တူမောင်ညို - စစ်တပ် နဲ့ အစိုးရက အချိတ်အဆက်မိမိနဲ့ (NCA) ထဲ ကျုံးသွင်းနေရော့သလား


တူမောင်ညို - စစ်တပ် နဲ့ အစိုးရက အချိတ်အဆက်မိမိနဲ့ (NCA) ထဲ ကျုံးသွင်းနေရော့သလား
(မိုးမခ) ဇန်န၀ါရီ ၂၄၊ ၂၀၁၇


တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Sun Guoxiang နဲ့ ကာချုပ် ဗိုလ်မင်းအောင်လှိုင်တို့ ဇန်နဝါရီလ ၁၀ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတယ်။ ထို့အတူ မြောက်ပိုင်းမဟာမိတ်အဖွဲ့လို့ခေါ်တဲ့ (KIA/MNDAA/TNLA/AA) အဖွဲ့ ၄ ဖွဲ့ကို လည်း တရုတ်အစိုးရရဲ့အာရှရေးရာအထူးကိုယ်စားလှယ်က ခွင်းမင်မြို့မှာ ဇန်နဝါရီ ၁၉ ရက်နေ့က တွေ့ဆုံခဲ့တယ်လို့ မီဒီယာသတင်း တွေက ဆိုပါတယ်။ တရုတ်ရဲ့အာရှရေးရာ အထူးကိုယ်စားလှယ်နဲ့ မြောက်ပိုင်းမဟာမိတ်တွေ အခုလိုတွေ့ဆုံတာဟာ ဒုတိယအကြိမ် မြောက်ဖြစ်ပြီး၊ ပထမအကြိမ်တွေ့ဆုံမှုကို ၂၀၁၆ ဒီဇင်ဘာလထဲမှာဖြစ်တယ်လို့ဆိုပါတယ်။

တရုတ်ရဲ့အာရှရေးရာ အထူးကိုယ်စားလှယ်တရုတ်ရဲ့လှုပ်ရှားမှုတွေကို ကြည့်တာနဲ့မြန်မာ့ငြိမ်းချမ်းရေးကိုတရုတ်က သူ့အကျိုး စီးပွားနဲ့ယှဉ်ပြီး လိုလားတာ ထင်ရှားပါတယ်။ ဂျပန်ကလည်းမြန်မာ့ငြိမ်းချမ်းရေးကို လိုလားတာပါပဲ။ အမေရိကန်ကလည်း လိုလားတာပါ ပဲ။ အဲဒီလို လိုလားသူတွေမှာ ကိုယ်စီမျှော်မှန်းထားတဲ့သက်ဆိုင်ရာ အကျိုးစီးပွားဆိုတဲ့ အခြေခံတွေပါစမြဲဖြစ်ပါတယ်။

အထူးကိုယ်စားလှယ် Mr. Sun Guoxiang နဲ့ ကာချုပ်တွေ့ဆုံတဲ့သတင်းကို အစိုးရပိုင်သတင်းစာ (ကြေးမုံ/မြန်မာ့အလင်း) က ဝတ်ကျေတန်းကျေသာဖော်ပြပေမယ့်၊ စစ်တပ်ပိုင် မြဝတီသတင်းစာဖော်ပြချက်က အစိုးရပိုင် သတင်းစာတွေထက်စာ အကျယ်တဝင့် ဖော်ပြထားတယ်လို့ ဆိုရမှာပါပဲ။ မြဝတီသတင်းစာက ကာချုပ်ရဲ့ သဘောထား နှစ်ခုကို ဖော်ပြထားတာပါ။

လိုရင်းသဘောမှာ

ပထမအချက်က လက်နက်ချ၊ (NCA) လက်မှတ်ထိုးပြီးမှ နိုင်ငံရေးစကားပြောဖို့

ဒုတိယအချက်က (KIA) ဟာ “ခွဲထွက်ရေး” လုပ်နေတယ် ဆိုတဲ့အချက် ၂ ချက်ပဲဖြစ်ပါတယ်။

ပထမအချက် - လက်နက်ချ၊ (NCA) လက်မှတ်ထိုးပြီးမှ နိုင်ငံရေးစကားပြောဖို့ ဆိုတဲ့အချက်ကို ကြည့်ရအောင်။

“လက်နက်ကိုင်လမ်းစဉ် မရှိမှ၊ လက်နက်စွန့်လွှတ်မှသာ ချုပ်ငြိမ်းနိုင်မည် ” တဲ့။ ဒါဟာ ရေမရောတဲ့ စစ်တပ်ရဲ့စိတ်ရင်း သဘောထားအမှန်ပဲ။ ဘာမှ မှတ်ချက်ပေးစရာမလိုအောင် ရှင်းပါတယ်။ ဒီအချက်က (UWSA) ခေါ် (ဝ) အဖွဲ့ကိုပါ တပါထဲ သတိပေး လိုက်တာပါ။

နောက်တစ်ခုက (MNDAA)နဲ့ (TNLA) တို့ကို တိုက်ရိုက်အကြောင်းပြန်တဲ့အချက်ဖြစ်ပါတယ်။ ကိုးကန့်နဲ့ ပလောင်ကို “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများပေးထားပြီးဖြစ်တယ်” ဆိုတာပါပဲ။ လက်နက်ကိုင်ပြီး အခွင့်ရေးတောင်းဆိုမှုတွေမလုပ်နဲ့ ဥပဒေဘောင်ထဲဝင်ဖို့ လက်နက်ချဖို့ဖြစ်တယ်။

ဒီအချက်ကလည်း (UWSA)ခေါ် (ဝ) အဖွဲ့ကိုပါ တပါထဲ အသိပေးလိုက်တာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (စ) အရဆိုရင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပေးထားပြီး သားမဟုတ်ပါလား။ ဒါပေမယ့် ဒီအချက်ကို ပြောတာမှာ (UWSA) ကို တိုက်ရိုက်ရည်ညွန်းပြီးမပြောဘူး။ (MNDAA)နဲ့ (TNLA) တို့ကို ရည်ညွန်းပြီး ကျွဲကူးရေပါသဘောပြောတယ်။

ဒါ့အပြင် “ (ဝ) အဖွဲ့ဟာ ၁၉၈၉ခုနှစ်ကတည်းက ငြိမ်းချမ်းရေးယူခဲ့တဲ့အဖွဲ့ဖြစ်တယ်၊ ငြိမ်းချမ်းရေးသက်တမ်းကာလ အရှည်ကြာ ဆုံးဖြစ်တယ်၊ ဥပဒေနဲ့အညီလိုက်နာဆောင်ရွက်ရန် သဘောတူညီမှုများရှိခဲ့တယ်” ဆိုပြီး နှပ် ကြောင်းပေးထားတယ်။

အဲဒီအထဲက “ဥပဒေနဲ့အညီလိုက်နာဆောင်ရွက်ရန်” ဆိုတာဟာ “၂၀၀၈ အခြေခံဥပဒေ အပါဝင် တည်ဆဲဥပဒေအားလုံး” ကို ဆိုလိုတာဖြစ်တယ်။ ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေထဲမှာ အင်အားအကောင်းဆုံးက ဝအဖွဲ့ဖြစ်လေတော့ (KIA) အပေါ်သဘောထားသလို၊ (MNDAA) အပေါ်သဘောထားသလို၊ (TNLA) အပေါ် ပြုမူသလို ဗြောင်မလုပ်ဘူး။ ချိုထားတယ်။ လောလော ဆယ် “အမာရှောင်ထားတယ်” ဆိုတဲသဘောပဲ။

ဒါပေမယ့် “မြန်မာနိုင်ငံတောင်ခြမ်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မကျန်တော့သလောက် ဖြစ်သွားပြီး နိုင်ငံ မြောက်ခြမ်းတွင် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်၌ (UWSA) (ဝ) ၊ (NDAA)၊ (MNDAA)၊ (TNLA) နဲ့ (KIA) အဖွဲ့များ ကျန်ရှိကြောင်း” ဆိုပြီး စာရင်းချ ပြထားတယ်။ ကြည့်ရတာ တောင်ခြမ်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဝင်သွားတဲ့(NCA)လမ်းကြောင်း အတိုင်း လိုက်ပါကြရမယ်လို့ ဆိုလိုချင်သလားမသိပါဘူး။ တကယ်တော့ “အပစ်ရပ်ရေး” ဆိုတာ မြောက်ပိုင်းကနေတဆင့် တောင်ပိုင်းကို ရွေ့လာ တဲ့ စစ်တပ်ရဲ့ (ထောက်လှမ်းရေးဗိုလ်ခင်ညွန့်ရဲ့ ပေါ်လစီဖြစ်ပါတယ်) အခုတော့ ကာချုပ် ဗိုလ်မင်းအောင်လှိုင်က (NCA) စာချုပ်ဆိုတဲ့ ပါကင်နဲ့ ထုတ်ပိုးထားတဲ့ “လက်နက်ချရေး ပေါ်လစီ” ကို တောင်ပိုင်းကနေ မြောက်ပိုင်းကို ပြန်ရွေ့နေတာလို့ ပြောရမယ်ထင်ပါတယ်။

ဒုတိယအချက် - (KIA) က “ခွဲထွက်ရေးလုပ်နေတယ်” ဆိုတာကို ကြည့်ပါ။

(KIA) က “ခွဲထွက်ရေးလုပ်နေတယ်” လို့ တိုက်ရိုက်မပြောဘူး။ “ဝမ်ပေါင်နိုင်ငံထူထောင်ရေး ရည်မှန်းလုပ်ဆောင်နေတယ်” လို့ သာပြောထားတယ်။ ဝမ်ပေါင်နိုင်ငံဆိုတာ (KIA) ပေါ်ကာစက ကြွေးကြော်သံပဲ။

ကာချုပ် ပါးလိုက်တဲ့စကားထဲမှာ “မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့” အနက် (MNDAA/TNLA/AA) တို့ကိုသာ ငြိမ်းချမ်းရေးဖြစ်စဉ် မှာပါဝင်ဖို့ ပြောထားတယ်။ (KIA) ကို တမင်ချန်ထားတယ်။ ဒါဟာ “မြောက်ပိုင်းမဟာမိတ်” ဆိုတာကို ဖဲ့ထုတ်တဲ့သဘောဖြစ်တယ်။ ဒီ ၄ ဖွဲ့ထဲမှာ(KIA)က အဓိကပဲဆိုတာ သူတို့သိတယ်။ ဒါကြောင့်(KIA) ကို စစ်ရေးအရ သဲကြီးမဲကြီးတိုက်တယ်။ နိုင်ငံရေးအရလည်း “ခွဲထွက် ရေးလုပ်နေသူ”လို့ ပြောလိုက်တာဖြစ်လိမ့်မယ်။

ဒါ့အပြင် “ ဂီဒုန်၊ ဆိုင်းဖောင်၊ တပ်ရင်း ၁၂ ဌာနချုပ်” တွေကို စစ်တပ်က စစ်ရေးအရ သိမ်းပိုက်ထားလိုက်ပြီ၊ ထိန်းချုပ်ထား လိုက်ပြီးတဲ့နောက်မှာ ဒီစကားတွေကိုပြောလာဖြစ်ပါတယ်။

(AA) ကိုနဲ့ပတ်သက်လို့တော့ မြဝတီသတင်းစာဖော်ပြချက်ထဲမှာ တစ်လုံးတစ်ပါဒမျှ ဖော်ပြမထားဘူး။ လွှတ်တော်ထဲမှာ ကာကွယ်ရေးဝန်ကြီး ဗိုလ်စိန်ဝင်းပြောတဲ့စကားအတိုင်းဆိုရင် “ရခိုင်ပြည်နယ်အတွင်း ကျရောက်ဆဲ၊ ကျရောက်လတ္တံ အမျိုးသားရေး အန္တရာယ်” ကာကွယ်ရေးမှာ (AA) အရိုးနဲ့စည်းရိုး ထိုးချင်ပုံရတယ်။ သက်ဆိုင်ရာ မိဘဆွေမျိုး တွေ ကနေတဆင့် (AA) ကို နားချနေပုံရ ပါတယ်။

ကာချုပ်ဗိုလ်မင်းအောင်လှိုင်ပြောတဲ့စကားတွေက ငြိမ်းချမ်းရေးကိစ္စမှာ “ငါဒို့သာလျှင် အာဏာပိုင်” ဆိုတဲ့ သဘောကို ဗြောင် ထုတ် မပြောတာပဲရှိပါတယ်။ (နဝတ-နအဖ) စစ်အစိုးရက “ငြိမ်းအဖွဲ့”တွေကို ပြောခဲ့ဖူးတဲ့စကားရှိတယ်။ နိုင်ငံရေးစကားကို နောင်ပေါ် လာမယ့် အစိုးရနဲ့ပြောကြပါ။ သူတို့က စစ်အစိုးရဆိုပြီး ပြောခဲ့ဖူးတယ်။ “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲကနေ ပေါ်လာတဲ့ အစိုးရတွေ (ကြံ့ဖွံ့ပါတီအစိုးရနဲ့ ဒီချုပ်ပါတီအစိုးရ) ဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် စစ်တပ်ကိုကျော်ပြီး ဘာမှလုပ်မရတာ တွေ့ရတယ်။ ဒီချုပ်ပါတီ အစိုးရဆိုလို့ရှိရင် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး သီးခြားပေါ်လစီနဲ့လုပ်ငန်းစဉ်တောင် တိတိ ကျကျခိုင်ခိုင်မာမာ ရှိမှ ရှိရဲ့လားမသိပါဘူး။

(NCA)အတိုင်း လျှောက်ဖို့ တွင်တွင်ပြောနေသံပဲ ကြားနေရပါတယ်။ ဦးနိုင်ငံလင်းကဆိုရင် “မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် (NCA) လို ရေခံမြေခံကောင်းတဲ့ အခြေခံကောင်းတစ်ခု ရှိနေပါပြီ -- ငြိမ်းချမ်းရေးက လက်တစ်ကမ်းအလိုပဲ ရှိပါတော့တယ်၊ (NCA)မှာ လက်မှတ်ထိုး လိုက်တာနဲ့ အပစ်အခတ်တွေက အားလုံးရပ်သွားမှာပါ”လို့ ပြောနေတာပါ။ ဒီပြောဆိုချက်ကို ဒီချုပ်ပါတီရဲ့ သဘောထားလို့ ယူဆရမှာပါ။

(NCA)စာချုပ်ကို အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ (ဒီချုပ်အစိုးရ)နဲ့ လက်ထက်မှာထိုးရင် ပိုပြီး တွက်သားကိုက်မယ် လို့ မျှော်လင့်ထားခဲ့ကြတာပါ။ အခုတော့ သူတို့ထင်ခဲ့ကြတဲ့ အထင်နဲ့တကယ့်လက်တွေ့က ပါစင်အောင်လွဲနေပုံပါပဲ။

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဇန်နဝါရီလ(၁၈- ၁၉-၂၀ ) ရက်မှာကျင်းပခဲ့တဲ့ ၊ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ(ကရင်)၊ကျင်းပရေးကော်မတီရဲ့ထုတ်ပြန်ကြေညာချက်မှာ “(NCA)တွင် လက်မှတ်ရေးထိုးခြင်းမပြုနိုင်သေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲပြီး NCA တွင် အမြန်ဆုံးပါဝင်လက်မှတ်ရေးထိုးနိုင်ရန်အတွက် အစိုးရ၊ တပ်မတော်မှ ပိုမိုလမ်းဖွင့်ပေးရန်” တောင်းဆိုထားတာပါရှိပါတယ်။

စစ်တပ်က စစ်ရေးနဲ့ ခြိမ်းခြောက်ဖိအားပေး တိုက်ခိုက်ပြီးတဲ့နောက် အစိုးရက “စားပွဲဝိုင်း” ဆီကို ဆွဲခေါ်နေတယ်ဆိုတော့ စစ်တပ် နဲ့ အစိုးရ အချိတ်အဆက်မိမိနဲ့ (NCA) ထဲ ကျုံးသွင်းနေသလိုများ ဖြစ်နေသလားလို့။

ညွန်း
- မြဝတီသတင်းစာ (၁၁-၁-၂၀၁၇)
- မြန်မာ့အလင်းသတင်းစာ (၈-၁-၂၀၁၇)
- မြန်မာ့အလင်းသတင်းစာ (၅-၅-၂၀၁၆)