မောင်မောင်စိုး ● ပြည်တွင်းစစ်နှင့် အပြုတ်တိုက်ရေး - အပိုင်း (၁)

မောင်မောင်စိုး ● ပြည်တွင်းစစ်နှင့် အပြုတ်တိုက်ရေး - အပိုင်း (၁)
(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၁၇

လက်ရှိကာလတွင် ရှည်ကြာပြင်းထန်၍ အဆုံးမသတ်နိုင်သေးသော ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးဟုဆိုနိုင်သည့် အနှစ် ၇၀ နီးပါးကြာမြင့်ပြီဖြစ်သော မြန်မာပြည် ပြည်တွင်းစစ်နှင့်ပတ်သက်၍ ငြိမ်းချမ်းရေးကို ပြည်သူများက ပြင်းပြစွာ တောင့်တ နေသည့်နည်းတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား အပြုတ်တိုက်ရန် အမြစ်ပြတ်ချေမှုန်းရန်ဆိုသည့် အယူအဆ သဘောထားကို ကိုင်ဆောင်ထားသူများကိုလည်း တွေ့ရသည်။ ဤသို့သောအမြင်အယူအဆတို့ မည်သည့်အခြေခံပေါ်မှ ပေါ်လာသည်ကို စူးစမ်းသုံးသပ်ကြည့်လိုပါသည်။

● နိုင်ငံရေးအခြေခံ
နိုင်ငံရေးအရ မိမိတို့နိုင်ငံသည် အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးရပြီးနောက် အိန္ဒိယနိုင်ငံကဲ့သို့ ပါလီမန်ဒီမိုကရေစီအားကောင်းသည့်နိုင်ငံတခုဖြစ်မလာခဲ့ပေ။ တပါတီ၊ တဖွဲ့၊ အုပ်စုတစုတိုင်းက မိမိ၏နိုင်ငံရေးအမြင်အယူအဆအတွက် လက်နက်ကိုင်သည့်နည်းဖြေရှင်းသည့်နည်းကို ကျင့်သုံးကြခြင်းသည် မိမိတို့တိုင်းပြည်တွင် အရိုးစွဲနေသည့် နည်းလမ်းဖြစ် သည်။

၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းပြီးနောက်ပိုင်းတွင် မိမိ၏နိုငံရေးသဘောထားကို လက်နက်ကိုင်သည့်နည်းဖြင့် ဖြေ ရှင်းသည့်နည်းလမ်းက မြန်မာပြည်တွင် ပို၍လွှမ်းမိုးလာသည်။ မြန်မာ့နိုင်ငံရေးတွင် ဆွေးနွေးငြင်းခုံအဖြေရှာသည့် ယာဉ်ကျေး မှု မထွန်းကားချေ။ အနည်းစုက အများစုကို နာခံသည်၊ ဒီမိုကရေစီအလေ့အထ မှေးမှိန်နေခဲ့သည်။ မိမိနှင့် နိုင်ငံရေးအယူ အဆမတူသည့်ဘက်ကို ပုဒ်မအမျိုးမျိုးတပ်ပြီး နိုင်ငံရေးထိုးနှက်တိုက်ခိုက်ကြသကဲ့သို့ စစ်ရေးအရလည်း တိုက်ခိုက်ခဲ့ကြ သည်။

အကြောင်းအချက်တခုမှာ မြန်မာပြည်ရှိ တိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှု လွန်စွာနောက်ကျသည့်အပြင် တိုင်း ရင်းသားတို့၏ တန်းတူရေး ကိုယ်ပိုင်အုပ်ချုပ်ရေး ကိုယ်ပိုင်ပြဌာန်းခွင့် စသည့် ဖက်ဒရယ်အခွင့်အရေးများ ယခုတိုက်မရှိနိုင် ခြင်းသည် တိုင်းရင်းဒေသဒေသများတွင် စစ်မက်ဖြစ်ပွားနေခြင်း၏ အကြောင်းရင်းတခုဖြစ်သည်ဟု ဆိုရမည်။ တိုင်းရင်းသား တို့၏အမြင်တွင် တိုင်းရင်းသားဒေသများတွင် စစ်မက်ဖြစ်ပွားနေခြင်းသည် "ဗမာလူမျိုးကြီးဝါဒ" ကျင့်သုံးခြင်းသည်လည်း အ ကြောင်းတချက်ဟု ယူဆကြသည်။

ဤသို့မိမိ၏နိုင်ငံရေးအမြင်ကို စစ်အင်အားအသုံးပြုခြင်းကို အားသန်ခဲကြပေရာ ၂၀၁၂ စသည့် ငြိမ်းချမ်းဆွေးနွေးပွဲများ တွင်လည်း မိမိတို့ရပ်ခံတင်ပြသည့် အမြင်အယူအဆအတွက် လိုအပ်သလို အကန့်အသတ်ဖြင့် စစ်အင်အားသုံးစွဲခြင်းသည် ဆက်လက်တည်ရှိနေပေရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲယှဉ်တွဲ၍ စစ်ပွဲများ ဖြစ်ပွားနေသည်ဟု ဆိုရပါမည်။

● အနှစ် ၇၀ ပြည်တွင်းစစ်အတွေ့အကြုံ
အနှစ် ၇၀ ပြည်တွင်းစစ်အတွေ့အကြုံအရ တိုင်းရင်းသားလက်နက်အဖွဲ့များ အပြုတ်တိုက်နိုင်ခဲ့ခြင်းမရှိသည်ကတော့ ထင် ရှားပေသည်။ ရှည်ကြာသောပြည်တွင်းစစ်အတွင်း အချို့အဖွဲ့များကို အပြတ်ရှင်းနိုင်ခဲ့သည်ဟု ပြောဆိုနိုင်သော် အဖွဲ့သစ် များပေါ်လာပြီး ချုပ်ငြိမ်းပျောက်ကွယ်သွားခြင်းမရှိပေ။ လက်ရှိ ကချင်ပြည်နယ်၊ ရှမ်းပြည်၊ ကယားပြည်နယ် ကရင်ပြည်နယ် မွန်ပြည်နယ် ချင်းပြည်နယ် ရခိုင်ပြည်နယ်တိုင်းလိုလိုတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များရှိနေပြီး စုစုပေါင်း တိုင်း ရင်းသားလက်နက်ကိုင်အင်အား တစ်သိန်းခန့်ရှိနေခြင်းက လက်တွေ့ငြင်းမရသည့်အခြေအနေဖြစ်သည်။

သို့သော် အနှစ် ၇၀ အတွင်း အချို့သော လက်နက်ကိုင်အဖွဲ့များကို အပြုတ်တိုက်နိုင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ အထူး သဖြင့် ပြည်မမြေပြန့်ဒေသရှိ လက်နက်ကိုင်အဖွဲ့များကို အပြု တ်တိုက်နိုင်ခဲ့ကြသည်ကတော့ ငြင်းပယ်မရချေ။ ထိုအချင်း အရာသည် ပြည်မဒေသများတွင် လမ်းပမ်းဆက်သွယ်ရေးသွားလာရန်လွယ်ကူခြင်း ဝိုင်းပတ်ပိတ်ဆို့ရန် လွယ်ကူခြင်းသည် အကြောင်းချက်တခုဖြစ်သည်ကို ထည့်သွင်းစဉ်းစားရန်လိုသည်။ သို့သော် တောတောင်ထူထပ်၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ ဝိုင်းပတ်ပိတ်ဆို့ရန်မလွယ်သည့် တိုင်းရင်းသားဒေသများတွင် အပြုတ်တိုက်နိုင်ခြင်းမရှိခြင်းသည် ထိုဒေသ၏ ထူးခြားသည်မြေအနေအထားကို ထည့်သွင်းစဉ်းစားကြရန်လိုသည်။

ထို့ပြင် စစ်ပွဲတပွဲအောင်မြင်ဖို့ဆိုလျှင် လူထုထောက်ခံမှု ရရှိရန်လိုအပ်သည်။ လူထုကိုယ်တိုင်က ပါဝင်ပူးပေါင်းမှသာ စစ်ပွဲကို အဆုံးသတ်နိုင်ပေမည်။ လက်ရှိကာလတွင် တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်ရာ၌တပ်မတော်အနေနှင့် မိမိယုံကြည်ရ သော ဒေသခံပြည်သူစစ်အဖွဲ့များကို မွေးထားနိုင်သော်လည်း ဒေသခံလူထု၏ ထောက်ခံမှု ပါဝင်ပူးပေါင်းမှု ရရှိရန်ခက်ခဲနေပြီး တိုင်းရင်းသားတပ်ဖွဲ့များ၏ အခိုင်အမာစခန်းမဟုတ်ဘဲ လှုပ်ရှားတပ်ဖွဲ့များဆိုပါက သတင်းရရှိရန် ခက်ခဲနေသည်။ ထိုအ ကြောင်းအချက်သည် အပြုတ်မတိုက်နိုင်သည့် အကြောင်းရင်းတရပ်ဖြစ်ပေသည်။

● သာလွန်သည့် လက်နက်အင်အား
ဤသို့ အနှစ် ၇၀ အပြုတ်မတိုက်နိုင်ခဲ့သော်လည်း ယနေ့အချိန်တွင်အပြုတ်နိုင်သည်ဟု ယူဆကြသည့် အကြောင်းတချက် မှာ သာလွန်သည့် လက်နက်အင်အားဖြစ်သည်။ ၁၉၈၉ မတိုင်မှီကာလနှင့် နှိုင်းစာလျှင် ယနေ့ကာလတွင် တပ်မတော်၏ လက်နက်စွမ်းအင်မြင့်မားလာသည်ကတော့ အမှန်ပင်ဖြစ်သည်။

သာလွန်လာသည့်အချက်တခုမှာ မြေပြင် အကူပစ်လက်နက်ကြီးတပ်ဖွဲ့များဖြစ်သည်။ ၁၉၈၉ မတိုင်မှီက တပ်မတော်က အ များဆုံးသုံးစွဲနိုင်သည့် ခြေလျင်အကူပစ်လက်နက်ကြီးများမှာ ၃ လက္မ ၈၁ မမ၊ မော်တာ ၇၅ မမနောက်ပွင့် အမြောက်တို့ဖြစ်ပြီး ၁၂၀ မမ၊ ၁၀၅ မမ လက်နက်ကြီးများ တလုံးချင်းပစ် ဒုံးကျည်များကို အကန့်အသတ်နှင့်သာ သုံးစွဲနိုင်ခဲ့သည်ကို တွေ့ရ သည်။ အမြောက်ဆံများကို ပြည်ပမှဝယ်ယူတင်သွင်းရသည်ဟု ဆိုကြသည်။ အမြောက်တပ်ဖွဲ့စည်းပုံအရလည်း တပ်ရင်း အဆင့်သာ ဖွဲ့စည်းနိုင်ခဲ့သည်။

သို့သော် ယခုအချိန်တွင် အကူပစ်လက်နက်ကြီးအဖြစ် ၁၂၀ မမနှင့်၁၀၅ မမ များကို ဖေါဖါသီသီ ပစ်ခတ်သုံးစွဲလာနိုင်သည်။ ပြည်တွင်းရှိ ကပစ စက်ရုံများမှ ထုတ်လုပ်နိုင်စွမ်းရှိပြီဟုဆိုသည်။ ထို့ပြင် မြေပြင်မှ မြေပြင်ပစ်အတွဲလိုက်ပစ်ခတ်၍ရသောဒုံးစင်များ ၁၂၂မမ ၁၅၅ မမ များလည်း ပိုင်ဆိုင်လာပြီဟု သတင်းများတွင် တွေ့ရှိရသည်။ သို့သော် လက်ရှိ ပြည်တွင်းစစ်တွင်သုံးစွဲခြင်းတော့မတွေ့ရသေးပေ။ အမြောက်တပ်ဖွဲ့စည်းပုံမှာလည်း အနဲဆုံး တပ်မ ၁၀ ခန့်အထိ ဖွဲ့စည်းထားရှိနိုင်ခဲ့ပြီဟု ဆိုပါသည်။

ဒုတိယသာလွန်လာသည့်အချက်တခုမှာ သံချပ်ကာ တင့်ကားတပ်ဖွဲ့ဖြစ်သည်။ ယခင်က ပွိုင့် ၅ တပ်ဆင်ထားသည့် သံချပ် ကာကားငယ်များသာရှိခဲ့ရာမှာ ယခုအခါ စစ်သည်တင် သံချပ်ကာယာဉ်များရော တင့်ကားများပါသုံးစွဲလာနိုင်ခြင်းဖြစ်သည်။ ယခုအခါ တပ်မတော်၌ သံချပ်ကာ တင့်ကားတပ်မ ၅ ခုခန့် အနည်းဆုံးရှိမည်ဟုဆိုကြပေရာ ယခင်ကထက်များစွာ သာလွန် လာသည့်အချက်တခုဖြစ်သည်။ လမ်းသာသည့်မြို့ရွာများတွင် စစ်ဆင်ရေးပြုလုပ်ရာတွင်အားသာသော်လည်း တောင်တန်း ထူထပ်သောနေရာများနှင့် ပြောက်ကျားစစ်ပွဲတွင် သိပ်အသုံးမဝင်တတ်ချေ။

တတိယ သာလွန်လာသည့်အချက်တခုမှ လေကြောင်းပစ်ကူဖြစ်သည်။ ၁၉၈၉ မတိုင်မှီက တပ်မတော်လေမှ အသုံးပြုနိုင် သည့် တိုက်လေယာဉ်များမှာ PC 6/PC 7/ T 33 အမျိုးအစားများသာဖြစ်သည်။ PC 6 /PC 7 တို့မှာ အမောင်းသင်လေယာဉ်များကို တိုက်လေယာဉ်အဖြစ် အသုံးပြုခြင်းဖြစ်ပေရာ လွန်စွာ ဆင့်နိမ့်သည်ဟု ဆိုနိုင်သည်။ ထို့ပြင် ထိုလေယာဉ်တို့အား ပွိုင့် ၅ စက်သေနတ်ကြီးနှင့်ပင် ပစ်ချ၍ရပေရာ လုံခြုံမှုလည်းနည်းသည်ဟု ဆိုရမည်။

ယခုကာလတွင် ထိုလေယာဉ်များနေရာတွင် ယူဂိုဆလပ်နိုင်ငံလုပ် Soko.G.4 Super .Galeb လေယာဉ်များ F 7 နှင့် A 5 များ ဖြည့်တင်းနိုင်ခဲ့ပြီဖြစ်သည့်ပြင် စတုတ္ထမျိုးဆက်ဟုဆိုသည့် MIG 29 တိုက်လေယာဉ်များပါဝယ်ယူဖြည့်တင်းထားနိုင် ခဲ့ပြီဖြစ်သည်။ ထို့ပြင် MI 35 ကဲ့သို့ တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ဝယ်ယူဖြည့်တင်းနိုင်ခဲ့ပြီး စစ်ပွဲတွင် ကောင်းစွာ အသုံးချနိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါ အဆင့်မြင့်လေယာဉ်များအား ပွိုင့် ၅ စက်သေနတ်ကြီးနှင့်ပစ်ချရန် မဖြစ်နိုင်ပေရာ လေ ကြောင်းတိုက်ခိုက်မှုများကို စိတ်တိုင်းကျ ပြုလုပ်နိုင်စွမ်းရှိပေသည်။ လက်ရှိအချိန်တွင် လေကြောင်းကာကွယ်ရေးအတွက် HN 5 နှင့် FN 6 ပုခုံးထမ်း ဒုံးပစ်လောင်ချာများရှိသည်ဟု သတင်းထွက်နေသည့် UWSA မှအပ ကျန်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအား စိတ်ကြို က်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နိုင်စွမ်းရှိသည်ဟု ဆိုရမည်။ ပုခုံးထမ်း ဒုံးပစ်လောင်ချာ များ ရှိသည်ဆိုပါကလည်း သူတင် ကိုယ်တင် ရင်ဆိုင်နိုင်စွမ်းရှိသည်ဟုဆိုရပါမည်။

စတုတ္ထသာလွန်သည့်အချက်မှာ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်များ K 8 / Y 8 စသည့် သယ်ယူပို့ဆောင်ရေးလေယာဉ် များ အသုံးပြုနိုင်ခြင်းဖြစ်သည်။ ဤသို့ လေကြောင်းသယ်ယူပို့ဆောင်မှုပြုလုပ်နိုင်ခြင်းသည် တပ်အပြောင်းအရွှေ့နှင့် စစ်ချီ စစ်တက်တွင် အားသာချက်များစွာဖြစ်ခဲ့သည်။ ယခင်ကားလမ်းဖြင့်သာ တပ်အပြောင်းအရွှေ့ပြုနိုင်ရာ အချိန်ကြန့်ကြာသည့် အပြင်လမ်း၌ ဖြတ်၍ အတိုက်ခံရသည့်အန္တရာယ်ရှိသည်။ ထို့ပြင် စစ်ကူ အချိန်မီမရောက်နိုင်သည့် အခက်အခဲရှိပေသည်။ တပ်မတော်၏ လေကြောင်းချီ စစ်ဆင်ရေးများကို ၂၀၁၅ နှစ်ဆန်း ကိုးကန့်ဒေသစစ်ပွဲတွင်လည်းကောင်း၊ ၂၀၁၆ နှစ်ကုန်ပိုင်း မြောက်ပိုင်းစစ်ပွဲတွင်လည်းကောင်း တွေ့ခဲ့ရသည်။ လေကြောင်းချီမှု တပ်အပြောင်းအရွှေ့ မြန်ဆန်ပြီး လမ်းဖြတ်တိုက်ခိုက်မှု အန္တရယ်မှ ရှောင်ရှားနိုင်ခဲ့ပေသည်။

တပ်မတော်အနေနှင့် ၁၉၈၉ မတိုင်မီထက်စာလျင် လေကြောင်းရန်ကာကွယ်ရေးတပ်မများ လေကြောင်းရန်ကာကွယ်ရေး စနစ်များ တည်ဆောက်ထားနိုင်ခဲ့ပြီဖြစ်သကဲ့သို့ တပ်မတော်ရေအားလည်း ခေတ်မှီစစ်သင်္ဘောများ လက်နက်များဖြင့် ဖြည်း တင်းထားနိုင်ခဲ့ပြီဖြစ်သည်။ သို့သော် အဆိုပါ သာလွန်ချက်များကို တိုင်းရင်းသားလက်နက်ကိုင်များနှင့်တိုက်ခိုက်ရာတွင် ထည့်သွင်း အသုံးပြုနိုင်ခြင်းမရှိပေ။ ပြည်ပရန်အတွက်သာ သုံးရပေလိမ့်မည်။

● လက်နက်စွမ်းရည်သာလွန်မှုသည် အဖြေလော
လက်နက်စွမ်းရည်သာလွန်မှု သည် တိုက်ပွဲတပွဲချင်းအတွက် အားဖြစ်သည်မှာ ငြင်းပယ်စရာအကြောင်းမရှိပေ။ အထက်ပါ သာလွန်ချက်ချက်များနှင့် သုံးသပ်လျင် စစ်သည်/လက်နက်ခဲယမ်းတို့ကို လေကြောင်းချီ ရွှေ့ပြောင်းနိုင်ခြင်းသည် စစ်ဆင် ရေးအတွက် များစွာအထောက်အကူပြုသည့် အားသာချက်ဖြစ်သည်။ ရာသီဥတု အလွန်ဆိုးဝါးနေသည့်အချိန်မျိုးမှ အပသုံး စွဲ၍ ရနိုင်စွမ်းရှိသည်။

သံချပ်ကာနှင့်တင့်ကားတပ်ဖွဲ့များ၏ အားသာချက်ကိုသုံးစွဲရန် မြေအနေအထား အကန့်အသတ်ရှိပေသည်။ လေကြောင်း နှင့် လက်နက်ကြီးပစ်ကူကမူ စခန်းများ မြို့ရွာများ သိမ်းပိုက်သည့်အခါတွင်လည်းကောင်း၊ တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ ပစ်ကူပေးရာတွင် ၎င်းအားသာချက်ကိုအသုံးပြုနိုင်သည်။ ထိုအားသာချက် ၂ ခုကို အသုံးပြုရန် အကန့်အသတ် ၂ ခုရှိသည်။ တခုက ရာသီဥတုအကန့်အသတ်ဖြစ်သည်။ ဒုတိယတခုကတော့ နေရာအတည်တကျမနေဘဲ ရွှေ့ပြောင်းပုန်းကွယ်နေသော အဖွဲ့များကို တိုက်ခိုက်ရာတွင်လည်း အကန့်အသတ်ရှိပေသည်ကို သတိမူရန်လိုပါသည်။

မည်သို့ဖြစ်စေ သာလွန်မှုရှိသောအချက်အလက်များကိုတော့ အသိအမှတ်ပြုရပေမည်။ သို့သော်လည်း ကမ္ဘာပေါ်တွင် ခေတ်မီစစ်လက်နက်စွမ်းအားအတောင့်အတင်းဆုံး အကြီးအမားဆုံးဟုဆိုသော အမေရိကန်စစ်တပ်၏ အနီးခေတ်စစ်ပွဲများဖြစ် သော အာဖဂန်စစ်ပွဲ အီရတ်စစ်ပွဲများတွင် သာလွန်သည့်စစ်လက်နက်များ၏အစွမ်းသည် အဓိကမြို့ကြီးပြကြီးများ ဆက် သွယ်ရေးလမ်းကြောင်းများကို သိမ်းပိုက်နိုင်စွမ်း ထိမ်းချုပ်နိုင်စွမ်းရှိသော်လည်း တောင်တောင်ထူထပ်သော သို့မဟုတ် နယ်စွန်နယ်ဖျားများအခြေပြုသောသူပုန်များအား အပြုတ်တိုက်နိုင်စွမ်းမရှိပေ။ သာလွန်သည့်လက်နက်စွမ်းအင်သည် စစ်ပွဲ၌ အ သာစီးရသည့်အခြေအနေတရပ်ကို ဖန်တီးပေးနိုင်သော်လည်း နိုင်ငံရေးအယူအဆမတူသည့်သူပုန်များကို အပြုတ်တိုက်နိုင် လောက်အောင်ထိတော့ မစွမ်းခဲ့ပေ။ သာလွန်လက်နက်စွမ်းအင်သည် ပြည်တွင်းစစ်တွင်များတွင် အကန့်အသတ်ရှိသည်ကို ဖေါ်ပြပါသည်။

ထို့ပြင် ဖွံ့ဖြိုးမှုနိမ့်ကျသော လမ်းပန်းဆက်သွယ်ရေးခက်ခဲသော မတ်စောက်မြင့်မားသေည့် တောတောင်များ လျှိုမြောင်များ သည် လက်နက်ကိုင်ပုန်ကန်သူများအတွက် ပြောက်ကျားစစ်ဆင်ရန် ၎င်းတို့တပ်ဖွဲ့များ ရှင်သန်ရန်အတွက် အကောင်းဆုံး ရေမြေအနေအထားဖြစ်၍နေသည်။ ထို့ပြင် ဒေသခံတို့၏ထောက်ခံမှု ဒေသခံတို့အား စည်းရုံးသိမ်းသွင်းမှုများနှင့် နိုင်ငံတကာ ရှိ ၎င်းတို့အားထောက်ခံသူများ၏ ထောက်ခံပံ့ပိုးမှုများသည် အဆိုပါလက်နက်ကိုင်တပ်ဖွဲ့များ ရှင်သန်နိုင်ရေးအတွက် အ ကြောင်းရင်းများဖြစ်နေသည်။

ထို့ကြောင့်လည်း အမေရိကန်တို့အနေနှင့် စစ်အင်အား အလုံးအရင်းနှင့် ကမ္ဘာအကောင်းဆုံး စစ်လက်နက်စွမ်းရည်များကို သုံးစွဲခဲ့သော်လည်း သူပုန်များကို အမြစ်ပြတ်ချေမှုန်နိုင်ခြင်းမရှိဘဲ စစ်ပွဲကား ယနေ့တိုင် ရှည်ကြာနေဆဲဖြစ်သည်။ အလား တူပင် မြန်မာပြည်၌လည်း တစုံတရာသာလွန်သည့် စစ်လက်နက်စွမ်းရည်သည် စစ်ပွဲအတွင်း တစုံတရာ အကျိုးသက်ရောက် မှုရှိမည်ဖြစ်သော်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို အပြုတ်တိုက်နိုင်သည့် ပင်မအကြောင်းအချက် ဖြစ်လာ နိုင်ဘွယ်မရှိဟု သုံးသပ်ရပါသည်။

ဆက်လက်ဖေါ်ပြပါမည်
မောင်မောင်စိုး (Mg Mg Soe)

ဇန်နဝါရီ ၁၅၊ ၂၀၁၇ ရက်နေ့က ဧရာဝတီမြန်မာပိုင်းတွင် ဖော်ပြပြီးဖြစ်သည်။