ဇော်အောင် (မုံရွာ) ● ဒေါ်အောင်ဆန်းစုကြည်နဲ့ ကချင် ရခိုင် အရေး

ဇော်အောင် (မုံရွာ) ● ဒေါ်အောင်ဆန်းစုကြည်နဲ့ ကချင် ရခိုင် အရေး
(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၇

● ကချင် ကေအိုင်အေတွေ
ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့နဲ့ ပင်လုံညီလာခံနေပြည်တော်မှာ ကေအိုင်အေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ကြ မယ် ကောလဟာလသံကြားရတော့ ကေအိုင်အေနီးစပ်သူများကို မေးကြည့်ပါတယ်။ ကေအိုင်အေ နေပြည်တော်လာဖို့ စတင်ကမ်းလှမ်းပါပြီ၊ အချိန် နေရာ မပါပဲ လာပါဆိုတော့ တမျိုးပဲတဲ့။

ကေအိုင်အေတွေ ရမ်းစိတ်ဆိုးနေတယ်ဟုတ်လား မေးတော့ .....
ဟုတ်တယ်လို့ ဖြေတယ်။

"ဘာကြောင့်လဲ နယ်စပ်က ကေအိုင်အေစခန်းလေးတွေ များစွာ ဂိဒေါင်စခန်းအပါအဝင် အင်အားသုံး လေကြောင်းဗုန်းကြဲ သိမ်းပြတာကြောင့်လား" မေးတော့ "ဒါကြောင့်လဲ မဟုတ်ပါဘူး" ဖြေတယ်။

"အရင်လက မြန်မာပြည်လုံးဆိုင်ရာ ခရစ်ယန်သင်းအုပ်ဆရာများ ကွန်ဖရင့်မှာ ကချင်ပြည်နယ်က ကချင်သင်းအုပ်ဆရာများ ထပြီး အလွန်မကျေနပ်စွာ ရင်ဖွင့်ကြတယ်။ မြန်မာပြည် အနှံ့က ရောက်လာတဲ့ သင်းအုပ်ဆရာတချို့ ဘာသာရေးကွန်ဖရင့်မှာ နိုင်ငံရေးအသံကြားရတော့ အစိုးရ လာဖမ်းမလား စိုးရိမ်ကြသေးတယ်။ နောက်ဆုံးတော့ ဒို့အားလုံး ကချင်ပြည်နယ် ပြဿ နာက အရေးကြီးတယ်။ ဝိုင်းဆုတောင်းပေးရမယ်ပြောပြီး ဆုပဲတောင်းပေးကြတယ်ဆိုပဲ။ ဘာပြသနာလဲ?" မေးတော့ ...

"နိုင်ငံရေးပြဿနာပဲ" လို့ ဖြေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည် တိုက်ပွဲတွေမှာ ဘာသံမှမထွက်ဘူး။ ဒါကို ဘယ်လိုမြင်သလဲ" မေးတယ်။

"ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က စစ်တပ်အလိုကျ လုပ်နေရပြီ။ သူက ကောင်းပါတယ်။ ကမ္ဘာသိ သြဇာကြီးတဲ့ ခေါင်း ဆောင်ကြီးပါ။ လေးစားပါတယ်။ ဒါပေမဲ့ ဗမာတွေအတွက်ပဲ ကောင်းတာပါ။ ကချင်တွေအတွက်တော့ မကောင်းဘူး။ ပို တောင် ဆိုးလာသလိုပဲ။ စစ်ရှောင်ဒုက္ခသည်တွေ ပိုတောင်များလာသေးတယ်" လို့ ဖြေပါတယ်။

"ကချင်စစ်ရှောင် ဒုက္ခသည်တွေအတွက် အတိုင်ပင်ခံရုံးက ထောက်ပံ့ငွေ သိန်းထောင်နဲ့ချီ တရားဝင်ပေးနေပြီလေ။ စစ်တပ် ကသဘောတူလို့ အစိုးရက တရားဝင်ကူညီနေပြီပဲ။ ၂၀၁၂ သမတဦးသိန်းစိန်လက်ထက်ကတည်းက စစ်တပ်လေကြောင်း ထိုးစစ် အကြီးကျယ်လုပ်စဉ်က ဒေါ်အောင်ဆန်းစုကြည် ငြိမ်နေပေမယ့် စစ်ရှောင်ဒုက္ခသည်များကို ၃ ကြိမ်တိုင် ကျပ်သိန်း ရာချီ လှူဒါန်းခဲ့တယ် မဟုတ်လား" လို့ မေးလိုက်ပါတယ်။

"ဒီအတွက် စစ်ရှောင်ဒုက္ခသည်များကိုယ်စား ကျေးဇူးတင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဗမာစစ်တပ်သဘော ကျ ဖြစ်နေပြီ။ အခုကြည့်သူပါလား .... ဦးကိုနီ မတရား အကြမ်းဖက်လုပ်ကြံခံရလို့ သေဆုံးသွားရှာတာ ဝမ်းနည်းကြောင်း စကားတခွန်းတောင် မပြောဘူးလေ။ ရခိုင်အရေးလည်း ဒီအတိုင်းပဲ .... ရခိုင်ပြည်နယ်ကထွက်တဲ့ဓါတ်ငွေ့ နှစ်စဉ် ဒေါ်လာ ဘီလျံနဲ့ချီပြီး ရခိုင်တွေ တပြားမှမရဘူး။ အလားတူပဲ ကချင်ပြည်နယ်က ကျောက်စိမ်းတွေလဲ နှစ်စဉ် ဒေါ်လာဘီလျံနဲ့ ချီပြီး ရတာ ကချင်တွေ တပြားမှမရဘူး။ ကေအိုင်အေကုန်သည်တွေကို အခွန်ကောက်ရတဲ့ပိုက်ဆံနဲ့ မြစ်ကြီးနားမြို့ကို လျှပ်စစ်ပေး တယ်။ လမ်းခင်းတယ်။ ဒါတောင် စစ်တပ်ကုမဏီတွေနဲ့ အစိုးရ အီးပီစီက ၂ ဆတိုးတောင်းလို့ ပြည်မမှာ လျှပ်စစ် တယူနစ် ၃၅ ကျပ်၊ မြစ်ကြီးနားမှာ တယူနစ် ၃၀၀ ကျပ်၊ ဒီလိုပဲ ကချင်တွေ အရာရာမှာ အရမ်းနစ်နာနေတာ။ သူလုပ်နေတာတွေက စစ်တပ်လုပ်စေချင်တဲ့အတိုင်း ဖြစ်နေတာ။ သူခေါင်းဆောင်မဖြစ်ရင် ကချင်ပြည်နည်အတွက် ပိုကောင်းသလိုပဲ" လို့ ဖြေပါ တယ်။

"ဟာ ... မလုပ်ပါနဲ့ ... ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မလုပ်ရင် ဘယ်သူလုပ်နိုင်မှာလဲ။ ညှိနှိုင်းနေရတာပေါ့လေ။ သူ့လောက် သြဇာရှိတဲ့လူတောင် ငြိမ်နေရတာ ကြည့်ပါ။ မလွယ်တာ ဧကန်ပါပဲ။ ကချင် ရခိုင် အရေးတွေက အလွန်ခက်ခဲ ရှုပ်ထွေးတယ်ဆိုတာပြတာပါ။ မြန်မာစစ်တပ်ကြီး ကချင်ပြည်နယ်မှာရှိသလို တရုတ်စစ်တပ်ကြီးလည်း ကချင်နယ်စပ် ယူနန် ပြည်နယ်မှာရှိနေတာ သိတယ်မဟုတ်လား ...လို့ မေးကြည့်ပါတယ်။

"တရုတ်နဲ့ မြန်မာ စစ်အင်အားပြိုင်ချင်သလား မြန်မာစစ်တပ်က ဘာလို့တရုတ်ကို ချချင်နေရတာလဲ၊ မဖြစ်နိုင်ဘူး။ ကချင် ပြည်နယ်မှာ ဗမာစစ်တပ်ကြီးရောက်နေတာ ကေအိုင်အေကို တိုက်ဖို့ပဲဖြစ်နိုင်တယ်။ ကေအိုင်အေ စစ်ဗိုလ်ချုပ်တွေက အား လုံးနီးပါး စစ်ဆက်မတိုက်ချင်တော့ဘူး။ စစ်တိုက်လို့ ကချင်ပြည်နယ် လူထုပဲနစ်နာနေတာ အခုကြည့်ပါ။ စစ်ဘေးက အိုးအိမ် ပစ်ပြေးရတဲ့ ကချင်ဒုက္ခသည်တွေ ၄ နှစ်ကျော်ပြီ။ အလွန်ချမ်းအေးတဲ့ ဆောင်ဒဏ်ခံ အစာရေစာလည်း မလုံလောက်။ တရုတ်အစိုးရကလည်း မောင်းထုတ်။ ဒုက္ခရောက်ရတဲ့ကြား မူးယစ်ဆေးဝါး ဆေးပြားနဲ့ ဘိန်းစိုက်ခင်းတွေကလည်း ဘိန်း ဘုရင်တွေ ဝိသမစီးပွားရေးလုပ်ပြန်တယ်။ အခုတော့ ဖမ်းဆီးနေပေမဲ့ ပိုင်ရှင်မဲ့တွေချည်း ဖြစ်နေတယ်။ အဆုံးသပ်ရရင် ကချင်လူငယ်တွေ ကေအိုင်အေဖြစ်ပြီး သေနပ်ကိုင်နေရတယ်။ ကေအိုင်အေမဖြစ်ရင် မူးယစ်သားကောင် ကျောက်စိမ်း တွင်းတူးလုပ်သား ပညာမသင်နိုင်၊ တရုတ်ပြည်သွားအလုပ်လုပ်၊ ချွတ်ခြုံကျနေတာ စစ်ပွဲကြောင့်ပဲ။

ကေအိုင်အေက စစ်မတိုက်ချင်ပဲ NCA အပစ်ခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်ပဲ ကချင်ပြည်နယ် ပြည်တွင်းစစ်ပွဲတွေ ဖြစ် နေတာ ဘယ်သူ့ကြောင့်လဲဆိုတာ လူတိုင်းသိပါတယ်" လို့ ဖြေပါတယ်။

● မြန်မာငြိမ်းချမ်းလိုသူအမြင်
ဒါနဲ့ ကချင်ပြည်နယ် တခါမှမရောက်ဖူးသူ ကချင်ကျေးရွာတွေကို မရောက်ဖူးသူ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူ မိတ်ဆွေနဲ့ ဆက်ပြောကြပါတယ်။ သူကတော့ ကေအိုင်အေ NCA အပစ်ခတ်ရပ်စဲရေးကို ဘာပဲဖြစ်ဖြစ်ဆိုပြီး ဒေါ်အောင် ဆန်းစုကြည်ကို ယုံကြည်စွာလက်မှတ်ထိုသင်ကြောင်း။ လက်မှတ်ထိုးလိုက်ရင် ဗိုလ်မင်းအောင်လှိုင်တို့အုပ်စု အငိုက်မိသွား ပြီး ငြိမ်းချမ်းရေးခရီးစဉ် လမ်းစပြန်ပေါ်လာမှာဖြစ်ကြောင်း ၂၅ ရာခိုင်နှုန်းသော စစ်သားတွေ အမြန်ဆုံး လွှတ်တော်ထဲက ထွက် သွားစေချင်ကြောင်း စသဖြင့် ပြောတာ နားထောင်ရပြန်တယ်။

● စစ်တပ်ထောက်ခံသူအမြင်
ဖေ့ဘုတ်ကနေ လူသောင်းချီ လိုက်ခ် ပေးမှုရရှိထားတဲ့ ဝန်ကြီးဟောင်တဦးရေးထားတာလည်း စစ်တပ်ဖက်ကပါပဲ။ သူ ကိုယ်တိုင် ကချင်ပြည်နယ်မှာ ဗိုလ်ကြီးဘဝ စစ်ဆင်ရေးတွေလုပ်ခဲ့စဉ်အကြောင်း ကချင်လူမျိုးများအကြောင်း ခရစ်ယန်ဘာ သာအကြောင်း ကချင်ပြည်နယ်မှာ ကေအိုင်အေပျောက်ကျားစစ်ကိုနိုင်ဖို့မလွယ်ကြောင်းသိပေမယ့် သူ့အာဘော်ကတော့ တရုတ်က မပံ့ပိုးအောင် ဖြတ်တောက်ဖို့ တရုတ်စစ်တပ်နဲ့ မြန်မာစစ်တပ် ၂ ခုပေါင်းညီညွတ်လာရင် ကေအိုင်အေ ငြိမ်းချမ်း ရေးပါလာမယ် အယူအဆတွေ တွေ့ရပါတယ်။ စစ်ဝါဒီအမြင်တွေ သူတို့ (စစ်ဗိုလ်အငြိမ်းစားတွေ) မှာ ရှိနေတာ မဆန်းပါဘူး။

ဗိုလ်ချုပ်ဟောင်း အနောက်မြောက်တိုင်းမှူးအငြိမ်းစား ဗိုလ်ထွန်းကြည်ကတော့ သူကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိ အထူကြီး ၃ တွဲ ထုတ်ပါတယ်။ ထုံးစံအတိုင်း (သူ့အပေါ်) စစ်တပ်က ကောင်းကြောင်း။ ဗိုလ်ခင်ညွှန့် ထောက်လှမ်းရေးကြောင့် သူ ရာ ထူးကထွက်ရကြောင်း။ ကချင်ပြည်နယ်ကို ကေအိုင်အေနယ်မြေ စစ်တိုင်းမှူး မလုပ်လိုကြောင်း။ သူ့သူငယ်ချင်း အယ်လ် ကွန်ဖန်တိုင်းမှူးလုပ်နေတုန်း လုပ်ကြံခံရလို့ ဗိုလ်ထွန်းကြည် တိုင်းမှူးသွားလုပ်ဖို့ဖြစ်လာတော့ မသွားလိုကြောင်း လူကြီးများ ကိုပြောကြောင်း၊ သူ့စာအုပ်မှာ ဝန်ခံရေးသားထားပါတယ်။ ကချင်ပြည်နယ်က ခက်ခဲကြောင်း စစ်ဗိုလ်ချုပ်ဟောင်းတွေမှာ သမာသမတ်အရှိဆုံးတယောက်ဖြစ်တဲ့ အမျိုးသားလွှတ်တော် ဥက္ကဌဟောင်းကြီးကလလည်း ပြောပါတယ်။

ကျန်တဲ့ စစ်အာဏာရှင်စိတ်ရှိသူတွေ စစ်ဝါဒီတွေက "ချကွာ ချကွာ အမြင်ရှိသူများစွာတို့နဲ့အတူ သူတို့လည်း" ကချင်ရွာတွေ တခါမှ မရောက်ဖူးကြပါဘူး။ ရောက်ဖူးသွားသူများကတော့ အပြတ်တိုက်ခိုက်နှိမ်နင်းဖို့ မလိုလားကြပါဘူး။ မဖြစ်နိုင်မှန်း သိ လို့ပါ။

တရုတ် အမေရိကန်က ဒေသသြဇာအတွက်ရော စီးပွားရေးအင်ပါယာချဲ့ဖို့ကြိုးစားနေတာ တရုတ်ပဲ နိုင်နေဆဲပါ။ စစ်အာဏာ ရှင်ခေါင်းဆောင်ဟောင်းကြီးကတော့ တရုတ်အင်ပါယာချဲ့တာ သူမတတ်နိုင်လို့ မကာကွယ်နိုင်လို့ ဆင်းပေးသွားပါတယ်။ ပြီးတော့ သူ့မိသားစုလည်း ယခင်အာဏာရှင်ဟောင်းကြီးမိသားစုလိုပဲ နာမည်ပျက် ထောင်ကျ မဖြစ်လိုတာ အဓိက ကျမယ် ပြောသူများလည်း ရှိပါတယ်။ သူ့သြဇာခံ ဦးသိန်းစိန် အစိုးရလည်း တရုတ်သြဇာ တောင့်မခံနိုင်ပါဘူး။ မြစ်ဆုံ ကြေးနီ ကျောက်စိမ်းနဲ့ ရွှေဓါတ်ငွေ့ သယံဇာတတွေနဲ့ ကချင် ရခိုင် လူမျိုးရေး ပြဿနာ ရှုပ်ထွေးနေသမျှ ပြည်တွင်းစစ်  မငြိမ်းချမ်း နိုင်ပါ။ အရေးထဲ ဗုဒ္ဓ မွတ်ဆလင် ခရစ်ယာန် ဘာသာရေးကို အသုံးပြုလှုံ့ဆော်တဲ့ မဘသစတိုင်လ်တွေကိုလည်း သတိ ထားနေရပါမယ်။ ကြံ့ခိုင်ရေးပါတီအစိုးရလည်း လူထုလုံးဝမကြည်ဖြူတော့ ရွေးကောက်ပွဲ အပြတ်သတ်ရှုံး အာဏာလွဲပေး ရပါတော့တယ်။

အခု အတိုင်ပင်ခံရုံးက ကချင်ပြည်နယ်အတွက်ပံ့ပိုးမှုကို ကြိုဆိုပါတယ်။ ပင်လုံညီလာခံအတွက် ကေအိုင်အေ NCA အပစ် ခတ်ရပ် လက်မှတ်ထိုးဖို့ နိုင်ငံရေးပြဿနာ အမြန်ဆုံးဖြေရှင်းကြဖို့ မျှော်လင့်နေပါတယ်။

ဇော်အောင် (မုံရွာ)
ဖေဖော်ဝါရီ ၄၊ ၂၀၁၇