မောင်မောင်စိုး ● ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် UWSA

မောင်မောင်စိုး ● ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် UWSA
(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၁၇

● UWSP/UWSA
မြန်မာပြည်အရှေ့မြောက်ပိုင်း သံလွင်မြစ်အရှေ့ဖက်ခြမ်းဒေသအားဝ နယ်ဟုလူသိများသသည်။ မြန်မာပြည်အတွင်းရှိ ထို ဒေသကိုချုပ်ကိုင်ထားသည်မှာ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP နှင့် အဆိုပါ ပါတီ၏ခေါင်းဆောင်မှုအောက်ရှိ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့ ဖြစ်သည်။ အဆိုပါအဖွဲ့၏ တရားဝင်ထုတ်ပြန်ချက်များတွင် အဆိုပါ ပါ တီနှင့်တပ်အမည်အပြင် "မြန်မာနိုင်ငံ အထူးဒေသ ၂၊ 'ဝ' ပြည်နယ် ပြည်သူ့အစိုးရ" ဟုလည်း သုံးစွဲလေ့ရှိပါသည်။

၁၉၈၉ ခုနှစ် ဧပြီလအတွင် အရှေ့မြောက် ဗကပ CPB အား ပုန်ကန်ပြီးနောက် ဝ တို့သည် UWSP/UWSA နာမည်နှင့် ခွဲထွက် ရပ်တည်ခဲ့ပြီး နဝတအစိုးရနှင့် အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေး ရယူလိုက်သည်။ နဝတ အစိုးရက အထူးဒေသ ၂ အဖြစ် သတ်မှတ်ပေးခဲ့သည်။ ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ UWSA ချုပ်ကိုင်ရာ ဝ ဒေသသည် ဝ ကိုယ်ပိုင် အုပ်ချုပ် တိုင်းထဲတွင် ပါဝင်သည်။ အဆိုပါတိုင်းတွင် ၆ မြို့နယ်ပါဝင်ရာ ဟိုပန်မြို့နယ်မှအပ ကျန် ၅ မြို့နယ်ဖြစ်သည့် မိုင်းမောမြို့နယ် ပန်ဝိုင်မြို့နယ် နားဖန်းမြို့နယ် မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ်အများစုသည် UWSA ၏ထိမ်းချုပ်မှုအောက် တွင်ရှိသည်။

၂၀၀၈ ခုနှစ်အခြေခံဥပဒေအသက်ဝင်လာပြီးနောက် သမတဟောင်းဦးသိန်းစိန်လက်ထက်မှစ၍ "အထူးဒေသ" ဆိုသည်တို့ ကို သုံးစွဲအသိအမှတ်ပြု ခြင်းမရှိတော့သော်လည်း UWSA အနေနှင့် ဆက်လက်သုံးစွဲလျက်ရှိပြီး၂၀၁၀ ရွေးကောက်ပွဲရော ၂၀၁၅ ရွေးကောက်ပွဲပါ ကျင်းပနိုင်ခြင်းမရှိဘဲ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအောက်က ကင်းလွတ်နေသော ဒေသဖြစ်သည်ဟု ဆိုရပါမည်။

● UWSA နှင့် NCA
သမတဟောင်းဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စတင်ချိန် ၂၀၁၁ ခုနှစ်၌ UWSA သည် အစိုးနှင့် ပြည် နယ်အဆင့်ရော ပြည်ထောင်စုအဆင့်ပါ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးလက်မှတ် ထပ်မံ ရေးထိုးခဲ့သည်။ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွဲ၍ NCA ကိစ္စရပ်များ ဆွေးနွေးရာတွင် UWSA မပါဝင်ခဲ့ပေ။ ထို့ပြင် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် NCA လက်မှတ်ရေးထိုးရန် ဦးသိန်းစိန်အစိုးရကဖိတ်ခေါ်သည့်အခါ UWSA အနေနှင့် NCA လက် မှတ်ထိုးရန်မလိုကြောင်း ငြင်းပယ်ခဲ့ပြီး NCA လက်မှတ်မထိုးဘဲ နိုင်ငံရေးဆွေးနွေးရန် တောင်းဆိုခဲ့သည်ဟု ဆိုရမည်။ NCA လက်မှတ်ထိုးရန် ယနေ့တိုင်လည်း ငြင်းပယ်နေဆဲဖြစ်သည်။

၂၀၁၆ ခုနှစ် NLD အရပ်သားအစိုးရတက်ပြီးနောက် UWSA နှင့် NDAA တို့အား နေပြည်တော်သို့ သီးခြားဖိတ်ခေါ်တွေ့ဆုံ၍ ၎င်းတို့အား အလေးထားမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA လက်မှတ်ရေးထိုးပါဝင်ရေး စည်းရုံးလုပ်ဆောင်ခဲ့သော်လည်း NCA လက်မှတ်ထိုးရန်မလိုဟု ငြင်းဆန်နေဆဲပင်ဖြစ်သည်။

● UWSA ၏သီးခြားရပ်တည်မှု
အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည် ယခင် "မဒတ" ယခု UNFC အနေဖြင့် မဟာမိတ်တပ်ပေါင်းစုများ ဖွဲ့ စည်း၍ စုပေါင်းရပ်ခံရန်ဖွဲ့စည်းမှုများရှိသော်လည်း UWSA သည် ပြီးခဲ့သော အနှစ် ၂၀ ကျော်အတွင်း ပါဝင်ခဲ့ခြင်းမရှိပေ။ ၎င်းနှင့် အရှေ့မြောက် ဗကပတွင် တဖွဲ့တည်းဖြစ်ခဲ့သော NDAA မိုင်းလားအဖွဲ့နှင့်ပင် ညီနောင်ဆက်ဆံရေးပုံစံသာရှိခဲ့ပြီး ခိုင်မာစွာဖွဲ့စည်းထားသော မဟာမိတ်တပ်ပေါင်းစုပုံစံ မရှိခဲ့ပေ။

ဤသို့ UWSA အနေနှင့် တလျှောက်လုံး သီးခြားစွာ ရပ်တည်ခဲ့ခြင်းမှာ ၎င်း၏တစုံတရာတောင့်တင်းသောအင်အား လူဦးရေ ၆ သိန်းခန့်ရှိသောဒေသကို ထိမ်းချုပ်ထားနိုင်သည့်အနေအထား သီးခြားကဲ့သို့ ဖြစ်နေသော သူတို့၏ဒေသအနေအထားအပြင် ၂၀၀၉ ကာလအထိ အနှစ် ၂၀ ခန့် အစိုးရ နှင့် ဆက်ဆံရေးကောင်းမွန်ခဲ့သည့် အကြောင်းအချက်များကြောင့်ဟု ယူဆရသည်။ ၎င်းတို့အနေနှင့် နဝတအစိုးရ၏သဘောတူ အားပေးမှုနှင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးထားသည့်ကာလ၌ပင် မိုင်းဆတ် ခရိုင်အတွင်း လွယ်လန်းဒေသရှိ ခွန်ဆာ၏ MTA တပ်ဖွဲ့များအားတိုက်ထုတ်၍ ဝ လူဦးရေ သိန်းချီ၍ အခြေချနိုင်သည့် ၁၇၁ စစ်ဒေသဟုလည်းကောင်း၊ ဝ တောင်ပိုင်းဟုလည်းကောင်း ခေါ်ဆိုသည့်ဒေသတခုပင် ရရှိခဲ့ပေသည်။ ဤသို့သော အခြေ အနေအောက်တွင် ဝ တို့ သီးခြားရပ်တည်နေခြင်းမှာ ထူးဆန်းသည်ဟု မဆိုသာပေ။

ထို့ပြင် ဝ တို့ထိမ်းချုပ်ထားသော ဒေသတို့မှာလည်း မြန်မာပြည်အရှေ့မြောက်ပိုင်း သံလွင်မြစ်အရှေ့ဖက်ကမ်း၌ရှိပြီး ပြည်မရှိ အခြားဒေသများနှင့် သီးခြားကဲ့သို့ဖြစ်နေခြင်းကလည်း ၎င်းတို့ တသီးတခြားရပ်တည်နေနိုင်ခြင်း၏ အကြောင်းရင်းတခုဖြစ်ခဲ့ သည်။

သို့ရာတွင် ၂၀၀၉ ခုနှစ် အစိုးရက နယ်ခြားစောင့်တပ် BGF ဖွဲ့စည်းရန် ဖိအားပေးသည်မှစ၍ အစိုးရနှင့်တင်းမာမှု စတင်ခဲ့ သည်ဟုဆိုရမည်။ ထို့နောက်ပိုင်းတွင်း UWSA  နှင့် အခြားလက်နက်ကိုင်တပ်ဖွဲ့ဆက်ဆံရေးကိုပို၍ ပို၍ တွေ့မြင်လာရသည် ဟု ဆိုရပါမည်။ ထို့အတူ အစိုးရ/တပ်မတော်နှင့်UWSA ကြား အဖုအထစ်များလည်း တစတစပေါ်လာသည်ကိုကိုတွေ့ရသည်။

● အစိုးရ / တပ်မတော်နှင့် UWSA ကြား တင်းမာမှုများ
UWSA နှင့် တင်းမာမှု များသည် ၂၀၀၉ ခုနှစ် BGF ဖွဲ့ရန် ဖိအားပေးတောင်းဆိုသည်မှ အစပြုသည်။ တချိန်တည်းတွင် BGF ပြောင်းလဲဖွဲ့စည်းရန်ငြင်းပယ်ခဲ့သော ကိုးကန့်အဖွဲ့အား တပ်အင်အားသုံး၍ဖြေရှင်းလိုက်သောအခါ UWSA တို့ကြီးစွာ သတိ ထားလာခဲ့တော့သည်။ ထို့နောက်ပိုင်းတွင် UWSA တို့ စစ်အင်အားပြမှု စစ်လက်နက်အင်အားပြမှုများကို အများသတိပြု မိအောင်ပြုလုပ်လာသည်ကို တွေ့ရသည်။

စစ်ရေးအရထိပ်တိုက်တွေ့လုနီးပါးအခြေအနေများ နောက်ပိုင်းတွင်တွေ့လာရတော့သည်။ ၂၀၁၅ ခုနှစ် ဇွန်လ ၃ ရက်နေ့ တွင် မိုင်းဆတ်ခရိုင်မိုင်းတုံနှင့်ပုံပါကျင်ကြားတွင်သစ်ခုတ်နေသော UWSA တပ်ဖွဲ့ဝင် ၁၆ ဦးအား တပ်မတော်၏အကူအညီဖြင့် ရဲနှင့်သစ်တောမှဖမ်းဆီးလိုက်ရာမှ တပ်များအပြန်အလှန်ဝိုင်းကြပြီး တင်းမာမှုဖြစ်ပွားခဲ့သည်။ သို့ရာတွင် သေနတ်သံမထွက် အောင် ကြိုးစားဖြေရှင်းခဲ့ကြသည်။ သို့သော် အပြန်အလှန်စစ် အင်အားပြခဲ့ကြသည်။

အဆိုပါကိစ္စဖြစ်ပွါးပြီးမကြာမှီပင် ဒုတိယအကြိမ် မိုင်းဆတ်ခရိုင်တွင်း၌ မြေကိစ္စအငြင်းပွားပြီး တပ်မတော်ဖက်မှ စရဖ အ ရာရှိတဦးနှင့် UWSA တပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ UWSA မှ ၂ ဦး ဒဏ်ရာရရှိပြီး စရဖအရာရှိလည်း သေနတ် ထိမှန်၍ မိုင်းဆတ်ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ ၎င်းကိစ္စအားလည်း သေနတ်သံ ထပ်မထွက်အောင် ဖြေရှင်းနိုင်ခဲ့သည်။

တတိယအကြိမ်ဖြစ်ပွားသည်မှာ ၂၀၁၆ စက်တင်ဘာလ ၂၈ ရက်တွင် UWSA တပ်ဖွဲ့ဝင်အင်အား ၆၀၀ ခန့် မိုင်းလားဒေသ တွင်း ဝင်ရောက်လာပြီးကျိုင်းတုံ တာပင်းဂိတ် မျက်နှာချင်းဆိုင်ရှိ မိုင်းလားဝင်ပေါက် လွယ်ကျူ ဆိုင်းလွယ်ဆမ်ဆုံ ( ရင် ကွဲတောင်တဝိုက်) အား ထိမ်းချုပ်လိုက်သည်။ ထိုသို့သို့ဝင်ရောက်လာသော UWSA တပ်ဖွဲ့များအား တပ်မတော်မှ ဖယ်ရှား ရန်ပြောဆိုသော်လည်း ဖယ်ရှားခြင်းမရှိသဖြင့် ကျိုင်းတုံမှ မိုင်းလားသွားသည့် တာပင်းဂိတ်အား ပိတ်ဆို့လိုက်သည်။ တဖက် က ထိုကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းမှုများပြုလုပ်နေသော်လည်း UWSA တပ်ဖွဲ့ဝင် အချို့ဆုတ်ခွာမှုရှိသော်လည်း အားလုံး ဆုတ်ခွာခြင်းမရှိသကဲ့သို့ တာပင်းဂိတ်အားလည်း တပ်မတော်မှ ပိတ်ပင်ထားဆဲဖြစ်သည်။ တချိန်တည်းတွင် တပ်မတော် ဘက်က တင့်ကားများ အမြောက်တပ်များ လေကြောင်းပျံသန်းမှုများဖြင့် စစ်အင်အားပြခဲ့ပြီး UWSA ကလည်း သူတို့က စ၍တိုက်မည်မဟုတ်သော်လည်း အတိုက်ခိုက်ခံရပါက ပြန်လည်တုန့်ပြန်သွားမည်ဟု ဆိုခဲ့သည်။

● UWSA နှင့် တက်ကြွသောမဟာမိတ်ဆက်ဆံရေးများ
UWSA သည် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနည်းတူ NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်မပါသော်လည်း အဆို ပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ပန်ဆန်း (ပန်ခမ်း) ဌာနချုပ်တွင်ဖိတ်ခေါ်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ညီလာခံ ၂ ကြိမ်ပြုလုပ်ခဲ့သည်။ ၂၀၁၅ ခုနှစ် မေလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ပထမအကြိမ်ပြုလုပ်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့တက်ရောက်ခဲ့သည်။၂၀၁၅ နိုဝင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ဒုတိယအကြိမ် ကျင်းပခဲ့ပြီးတိုင်းရင်းသားလက်နက်ကိုအဖွဲ့ ၁၁ ဖွဲ့ တက်ရောက်ခဲ့သည်။ ထိုစဉ်ကတည်းက ဦးသိန်းစိန်အစိုးရက ကိုးကန့်၊ တအန်းပလောင်၊ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ဖိတ်ခေါ်ခြင်းမပြုရန် သတိပေးခဲ့သော်လည်း UWSA က ပယ် ချခဲ့သည်။ ထို့ပြင် ထိုပန်ဆန်းညီလာခံကျင်းပစဉ်က ပူးတွဲကမကထပြုသူများမှာ UWSA နှင့် NDAA မိုင်းလားတို့အပြင် KIA လည်းပါဝင်သည်ကို တွေ့ရသည်။

၂၀၁၅ အောက်တိုဘာ ၁၅ ရက် NCA လက်မှတ်ထိုးပွဲတွင် MNDAA/TNLA /AA အဖွဲ့ ၃ ဖွဲ့ ပါဝင်ရေးအား ဦးသိန်းစိန်အစိုးရက ငြင်းပယ်ပြီးနောက်ပိုင်း MNDAA နှင့် TNLA က UNFC မှ နှုတ်ထွက်ခွင့်တင်သကဲ့သို့ (UNFC မှ တရားဝင်နှုတ်ထွက်ခွင့်ပြု ခြင်းတော့ မတွေ့ရသေးပေ) ULA/ AA မှာလည်း UNFC အဖွဲ့ဝင်မဖြစ်သေးရာ အဆိုပါ အဖွဲ့ ၃ သည် UWSA နှင့်ပို၍ နီး ကပ်လာသည်ကို တွေ့ရသည်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က ငြိမ်းချမ်းရေးကော်မရှင်နှင့် အဆိုပါ MNDAA/TNLA/AA အဖွဲ့ ၃ ဖွဲ့ မိုင်းလား ၌ တွေ့ဆုံဆွေးနွေးရာတွင် UWSA သည် အဆိုပါ ၃ ဖွဲ့ဘက်မှ ရပ်ခံခဲ့သည်ဟု ကြားသိရသည်။

ထို့ပြင် ၂၀၁၆ နိုဝင်ဘာ ၂၀ ရက် နေ့မှစ၍ မြောက်ပိုင်းမဟာမိတ်အဖွဲ့၎ ဖွဲ့ဖြစ်သော KIA/TNLA/MNDAA/AA တို့နှင့် ရှမ်း ပြည်မြောက်ပိုင်းတွင်ပြင်းထန်သော စစ်ပွဲပေါ်လာသောအခါ UWSA က သဘောထားကြေညာချက် ၂ စောင် ထုတ်ပြန်ခဲ့ သည်။ ၂၀၁၆ နိုဝင်ဘာ ၂၄ ရက်နေ့နှင့် ၂၀၁၆ ခုနှစ်ဒီဇင်ဘာ ၁၂ ရက်နေ့တို့တွင် ထုတ်ပြန်သော UWSA ၏ ကြေညာချက် ၂ စောင်စလုံးတွင် အဆိုပါ အဖွဲ့ ၄ ဖွဲ့ တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းရပ်ခံထားပြီး အဆိုပါ အဖွဲ့ ၄ ဖွဲ့အား အကြမ်းဖက် အဖွဲ့များအဖြစ် သတ်မှတ်ခြင်းကို ပြင်းပြင်းထန်ကန့်ကွက်ထားသည်ကို တွေ့ရပါသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က တရုတ်ပြည်၏ စီစဉ်ပေးမှု အရငြိမ်းချမ်းရေးကော်မရှင်နှင့်တွေ့ဆုံမည့် အဖွဲ့ ၆ ဖွဲ့တွင် UWSA လည်းပါဝင်ခဲ့ပြီး UWSA နှင့် NDAA သည် ငြိမ်းချမ်းရေးကော်မရှင်နှင့် သီးခြားတွေ့ဆုံခဲ့သည်ကို တွေ့ရသည်။ ထိုစဉ်က မြောက်ပိုင်းအဖွဲ့ ၄ ဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင် တွေ့ဆုံနိုင်ခြင်းမရှိသော်လည်း ယခုအခါ ပြန်လည်တွေ့ဆုံရန် စီစဉ်နေ သည်ဆိုသည့် သတင်းများထွက်ပေါ်နေသည်။ ထိုသတင်းနှင့်အတူ မြောက်ပိုင်း အဖွဲ့ ၄ ဖွဲ့အပြင် UWSA ပါ သက်သေအဖြစ် ပါဝင်ခွင့်ရရန်တောင်းဆိုထားသည်ဟု ဆိုပေရာ UWSA အနေနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့်ပတ်သက်သည့်အရေးကိစ္စများတွင် ရှေ့တလှမ်းတိုး၍ ပါဝင်လာသည်ဟုဆိုရမည်။

ထို့ပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ KIA ဥက္ကဌ အဖြစ်တာဝန်ယူနေသည့် UNFC မှ ဒုဥက္ကဌ နိုင်ဟံသာနှင့်အဖွဲ့ဝင်များအားလည်း ၂၀၁၆ ဒီဇင်ဘာ၂၂ ရက်နေ့က ပန်ဆန်းဌာနချုပ်တွင် UWSA မှ ပေါက်ယိုချမ်းနှင့် အဓိကခေါင်းဆောင်များက လက်ခံ တွေ့ဆုံဆွေးနွေးခဲ့သည်။

သို့ဖြစ်ရာ နှစ်ပေါင်းများစွာ သီးသန့်ရပ်တည်လာခဲ့သော UWSA အနေနှင့် အခြားတိုင်းရင်းသားများနှင့် နီးနီးကပ်ကပ် ဆက် ဆံလာသည့်အပြင် ထိုအဖွဲ့များအတွက် ပြတ်ပြတ်သားသား ရပ်ခံလာသည်မှာ အဘယ်ကြောင့်ဆိုသည်ကို စဉ်းစားသုံးသပ် ဘွယ်ရာ ကောင်းလှပေသည်။

● ဖြစ်နိုင်ဘွယ်များ
ပထမအကြောင်းအချက်မှာ စစ်ရေးအရပြင်ဆင်လာခြင်းဖြစ်သည်ဟု ယူဆရသည်။ ၂၀၀၉ ခုနှစ် ကိုးကန့်ဒေသစစ်ဆင်ရေး ၂၀၁၁ မှစ၍ KIAနှင့် SSPP/SSA ဒေသ စစ်ဆင်ရေးများ ဖြစ်ပေါ်လာသောအခါ ထိုစစ်မြားဦးသည် ဝ ဒေသသို့ ဦးလှည့်လာ နိုင်သည်ကို UWSA အနေနှင့် ဂရုပြု လာမိပုံရသည်။ ထို့ပြင် ကိုးကန့်ဒေသနှင် ဝမ်ဟိုင်း (SSPP ဒေသ ) တိုက်ပွဲများသည်UWSA ၏ တံခါးပေါက်ကို လာ၍ခေါက်နေသည် မဟုတ်ပါလော။

နောက်ထပ်စစ်ရေးအခြေအနေတခုမှ ပန်ဆန်းဗဟိုပြု မြောက်ပိုင်းရှိ ဝ ဒေသနှင့် ဟွေအောတွင် ဌာနချုပ်ထားရှိသည့် မိုင်း ဆတ်ခရိုင်တွင်းရှိ UWSA ၁၇၁ စစ်ဒေသရှိရာ တောင်ပိုင်း ဝ ဒေသတို့ကြားတွင် ဆက်စပ်မနေဘဲ တပ်မတော်၏ တြိဂံတိုင်း စစ်ဌာနချုပ် ထိမ်းချုပ်ထားသည့် ကျိုင်းတုံမိုင်းယန်း မိုင်းယောင်း တာချီလိတ် မိုင်းဆတ်ဒေသက ခြားထားပေရာUWSA အတွက် စစ်ရေးအရ ပြန်လှန်ထိမ်းချုပ်ရန် အကန့်အသတ်ရှိသည်။ သို့ဖြစ်၍ မဟာမိတ်များ ရှာဖွေအင်အားစုလာသကဲ့သို့ မိုင်းလားဒေသတွင်း၌ ဝင်ရောက်တပ်စွဲမှုတို့ ပြုလုပ်လာခြင်း ဖြစ်ပုံရသည်။

ဒုတိယအကြောင်းအချက်မှ နိုင်ငံရေးနှင့်သက်ဆိုင်သည်။ ၂၀၁၅ ခုနှစ်စက်တင်ဘာလ ၄ ရက်နေ့၌ထုတ်ပြန်သော UWSA ၏ကြေညာချက်တွင်အမေရိကန် ဥရောပနှင့် အနောက်အုပ်စုများ မြောက်ပိုင်းပဋိပက္ခတွင် မပါဝင်ရန်အတိအလင်း ထုတ် ပြန်ခဲ့သည်ကို တွေ့ရသည်။ လက်ရှိ မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အနောက်အခြေစိုက်အဖွဲ့အစည်းများက ရံပုံငွေအပါအင်တိုက်အားတိုက်ကူညီနေကြပေရာ အနောက်အုပ်စု၏ သြဇာ တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် သက်ရောက်လာမည်ကိုလက်သင့်ခံနိုင်ပုံမရပေ။ ဘာတေးလင်နာသုံးသပ်သကဲ့သို့ တရုတ်တို့အနေနှင့် နယ်စပ် တည်ငြိမ်ရေးကိုလိုလားသော်လည်း အနောက်အုပ်စုသြဇာ တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပေါ်သို ရောက်လာမည်ကိုလိုလားမည် မဟုတ်ပေ။ ထို့ကြောင့်လည်း UWSA သည် မြောက်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့များနှင့် ပို၍ နီးနီးကပ်ကပ် ဆက်ဆံပုံရသည်ဟု သုံးသပ်ကြသည်။

ထို့ပြင် လက်ရှိ မြောက်ပိုင်း ၄ ဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် UWSA ပါဝင်လာခြင်းသည် စစ်အင်အားချိန်ခွင်လျှာညှိရန် ဖြစ်နိုင်ချေ ရှိသည်ဟုလည်း ယူဆဘွယ်ဖြစ်သည်။ လက်ရှိ စစ်ပွဲဖြစ်ပွဲနေသော မြောက်ပိုင်း ၄ ဖွဲ့နှင့် ဆွေးနွေးရေးကို UWSA က တောင်းဆိုထားသကဲ့သို့ မြောက်ပိုင်း ၄ ဖွဲ့ကလည်း ၎င်းတို့နှင့်ဆွေးနွေးပွဲတွင် UWSA အား အသိသက်သေအဖြစ် ပါဝင် ရေးကို တောင်းဆိုထားသည်။

ထို့ပြင် ၂၀၁၆ စက်တင်ဘာ ၁ ရက်နေ့က ၂၁ ရာစုပင်လုံညီလာခံအားသပိတ်မှောက်ထွက်ခွါခဲ့သည့် UWSA သည် ၄ လခန့် အကြာ ၂၀၁၆ ဒီဇင်ဘာ၂၀ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်သက်ဆိုင်သော ရန်ပုံငွေ ဆိုင်ရာ ဆွေးနွေးကစပြီး ပြန်လည်ပါဝင်လာခဲ့သည်ကို တွေ့ရသည်။ လာမည့်ကာလများတွင်လည်း မြောက်ပိုင်းအဖွဲ့များ တိကျစွာပြောရလျင် တရုတ်နယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းရပ်ခံ၍ ဆက်လက်၍ တက်ကြွစွာပါဝင်သွားဖွယ် ရှိသည်။

UWSA သည် တရုတ်နှင့် နီးနီးကပ်ကပ်ရှိသည်ဟု ပြည်တွင်း ပြည်ပ အကဲခတ်အားလုံးလိုလိုက သုံးသပ်ထားကြသည်။ လက်ရှိ တရုတ်နယ်စပ်ရှိ မြောက်ပိုင်းအဖွဲ့များနှင့် လက်တွဲ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တက်ကြွစွာပါဝင်လာခြင်းသည် တရုတ်တို့၏သဘောထားနှင့်ဆက်စပ်ပတ်သက်မှု ရှိသည် (သို့မဟုတ်) မရှိ ဟုဆိုသည်နှင့်ပတ်သက်၍ ယတိပြတ်ပြောရန် ခက်ခဲ လှသော်လည်း UWSA အနေနှင့် ရှေ့လာမည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် မြောက်ပိုင်းအဖွဲ့များနှင့် တွဲ၍ တက် ကြွစွာ ပါဝင်လာတော့မည်ဆိုသည် အချက်ကတော့ သေချာသလောက်ရှိသည်ဟု သုံးသပ်ရပေသည်။

အထက်ပါ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အကြောင်းအချက်များက နှစ်ပေါင်းများစွာ သီးခြားနေခဲ့သော UWSA အား အ ခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မဟာမိတ်ပြုရန် တွန်းထုတ်လိုက်သည်ဟု ဆိုရပါမည်။

ပြီးပါပြီ
မောင်မောင်စိုး ( Mg Mg Soe )

(ဇန်န၀ါရီ ၈ ရက် ၂၀၁၇ ရက်နေ့က ဧရာဝတီမြန်မာပိုင်းတွင်ဖေါ်ပြပြီးဖြစ်သည်။)
.