တွင်းမှာ ကောင်းမွန်စွာပေးဆပ်နေသူတွေကို တဦးချင်းစီ ရွေးချယ်ပြီးတော့ အကျဉ်းမှ သက်သာစေခြင်း၊ လွတ်မြောက်စေခြင်းတိ့ကို သမ္မတအမိန့်နဲ့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ထောင်ဂဏန်းကျော် (သောင်းဂဏန်းခန့်အထိ) အကျဉ်းသားတွေကို သေချာစိစစ်ပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးနေဆဲ ဖြစ်ပါသတဲ့။ သည်တော့ အိုဘားမားက သူ မထွက်သွားခင်မှာ အမေရိကန်ကို ဘာပေးတာလဲ။ သူက ခွင့်လွှတ်ခြင်း ကြင်နာခြင်းကို ပေးတယ်လို့ ဆိုရပါမယ်။ ယခင်သမ္မတတွေထက် များစွာ အားစိုက်ကြိုးပမ်းပြီးတော့ လွတ်ငြိမ်းချမ်းသာပေးခြင်း ဖြစ်ပါတယ်။

အိုဘားမားကိ မြင်တိုင်း တွေးမိတာတခုက လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က မြန်မာပြည်မှာလည်း အိုဘားမား သမ္မတဖြစ်ခဲ့တဲ့အရွယ် ၄၅ နှစ် ကျော်ကျော်ရှိတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိခဲ့ဖူးပါတယ်။ အဲသည်တုန်းက တိုင်းပြည်ခေါင်းဆောင် တင်မြှောက်ခံခဲ့ရရင်လည်း ဒေါ်စုတယောက် အသက် ၅၅ လောက်မှာ သက်တမ်း ၂ ကြိမ်မြောက်လောက် ထမ်းဆောင်ပြီး ဖြစ်နေရော့မယ် ပေါ့လေ။ အခုတော့ အိုဘားမား အဆင်း ၅၅ နှစ် အရွယ်မှာ ဒေါ်စုက မြန်မာပြည်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တက်တဲ့အချိန် သူမ အသက် ၇၀ ကျော် ဖြစ်နေပါပြီ။ အမေရိကန်ဟာ အိုဘားမားရဲ့ ခေါင်းဆောင်မှုကို ကြုံကြိုက်ခွင့်ရခဲ့သလိုမျိုး မြန်မာပြည်ဟာလည်း ခုချိန်မှာလည်း ဒေါ်စုရဲ့ ခေါင်းဆောင်မှုကို ကြုံကြိုက်ခွင့် ရနေဆဲ ဖြစ်ပါတယ်။

အိုဘာမား သမ္မတအဖြစ် တက်လာခဲ့တုန်းက ကလေး ၂ ယောက်နဲ့ ဇနီးသည် လက်ဆွဲလို့ ဘာမှ ပါမလာ။ အခု ၈ နှစ်အကြာ သမ္မတအဖြစ်ကနေ ဆင်းသွားတော့လည်း ကလေး ၂ ယောက် နဲ့ ဇနီးသည် လက်ဆွဲလို့ ဘာမှ ပြန်ယူမသွားပါ။ သန့်ရှင်း ရိုးသား ၀န်ထုပ်ဝန်ပိုး ကင်းရှင်းသော နိုင်ငံရေးခေါင်းဆောင်တဦး ဖြစ်ပါတယ်။ ကျနော်တို့ သူ့ကို နှုတ်ဆက်လိုက်ကြပါပြီ။ ပြန်တွေ့ကြပါဦးမယ် ... မစ္စတာ အိုဘားမား ခင်ဗျား။

ကျနော်တို့ မြန်မာပြည်မှာလည်း သန့်ရှင်း ရိုးသား ၀န်ထုပ်ဝန်ပိုးကင်းရှင်းသော နိုင်ငံရေးခေါင်းဆောင်တဦး ရှိနေပါသေးတယ်။ နှုတ်ဆက်လိုက်ပါဦး ... အိုဘားမား ခင်ဗျား။