တူမောင်ညို - အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၁၀)

photo - AFP/Getty


တူမောင်ညို - အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၁၀)
(သင့်မြတ်ရေးမြူပဝါအောက်က ပင်လုံသမိုင်း )
(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၇

သမိုင်းဆိုတာ အတိတ်မှာဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေပါပဲလို့ ပြောမယ်ဆိုလည်း ပြောလို့ရနိုင်တာပါပဲ။

မကြာသေးခင်ကတော့ အတိတ်ကို အတိတ်မှာထားခဲ့၊ အတိတ်သံဆူးကြိုးမှာ ညှိတွယ်မနေကြနဲ့လို့ လမ်းညွန်ခဲ့ဖူးသေးတာပဲ မဟုတ်ပါလား။

အခုတော့ “သမိုင်းကနေ ဘယ်သူမှ မလွတ်မြောက်နိုင်ပါဘူး” လို့ ပြောနေပြန်ပါတယ်။

ဒါ့အပြင် “ သမိုင်းဆိုတာ ဘယ်တော့မှရပ်မနေပါဘူး၊ ဆက်ပြီးတော့ လှုပ်ရှားသွားနေတာဖြစ်ပါတယ်”လို့ လည်း ပြောပါတယ်။ ဒီလိုပြောတော့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပါမောက္ခ ဖူကူယာမရဲ့ “သမိုင်းနိဂုံး” ဆိုတဲ့ ကမောက်ကမ အယူအဆကို လက်ခံနိုင်သူတော့ မဟုတ်ပါလားဆိုတဲ့အချက်ကို သတိပြုလိုက်မိပါတယ်။

သုံးစွဲသွားတဲ့ မထိတ်သာမလန့်သာ စကားလုံး အသုံးအနှုန်းတစ်ခုက “ပြည်သူလူထုရဲ့ခုံရုံးရှေ့မှာ” တဲ့။

ဒီခုံရုံးကို စစ်အုပ်စုကို သမိုင်းတရားခံအဖြစ် စွဲချက်တင်ဖို့ မဟုတ်လောက်ပါဘူး။ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ “တပ်မတော်” အပေါ် သံယောဇဉ်ကြီးလွန်းရှာသူဖြစ်ပါတယ်။

(ခုံရုံးဆိုရင် သွေးလန့်တတ်တဲ့ စစ်အုပ်စုတော့ ဘယ်လိုနေမလဲ မသိပါဘူး။ မှတ်မိကြအုံးမှာပါ “နူရင်ဘတ်ခုံရုံး” ဆိုတဲ့အသံ ကြားကတည်းက စစ်အုပ်စုက ဖျားချင်သလိုလို နာချင်သလိုလိုဖြစ်နေတာမဟုတ်လား)

ဒါ့အပြင် “အများကို တစ်ခဏလှည့်ဖြားလို့ရပါလိမ့်မယ်၊ အားလုံးကို ထာဝရ ဘယ်တော့မှ လှည့်ဖြားလို့မရပါဘူး” ဆိုတဲ့ စကား ကို ကိုးကားပြောဆိုပါသေးတယ်။ ဒီစကားကို၊ ဒီသြဝါဒကို အတိုင်ပင်ခံက နှစ်သက်ပုံရပါတယ်။ မကြာခဏ ကိုးကားတတ်ပါတယ်။ ခက်နေတာက ဒီစကားက ဘယ်သူ့ကို ရည်ညွန်းပြောဆိုနေမှန်းမသိတာပါ။

အခုလို နွေဦးပေါက်တော့မယ့်အချိန် အညာဘက်မှာ တွေ့ရလေ့ရှိတဲ့“သင့်ကြောင့် မီးမလောင်ပါစေနှင့်” ဆိုတဲ့ ဆိုင်းဘုတ်လို အားလုံးကို ရည်ညွန်းနေပုံရပါတယ်။ အချိန်အခါကလည်း “အားလုံးပါဝင်ရေးမူ” ရေပန်းစားနေတဲ့ ခေတ်ကာလ မဟုတ်လား။

“ ခေတ်အဆက်ဆက် ကမ္ဘာတည်သရွေ့ ကျွန်မတို့ရဲ့လုပ်ရပ်တွေကို မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် ကသုံးသပ်ပြီး စီရင်ချက်ချသွားမှာဖြစ် တယ် ”လို့လည်း ပြောပါတယ်။ အခု မျက်မှောက်မှာပဲ လေ့လာဆန်းစစ်သုံးသပ်နေကြပါပြီ။

“ကျွန်မတို့ရဲ့လွတ်လပ်ရေးခေါင်းဆောင်ကြီးများဟာ ပင်လုံသမိုင်းကို စတင်ပြီးတော့ ထူထောင်ခဲ့တယ်။ ဒီသမိုင်းဟာ အောင် အောင်မြင်မြင်နဲ့နိဂုံးချုပ်ဖို့အတွက် တာဝန်ကတော့ ကျွန်မတို့ အပေါ်မှာ ကျရောက်လာပြီဖြစ်ပါတယ်။ ” တဲ့။

ဒီအချက်ကနေ အစပြုပြီး ဆန်းစစ်ကြပါစို့။

“ပင်လုံသမိုင်း” ကို အောင်အောင်မြင်မြင်နဲ့ ဘယ်လိုနိဂုံးချုပ်ကြမလဲ။ တာဝန်ကျရောက်လာပြီ တဲ့။

သမိုင်းကို သင်တာ မအ ဖို့လို့ သြဝါဒပေးကြပါတယ်။ သမိုင်းကနေ ဘယ်သူမှ ဘယ်တော့မှ မလွတ်မြောက်နိုင်ဘူး လို့လည်း ဆိုနေကြတယ်မဟုတ်လား။ ဒီတော့ မပြီးဆုံးသေးတဲ့ (ဝါ) အတိုင်ပင်ခံပြောတဲ့စကားလုံးအတိုင်းဆိုရင် ပင်လုံသမိုင်းကို အောင်အောင် မြင်မြင် နဲ့ ဘယ်လိုနိဂုံးချုပ်ကြမလဲ။

ပင်လုံသမိုင်းဟာ သူ့သမိုင်းနေရာမှန်ကို မရောက်သေးဘူး။

ဒီလိုမရောက်သေးတာဟာ နှစ်အပိုင်းအခြားနဲ့ပြောရရင် ပင်လုံစာချုပ်ဟာ နှစ်ပေါင်း ၇၀ ပြည့်ခဲ့ပြီ။ မျိုးဆက် ၃ ဆက်တိုင်ခဲ့ပြီ၊ ဒီသမိုင်းအောင်အောင်မြင်မြင်နိဂုံးချုပ်အောင်ဘယ်လိုလုပ်ကြမလဲ။ အောင်မြင်ဖို့ဆိုရင် မှန်ကန်တဲ့နည်းလမ်းဖြစ်ဖို့လိုပါတယ်။ နည်းလမ်း နဲ့ ပတ်သက်ပြီးလည်း ဖြောင့်မတ်မှန်ကန်ဖို့ အတိုင်ပင်ခံပုဂ္ဂိုလ်က အမြဲတန်းသတိပေးသူ၊ အလေးထားသူဖြစ်ပါတယ်။

ဒီအတွက် သမိုင်းကို ဘယ်လိုဆက်ခံမလဲ။ ဘယ်သမိုင်းကို ဆက်ခံမလဲ ဆိုတဲ့ အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒီအချက်ကို တိကျရှင်းလင်း၊ ကြည်လင်စွာ သိမြင်နားလည်ထားဖို့ အရေးကြီးပါတယ်။ ပိုးကြိုးကို ပိုးကြိုးချင်းပဲ ချိတ်ဆက်ရမှာမဟုတ်လား။ မျိးဆက် သစ်ကို ဘယ်လို သမိုင်းအမွေဆက်ခံစေချင်တာလဲ။ ပင်လုံစာချုပ်ဖြတ်သန်းလာခဲ့တဲ့ နှစ်ပေါင်း ၇၀ သမိုင်းကာလကို ပိုင်းခြားကြည့် လိုက်မယ်ဆိုရင် -

ပင်လုံသမိုင်းကို စတင်ခဲ့တဲ့ လွတ်လပ်ရေးခေါင်းဆောင်ကြီးတွေရဲ့သမိုင်းဟာ နယ်ချဲ့ဆန့်ကျင်တဲ့၊ ဖက်ဆစ်တော်လှန်တဲ့၊ လွတ်လပ်ရေးကြိုးပမ်းတဲ့ တိုင်းပြုပြည်ပြုသမိုင်းဖြစ်ပါတယ်။

ဗိုလ်နေဝင်းစစ်အုပ်စုရဲ့သမိုင်းကတော့ ပင်လုံစာချုပ်ကို ကမောက်ကမဖြစ်အောင်၊ သရုပ်မပျက်ပျက်အောင် ဖျက်လိုဖျက် ဆီးလုပ်ကြသူများရဲ့သမိုင်းဖြစ်ပါတယ်။ ဒီသမိုင်းကာလဟာ ၁၉၆၂ ကနေ ရေတွက်ရင် နှစ်ပေါင်း (၅၀) ကျော်ခဲ့ပါပြီ။ ပင်လုံစာချုပ် ဖြတ်သန်းလာတဲ့ သမိုင်းရဲ့ လေးပုံသုံးပုံရှိတဲ့ကာလဖြစ်ပါတယ်။ (၁၉၄၈ ခုနှစ်ကနေ ၁၉၆၀ ခုနှစ်များထိ လွတ်လပ်ရေးရပြီး ၁၀ နှစ် ကျော်ကြာကာလတို အတွက်တော့ (ဖဆပလ) အုပ်စိုးသူများမှာတာဝန်ရှိပါတယ်)။

“ဖက်ဒရယ်” ဆိုတာ ခွဲထွက်ရေးလို့ သပုတ်လေလွင့်သရုပ်ဖျက်ကြပြီး၊ အတုအယောင်ပြည်ထောင်စုနဲ့ လှည့်ဖြားအုပ်စိုးခဲ့ကြတဲ့ သမိုင်းလို့ လည်းပြောလို့ရပါတယ်။ “၁၉၄၇ အခြေခံဥပဒေ” ဆိုတာလည်း တပြည်ထောင်စနစ်ဖွဲ့စည်းပုံပါလို့ ဒီအခြေခံဥပဒေကို ပြုစုသူ ကိုယ်တိုင်က အတိအလင်းဝန်ခံထားခဲ့ပြီပဲ။

ဒါကြောင့် မျိုးဆက်သစ်လူငယ်များအနေနဲ့ ဘယ်သမိုင်းကို လက်ခံရမယ်ဆိုတာ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ တိကျရှင်းလင်းပြီး မှန်ကန်စွာ ညွန်ပြပေးဖို့ တာဝန်ရှိပါတယ်။ မိန့်ကြားပေးဖို့ လိုအပ်ပါတယ်။ မြူလိုလို၊ နှင်းလိုလို ဝိုးတိုးဝါးတား မလုပ်သင့်ပါဘူး။

a leader must lead လို့ ဗိုလ်ချုပ်အောင်ဆန်းက မိန့်ကြားခဲ့ဖူးတာပဲ။ ခေါင်းဆောင်နဲ့ခေါင်းဆောင်မှုဟာ ရှင်းလင်း၊ တိကျ၊ ပြတ်သားဖို့လိုပါတယ်။ နှစ် ၇၀ ပြည့်၊ ပြည်ထောင်စုနေ့က အတိုင်ပင်ခံပုဂ္ဂိုလ်မိန့်ကြားသွားတာတွေထဲမှာ လှံလိုဓားလို ပြတ်ပြတ် သားသား ရှိတာဆိုလို့ (NCA)စာချုပ်ကို သတ္တိရှိရှိလက်မှတ်ထိုးလိုက်ကြပါလို့ တိုက်တွန်းပြောဆိုလိုက်တဲ့ အချက်ကလွဲပြီး တခြားဘာမှ ထူးထူးခြားခြား မတွေ့ မိ၊ မမြင်မိ၊ မကြားမိပါဘူး။

မှန်ကန်တဲ့သမိုင်းကို အမွေဆက်ခံမှသာ မှန်ကန်တဲ့သမိုင်းတာဝန်ကို အချိတ်အဆက်မိမိ ပြီးမြောက်အောင်မြင်စေနိုင်မှာပါ။ “နိုင်ငံပြုသမိုင်း”ကို ဆက်ခံရမှာလား။ “နိုင်ငံဖျက်သမိုင်း” ကို ဆက်ခံရမှာဆိုတာ ကွဲပြားဖို့လိုပါတယ်။ ရှင်းလင်းလွယ်ကူအောင်ပြောရရင် “ဗိုလ်အောင်ဆန်းသမိုင်း” ဟာ နိုင်ငံပြုသမိုင်း၊ တန်းတူရေးနဲ့သွေးစည်းရေးသမိုင်း၊ ညှိနှိုင်းဆွေးနွေးတဲ့သမိုင်းဖြစ်ပါတယ်။

“ ဗိုလ်နေဝင်းသမိုင်း” ကတော့ နိုင်ငံဖျက်သမိုင်း၊ အတုအယောင်ပြည်ထောင်စုနဲ့သွေးခွဲမှိုင်းတိုက်တဲ့သမိုင်း၊ အပြုတ်တိုက် ချေမှုန်းတဲ့ သမိုင်း၊ “တပ်ငြိမ်းမူ ၆ ရပ်” ကို အဓမ္မလက်ခံခိုင်းတဲ့သမိုင်းဖြစ်ပါတယ်။ ဗိုလ်နေဝင်းဟာ ရဲဘော်သုံးကျိပ်ထဲက အဖွဲ့ဝင်တစ် ယောက်ပါပဲ။ ဒါပေမယ့် သူနေသွား၊ သေသွား၊ အမွေထားသွားတဲ့သမိုင်းက တိုင်းပြည်နဲ့အဖိနှိပ်ခံပြည်သူလူထုအပေါ်ဖိနှိပ်ဗိုလ် ကျတဲ့ သမိုင်းဖြစ်ပါတယ်။ ဗိုလ်နေဝင်းရဲ့ မိဆိုင်ဖဆိုင် ဒီအမွေဆိုးကို ဒီကနေ့ စစ်အုပ်စုက ဆက်ခံ၊ ထိန်းသိမ်း၊ ကာကွယ်ထားပါတယ်။ ဒါ့အပြင် ဒီအမွေဆိုးကို “၂၀၀၈ အခြေခံဥပဒေနဲ့ အညီ၊ ခေတ်စနစ်နဲ့အညီ” စစ်အုပ်စုက တိုးချဲ့ထားတယ်မဟုတ်လား။

ဒါကြောင့်လူငယ်မျိုးဆက်သစ်တွေဟာ ဒီသမိုင်းအမွေနှစ်ရပ်အနက် ဘယ်သမိုင်းကိုဆက်ခံရမယ်ဆိုတာကို ရှင်းလင်းနေဖို့ အရေးကြီးပါတယ်။ ဒါမှလည်း သမိုင်းပေးတာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်က ပင်လုံသမိုင်းကို အောင်အောင်မြင်မြင်နိဂုံးချုပ်ရမယ့်တာဝန်ဟာ ကျွန်မတော့ အပေါ်ကျရောက် လာပြီလို့ ဆိုခဲ့ပါတယ်။ နိဂုံးချုပ်ပေးရမယ်။ အောင်မြင်ပြီးဆုံးအောင်ဆောင်ရွက်ပေးရမယ့် သမိုင်းတာဝန် ဘာလဲဆိုတာ ကို ကြည်လင်ရှင်းလင်း လာအောင်လုပ်ပေးရပါအုံးမယ်။ ဘာကြောင့်လဲဆိုတော့ ပင်လုံသမိုင်းဟာ စစ်အုပ်စုက နှစ်ပေါင်းများ ထူထပ်ညစ်ပတ်တဲ့ ရွံပုပ်တွေနဲ့ ပက်ပြီး သရုပ်ဖျက်ခံထားခဲ့ရတဲ့ သမိုင်းဖြစ်နေတာကြောင့်ပါပဲ။

နှစ် ၇၀ ပြည့်၊ ပြည်ထောင်စုနေ့က အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသွားတဲ့ မိန့်ခွန်းဟာ ဆောင်းအကုန်နွေအကူး မြူတွေနှင်းတွေဝေ တတ်တဲ့အချိန် မန္တလေးတောင်ပေါ်တက်ကြတဲ့ တူဝရီး နှစ်ယောက်ရဲ့အဖြစ်နဲ့သွားတူနေပါတယ်။

မန္တလေးတောင်ပေါ်ရောက်တော့ “ကြီးတော်”က “တူလေး” ကို ညွန်ပြတယ်။ ဟိုးမှာတွေ့လား “ဘော်ငွေရောင်စစ်ကိုင်း တံတားကြီး” တဲ့။ ကြီးတော် လက်ညှိုးညွန်တဲ့ အနောက်တောင်ဘက်ယွန်းယွန်းဆီကို လှမ်းကြည့်လိုက်တော့ မြူတွေမှုန်နေတာကလွဲလို့ ဘာဆို ဘာမှ မမြင်ရပါဘူး။ “ကြီးတော်ရဲ့ ဘာမှမမြင်ရပါလား”လို့ လူငယ်ပီပီ ဘွင်းဘွင်းပဲပြောရှာပါတယ်။ တကယ်တော့ကြီးတော်ခမျာ အသက်ကလည်း ကြီးရှာပြီ၊ အဝေးမှုန်သူလည်း ဖြစ်ပြန်၊ ဒါ့အပြင် မျက်မှန်ကလည်း အိမ်မှာမေ့ကျန်ရစ်တယ်။ တကယ်တော့ ကြီးတော် လက်ညှိုးညွန်ပြနေတဲ့အရပ်မှာ စစ်ကိုင်းတံတားကြီး မရှိဘူးလားဆိုတော့၊ အဟုတ်ရှိ၊ တကယ်ရှိ၊ အမှန်ပဲရှိပါတယ်။ စစ်ကိုင်းတံတားကြီး က ဘယ်မှရွေ့မသွားပါဘူး။ ဒါပေမယ့် စစ်ကိုင်းတံတားကြီး ဟာ ဆောင်းမင်းသမီးရဲ့ မြူပဝါနောက်မှာ ပျောက်ကွယ်နေတာပါ။

ဒီကနေ့ လူငယ်မျိုးဆက်သစ်တွေအနေနဲ့လည်း ဆက်ခံရမယ့် သမိုင်းတာဝန်ကို “သင့်မြတ်ရေး မြမြူပဝါ ကွယ်နေလို့ မှုန်မှုန် ဝါးဝါး၊ ရီရီ၊ ဝေဝေပဲ မြင်နေ၊ သိနေရမယ်ဆိုရင် ဘယ်လိုလုပ်ပြီး၊ ပြီးမြောက်အောင်မြင်အောင်ထမ်းရွက်နိုင်မှာလဲ။

“ ဘယ်သူမှ မလွတ်မြောက်နိုင်တဲ့ သမိုင်း” ကို သင့်မြတ်ရေးအမြင်နဲ့ကြည့်နေရင် ကြည်လင်ပြတ်သားစွာ မြင်နိုင်၊ တွေ့နိုင် ပါ့မလား။ ဒါကြောင့် နေရောင်ခြည်နဲ့တူတဲ့ ရှင်းလင်း၊ တိကျ၊ ပြတ်သားတဲ့ညွန်ပြမှုမျိုး လိုကို လိုအပ်ပါတယ်။ ဒါကြောင့် ပြတ်သားတဲ့ ဆန်းစစ် ဝေဖန်မှုမျိုးနဲ့ ညွန်ပြပေးပါလို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကို လေးစားစွာပန်ကြားလိုက်ပါတယ်။

အထူးသဖြင့် တာဝန်၊ တာဝန်ရှိမှု၊ တာဝန်သိမှုကို ညွန်ပြလေ့ရှိတတ်တဲ့ ခေါင်းဆောင်မှာလည်း ရှင်းလင်း၊ တိကျ၊ပြတ်သားစွာ ညွန်ပြရမယ့် တာဝန်လည်းရှိနေပြန်တယ်မဟုတ်ပါလား။

အတိုင်ပင်ခံပုဂ္ဂိုလ်က ပင်လုံသမိုင်းအောင်အောင်မြင်မြင်နဲ့ နိဂုံးချုပ်ဖို့ပြောနေတော့။

ပင်လုံသမိုင်း ရဲ့ “ နိဒါန်း နဲ့ စာကိုယ်” က ဘာလဲ။

ဒီအပိုင်းကို ဆက်ရေးပါအုံးမယ်။