အမျိုးသမီးပန်းချီဆရာမတွေရဲ့ Colorful Flowers ပန်းချီပြပွဲ မန္တလေးမှာ ကျင်းပမည်



အမျိုးသမီးပန်းချီဆရာမတွေရဲ့ Colorful Flowers ပန်းချီပြပွဲ မန္တလေးမှာ ကျင်းပမည်
(မိုးမခ) ဇန်န၀ါရီ ၁၆၊ ၂၀၁၇

၂၀၁၇ နှစ်ဆန်းမှာ မိုးမခမိတ်ဆွေပန်းချီချစ်သူများကို မိတ်ဆက်ပေးချင်တဲ့ ပန်းချီပြပွဲတစ်ခုကတော့ မန္တလေးမြို့  မန္တလေးတောင်ပန်းချီပြခန်းမှာ ကျင်းပမယ့် အမျိုးသမီး ပန်းချီဆရာမများရဲ့  “COLOURFUL FLOWERS ” ဆိုတဲ့ပန်းချီပြပွဲပါ။

ဒီပန်းချီပြပွဲဟာ မြန်မာနိုင်ငံတ၀န်းက အမျိုးသမီးပန်းချီဆရာမများရဲ့  လက်ရာစုံပန်းချီကားများကို စုစည်းပြသတာဖြစ်ပြီး အခုပန်းချီပြပွဲဟာတော့ တတိယအကြိမ်မြောက် ပြပွဲဖြစ်ပါတယ်။ အမျိုးသမီးပန်းချီပြပွဲကို ဦးဆောင်တာဝန်ယူ ဆောင်ရွက်နေတဲ့ မန္တလေးမြို့ က ပန်းချီဆရာမ ယုယုလှိုင်က ခုလို ပြောပြပါတယ်။

“ကျနော်တို့ရဲ့ ပထမအကြိမ် မန္တလေးအမျိုးသမီး ပန်းချီ ပြပွဲကို ဒေါ်ခင်နန်းဆန်မှ ဦးဆောင်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ ပန်းချီလောကမှာ ကျင်လည်ခဲ့ကြပြီး အိမ်ထောင့်တာဝန်တွေနဲ့ မအားလပ်ကြတော့လို့ ပန်းချီမရေးဖြစ်တဲ့ ပန်းချီဆရာမတွေကို ပန်းချီပြန်ရေးဆွဲစေချင်တာရယ်၊ နောက်ပြီး ပန်းချီတော့ ရေးဆွဲဖြစ်တယ်..။အကြောင်းမသင့်ကြလို့ ပြပွဲမပြသဖြစ်ကြတဲ့ အမျိုးသမီးပန်းချီဝါသနာရှင်တွေကိုလည်း ပြပွဲပြသနိုင်ခွင့်ရအောင်ရယ် ပါ။
ပထမအကြိမ် ပန်းချီပြပွဲမှာ ပန်းချီဆရာမ သုံးဆယ်ကျော်ရဲ့  လက်ရာ ပန်းချီကားတွေကို ပြသနိုင်ခဲ့ပါတယ်။ ဒုတိယအကြိမ်မှာတော့ အချိန်ကပ်သွားလို့ လူစုံအောင်မဖိတ်နိုင်ခဲ့လို့ ပန်းချီဆရာမအယောက် နှစ်ဆယ်ရဲ့  လက်ရာတွေကိုပဲ ပြသနိုင်ခဲ့ပါတယ်။ အခု တတိယအကြိမ် မှာတော့ ပိုမိုကျယ်ပြန့်လာပြီး နိုင်ငံတ၀န်းက
အမျိုးသမီးပန်းချီဆရာမ (၃၈)ဦးရဲ့  လက်ရာပန်းချီကားတွေကို ပြသနိုင်ဖို့ စီစဉ်ထားပါတယ်။ 

တနှစ်ထက် တနှစ် နယ်စုံက အမျိုးသမီးပန်းချီဆရာတွေရဲ့ လက်ရာတွေကို စုံစုံလင်လင် ပြသနိုင်ဖို့လည်း ကျနော်တို့ ပိုပြီးအားစိုက်ပြီးကြိုးစားထားပါတယ်။ ပါဝင်ပြသတဲ့ ပန်းချီဆရာမတွေကလည်း လုံ့လစိုက်ထုတ်ကြလို့ အများအသိမှတ်ပြုလာကြတဲ့ ပြပွဲတပွဲဖြစ်လာပါပြီ။ ကျနော်တို့ စတင်စီစဉ်ခဲ့တဲ့ ရည်ရွယ်ချက်အတိုင်းဘဲ တကယ် အနုပညာလောကနဲ့ အဆက်ပြတ်နေတဲ့ အမျိုးသမီးပန်းချီဝါသနာရှင်တွေဟာ ပန်းချီ ပြန်ရေးဆွဲလာကြတယ်။ ကျနော်တို့ရဲ့  ပြပွဲမှာလည်း ပါဝင်ပြသလာကြတာမို့ ၀မ်းသာကြည်နူးရပါတယ်။ နောင်နှစ်တွေမှာလည်း တနှစ်တခါ မဖြစ်မနေ ပြသဖို့ ရည်ရွယ်ထားပါတယ်။”

တတိယအကြိမ်မြောက် “COLOURFUL FLOWERS ” မန္တလေး အမျိုးသမီးပန်းချီပြပွဲကို သွားရောက်ကြည့်ရှုမယ်၊ ပန်းချီကားတွေ ၀ယ်ယူအားပေးချင်တယ်… ဆိုရင်တော့
ပြပွဲ ကျင်းပမည့်ရက်။ ။၂၁.၁.၁၇ မှ ၂၅.၁.၁၇ အထိ
ပြပွဲ ကျင်းပမည့်အချိန်။ ။နံနက်( ၉ )နာရီမှ ညနေ( ၆ )နာရီအထိ
ပြပွဲ ကျင်းပမည့်နေရာ။ ။မန္တလေးတောင် ပန်းချီပြခန်း၊ မန္တလေးတောင်ခြေ၊ ခြင်္သေ့ကြီးနှစ်ကောင်အနီး၊ မန္တလေးမြို့ 