အောင်သူငြိမ်း - မောင်မောင်စိုးရဲ့ လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ
(မိုးမခ စာအုပ်စင်) ဇန်န၀ါရီ ၇၊ ၂၀၁၇
ကိုမောင်မောင်စိုးရေးထားတဲ့ "လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ" (ရွှေနဒီစာပေ၊ ၂၀၁၆ ဒီ) ကို အားတင်းပြီး ဖတ်ခဲ့တယ်။ သူ့ကို ဆေး-၂ ကျောင်းသားဟောင်းမှန်း မသိခဲ့ဘူး။ ပထမအကြိမ် ၂၁-ပင်လုံ ငြိမ်းချမ်းရေး ညီလာခံမှာဆုံတယ်။ နောက်တခါ ဧရာဝတီဂျာနယ်က လုပ်တဲ့ Talk show တခုမှာ အတူပြောရတယ်။ တိုင်းရင်းသား အရေး (အထူးသဖြင့် မြောက်ပိုင်းဒေသက အဖွဲ့တွေအကြောင်း) ကျွမ်းဝင်သူအဖြစ် သိရပြီး၊ နောက်ပိုင်းမှ ဆေး-၂ ကျောင်းသားဘဝကနေ တောခိုခဲ့သူမှန်း သိရတယ်။ ကျနော်တို့ရဲ့ နောင်တော်ကြီးတွေပေါ့။
အစောပိုင်းတုန်းက ကိုယ့်ကိုယ်ကိုလည်း ထင်တလုံးလေးနဲ့ပါ။ ဆေး-၂ မှာ ရှားရှားပါးပါး တောထဲသွားတာ တို့ပဲရှိ သလောက် ထင်ထားမိခဲ့တယ်။ ၁၉၇၄-၇၅-၇၆ ကျောင်းသားလှုပ်ရှားမှုတွေအကြောင်း ကြားဖူးနားဝ ရှိပေမယ့် ထဲထဲဝင် ဝင် မသိခဲ့ရဘူး။ ဆေး-၂ မှာ အဲသည်အချိန်က ကျောင်းသားအချို့ ဖမ်းခံရတယ်။ အချို့ကျောင်းထုတ်ခံရတယ် သိထားခဲ့ ပေမယ့် ဘယ်သူတွေမှန်းသေချာမသိထားခဲ့ဘူး။ ကျောင်းတုန်းက အတန်းကြီးက ကိုသန်းဝင်း (ထားဝယ်ရှိ ဒေါက်တာ သန်းဝင်း) တို့နဲ့ ဆုံခဲ့ပေမယ့်၊ မေးထူးခေါ်ပြောပါပဲ။ ဒီကိစ္စတွေကို ထဲထဲဝင်ဝင် မပြောဖြစ်ကြပါဘူး။ သိတာကလည်း ကျောင်းမဂ္ဂဇင်းကိစ္စ စိတ်ဝင်စားကြလို့ သိတာပါ။
အမှန်ပြောရရင် အခုစာအုပ်ကို အစောပိုင်းမှာ အားတင်းဖတ်ရတယ်။ စာရေးသူ ဆရာမောင်မောင်စိုးရဲ့ ငယ်စဉ်ဘဝရေး ထားတာတွေက ဟိုသည်ရောက်ပြီး၊ အဆက်အစပ်မဲ့နေသလို၊ နည်းနည်းလေးနေသလို ထင်မိတယ်။ အမှန်ကတော့ သူ့ ဘဝအကြောင်း ငယ်စဉ်ဘဝကို သူခင်းပြတာပါ။ နောက်ပိုင်းမှ ဘယ်လိုအခြေအနေတွေကြောင့် သူ့ကို ကျောင်းသားသူပုန် (သူသုံးထားတဲ့အတိုင်းပါ) ဖြစ်လာအောင်၊ နောက်ပိုင်း တောထဲရောက်သွားအောင် ဘယ်လိုအကြောင်းတွေက တွန်းပို့ခဲ့ တယ်ဆိုတာ ပျိုးထားတာမှန်း သိလိုက်ရတယ်။ ကမောက်ကမ ပညာရေးစနစ်အကြောင်းကို သိရတယ်။ မတရားမှုတွေ ဆိုတာ ကိုယ့်ခေတ်ကျမှ မျက်ဝါးထင်ထင် ကြုံရတာ မဟုတ်မှန်း သိရတယ်။ တရားမျှတမှု၊ လွတ်လပ်မှုအတွက် တိုက်ပွဲဝင် ခဲ့ကြသူတွေ ဒုနဲ့ဒေး ရှိခဲ့တာကို ဖော်ပြနေတယ်။ အမေရိကန်ကျူးကျော်မှုနဲ့ ဗီယက်နမ်စစ်ပွဲ၊ မြန်မာပြည်က ပြည်တွင်းစစ်နဲ့ ဖြတ်လေးဖြတ်… တဲ့ နောက်ခံကားချပ်တွေကိုလည်း တတ်နိုင်သမျှ ရေးချယ် ဖော်ပြထားခဲ့တယ်။ ဆေး-၂ က ကျောင်းသားလှုပ်ရှားမှုတွေအကြောင်း ထဲထဲဝင်ဝင် ဖော်ပြထားတဲ့ စာတအုပ်ပါ။ နောက်ပိုင်းမှာ ၁၉၈၈ ခုနှစ်နောက်ပိုင်း ကိစ္စတွေကိုပါ နည်းနည်း တို့ထိဖော်ပြထားခဲ့တယ်။
သူ့စာအုပ်ဖတ်ရတော့မှ ဆေး-၂ ကျောင်းသားတွေဖက်က ပေးဆပ်ခဲ့ရတာ၊ ဘဝနာခဲ့ကြတဲ့အကြောင်းတွေကို သိရပါ တယ်။ အစောပိုင်းက သိခဲ့ရရင် သိပ်ကောင်းမှာလို့လည်း တွေးမိပါတယ်။ အချို့သောသူတွေကို ဒီထက်ပိုပြီး တန်ဖိုးထား ဆက်ဆံမိခဲ့မှာပါ။ သူ့စာအုပ်ဖတ်ရတဲ့အခါ ကိုယ်ပြင်ပလောကမှာ သိထားတဲ့သူတွေ အများကြီးကို တွေ့လိုက်ရပါတယ်။ စိတ်တိုင်းကျ ကိုအောင်ထိုက်ဆိုတာ သိတယ်။ ဒါပေမယ့် ဆေး-၂ ကျောင်းတော်သား လှုပ်ရှားသူမှန်း မသိခဲ့ရဘူး။ KNU တပ်မဟာ-၄ မှာ ပျောက်ဆုံးသွားတဲ့ (သတ်ခံလိုက်ရတယ် ယူဆရတဲ့) ကိုမြင့်သိန်း (ထားဝယ်) ဟာ ဆေး-၂ ကြေညာချက် ကို ဘွဲ့နှင်းသဘင်မှာ တက်ဖတ်ခဲ့တဲ့ ၁၉၇၄ ကျောင်းသားမှန်း မသိခဲ့ဘူး။ ထောင်ဒဏ် ၈-နှစ် ကျခံခဲ့ရတဲ့ သူရဲကောင်းမှန်း မသိခဲ့ရဘူး။
စာ-၂၆၅ မှာ ထောင်နန်းစံ ဆေး-၂ ကျောင်းသား ၁၇ ဦးကို ဖော်ပြထားတယ်။

၁။ ကိုအေးမြင့် (မြောင်းမြ) Final Part II
၂။ ကိုသိန်းလွင် (အာနီ) (ပဲခူး) Final Part II
၃။ ကိုဝင်းလွင် (ပုလော) Final Part II
၎။ ကိုအောင်နိုင် (မော်လမြိုင်) Final Part I
၅။ ကိုအေးကြည် (မော်လမြိုင်) 3rd MB
၆။ ကိုအောင်ထိုက် (မြို့လှ) 3rd MB
၇။ ကိုအောင်ဇင် (မြောင်းမြ) 3rd MB
၈။ ကိုမြင့်စိုး (ခရမ်း) 3rd MB
၉။ ကိုမြင့်သိန်း (ထားဝယ်) 3rd MB
၁၀။ ကိုဝင်းဇော် (ကြံခင်း) 3rd MB
၁၁။ ကိုသန်းထွဋ် (ဟင်္သာတ) 3rd MB
၁၂။ ကိုတင်လှ (ပုသိမ်) 3rd MB
၁၃။ ကိုသိန်းထွန်း (တောင်ငူ) 3rd MB
၁၄။ ကိုသက်ဝင်းအောင် (အင်းစိန်) 3rd MB
၁၅။ ကိုစိုးအောင် (ဟင်္သာတ) 2nd MB (senior)
၁၆။ ကိုတင်မြင့် (ပေါင်းတည်) 2nd MB (senior)
၁၇။ ကိုထွန်းသိန်း (မော်လမြိုင်) 2nd MB (senior)
စစ်ခုံရုံးမှာ သူတို့ကို ရုံးတင်တော့ အတင်းအဓမ္မ သက်သေထွက်ပေးခဲ့ရတဲ့ ဆရာ-ဆရာမကြီးတွေအကြောင်း၊ သူတို့က ကာကွယ်ခုခံ ထွက်ဆိုပေးခဲ့တဲ့အကြောင်းတွေလည်း ဖတ်ရသေးတယ်။ ဟိုကျောင်းသား-ဒီကျောင်းသားပါတယ်ဆိုပြီး လက်ညှိုးထိုး ထွက်ဆိုခဲ့တဲ့ ဆရာအကြောင်းလည်း ဖတ်ခဲ့ရတယ်။ ကျောင်းသားတွေက ကိုမြင့်သိန်း ထောင် ၈ နှစ်၊ ကျန်ကျောင်းသားတွေ ထောင် ၆-နှစ် ချခံခဲ့ရတယ်။ ပြန်လွတ်လာတော့ ဆေးကျောင်းပြန်တက်ခွင့် မရကြတဲ့သူတို့ အကြောင်း၊ သူတို့ ဆက်ပြီးလှုပ်ရှားရုန်းကန်ကြရပုံ အကြောင်းတွေလည်း တစွန်းတစ ဖတ်ရပါတယ်။ ဆေးဝါးဗေဒ ဌာနမှူးဟောင်း ဆရာမကြီး ဒေါ်ခင်မကြီး၊ သူ့ခင်ပွန်း ခန္ဓာဗေဒဌာနက ဆရာဒေါက်တာခင်မြင့်မောင်တို့ အကြောင်းကို လည်း ပိုလို့နားလည် ခံစားမိတယ်။ သူ့သား ကိုစိုးဝင်းက အလုပ်သမားအရေးအခင်းမှာ သေနတ်ဒဏ်ရာရတယ်။ သူ့ကို စစ်ဆေးရုံကြီးမှာ ချုပ်ထားပြီး ဆေးကုပေးတယ်။ အိမ်ကိုလည်း အသိပေးခြင်း မရှိဘူး။ သူ့အဖေနဲ့အမေက ဆေး-၂ ကို စာသင်ဖို့ လာတာကို အိမ်ကကားကို ဆေးရုံပေါ်က ကြည့်ပြီး မျှော်နေခဲ့ရတဲ့ဘဝ။ တခါ ၈၈ အာဏာသိမ်းပြန်တော့ နောက်ဆုံးနှစ် အပိုင်း (ခ) က သေနတ်ဒဏ်ရာရပြီး၊ ကံကောင်းလို့ သေကံမရောက်ခဲ့တဲ့ ကိုမိုးသူဝင်းကလည်း ဆရာမကြီး ဒေါ်ခင်မကြီးရဲ့ တူပါပဲ။ တလောက ဆေး-၂ ဆရာကန်တော့ပွဲမှာ ဆရာမကြီးက အမှာစကားပြောရင်း ဆရာ့ဝတ္တရား ၅ ပါး မှာ "ဘေးရန်ကာဆီးတော့ မလုပ်ပေးနိုင်ခဲ့ပါဘူးကွယ်" ဆိုပြီး တောင်းပန်ခဲ့သေးတယ်။
ကိုမောင်မောင်စိုး စာအုပ်ထဲက စာသားတွေအတိုင်း အချိန်တွေက မြစ်ရေတွေလို တသွင်သွင်းစီးဆင်းခဲ့။ သူတို့ခေတ်က မပြီးသေးတဲ့ လမ်းကို ကျနော်တို့ဆက်လျှောက်ခဲ့ကြတယ်။ အခုလည်း ဆေး-၂ ကျောင်းသား သမဂ္ဂလူငယ်တွေက ဆက်ပြီး ဖြတ်သန်းနေကြပြန်တယ်။ အမှောင်ညတွေက ရှည်လျားလွန်းလိုက်တာလို့ ကိုမောင်မောင်စိုးက ရေးခဲ့သေး တယ်။
ဒီနေရာမှာ တခု မှားယွင်းဖော်ပြထားတာကို ပြန်ပြင်ချင်ပါတယ်။ ဆေး-၂ ကျောင်းသားသမဂ္ဂ (၁၉၈၈) မှာ ကျနော့်ကို အတွင်းရေးမှူးလို့ ဖော်ပြထားတယ်။ အမှန် ကျနော်က ပြန်ကြားရေးတာဝန်သာ ယူခဲ့ပါတယ်။ ကိုဝင်းနိုင်ဦးက စည်းကမ်း ထိန်းသိမ်းရေးပါ။ ကျနော်အမှတ်ရသလောက် ကိုမင်းလွင်က အတွင်းရေးမှူးပါ။ (စာ-၂၇၇)
သူ့စာအုပ်အဆုံးမှာမှ လွမ်းမောမိတဲ့ "သူမ" အကြောင်းကို နိဂုံးတပိုဒ်အဖြစ် ဖတ်ရပါတယ်။
"ထို့အတူ 'သူမ' အားလည်း သတိရမိသည်။ သူမသည် ထိုခေတ်ကာလ မင်းမင်းလတ်၏ 'ဆံရှည်မလေး' ဖြစ်သည်။ ခါးအထိ ဖြောင့်တန်းစွာချထားသော သူမ၏ ဆံနွယ်စများအား မြင်ယောင်မိသည်။ ပြီးတော့ ချိုမြိန်ဆွတ်ပျံ့ဖွယ် အနမ်းများ ကိုလည်း သတိရမိသည်။ သို့သော် မိမိနှင့် သူမ၏ကြားတွင် အဓိပတိလမ်းမ မရှိ၊ သစ်ပုတ်ပင်မရှိ၊ စိန်ပန်းပြာမရှိ၊ ကန့်ကော်ပင်တန်း မရှိ၊ ဦးချစ်ဆိုင် မရှိ၊ ပုဂံလမ်း မရှိ၊ အင်းယားကန်ပေါင် မရှိခဲ့ပါချေ။ သို့သော် သူမနှင့် မိမိကြားတွင် အချစ်ရှိခဲ့ပါသည်။ လွမ်းမောဖွယ် အမှတ်တရများ ရှိခဲ့ပါသည်။ အချစ်သည် တခါတရံတွင် ဘဝဖြစ်၍ တခါတရံတွင် အိပ်မက်ဖြစ်ကာ တခါတရံတွင်တော့ တထောင်တညပုံပြင်တပုဒ် ဖြစ်တတ်သည်ဟုသာ ဆိုရပါတော့မည်"
ရုရှားစာရေးဆရာ အန်တွန်ချက်ကော့ဖ်က ပြောဖူးပါတယ်။ ဝတ္ထုတပုဒ်မှာ သေနတ်တလက်ကို အစပိုင်းမှာ ဖော်ပြထားတယ်ဆိုရင်၊ ဒီသေနတ်ဟာ တနေရာရာမှာ ပစ်ကိုပစ်ရမယ်လို့ ရေးထားတာ ဖတ်ခဲ့ဖူးပါတယ်။ ကိုမောင်မောင်စိုးကတော့ မပစ်ဖြစ်ခဲ့ တဲ့ သေနတ်တလက်ကို စာအုပ်အဆုံးမှသာ ဖော်ပြထားခဲ့ပါတယ်။ ကျနော့်ကိုယ်ရေး ဒီလိုစာအုပ်ရေးဖြစ်ခဲ့ရင်လည်း မပစ်ဖြစ်ခဲ့တဲ့ သေနတ်တလက်အကြောင်းကို ဘယ်နေရာမှာထားပြီး ဖော်ပြရပါလိမ့်……။