အောင်မော်ဦး ● တော်လှန်ရေးမှာ သွေးသန့်ခဲ့ကြတယ်

အောင်မော်ဦး ● တော်လှန်ရေးမှာ သွေးသန့်ခဲ့ကြတယ်
(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂ဝ၁၇

“တိုင်းပြည်တပြည်လင်းဖို့ ကိုယ့်ကိုယ်ကိုယ် ထင်းထည့်သလို ထည့်ခဲ့ကြတယ်
တိုင်းပြည်တပြည်လင်းဖို့ ပျိုမြစ်နုနယ်တဲ့ လူငယ်ဘဝတွေကို စတေးခဲ့ကြတယ်
တိုင်းပြည်တပြည်လင်းဖို့ မိသားစုအလိုက်ကို ရင်းပစ်ခဲ့ကြတယ်“

စစ်အစိုးရအဆက်ဆက် ဖျောက်ဖျက်ဖုံးကွယ်ခံထားရတဲ့ ကျောင်းသားသမိုင်းဟာ ခု အရပ်သားအစိုးရလက်ထက်မှာလည်း ဖော်ပြခြင်းမခံရပါဘူး။ ရင်နာဖို့ကောင်းတာက ခုအစိုးရ (ပြည်သူတွေပြောသလို ကိုယ်တင်တဲ့အစိုးရ) လက်ထက်မှာမှ အစိုးရပိုင်မီဒီယာကနေ ဦးလှရွှေလို သမိုင်းဝင်ကျောင်းသားခေါင်းဆောင်တဦးကို စော်ကားလိုက်တဲ့အဖြစ်ပါ။ ဒါကြောင့်မို့လို့ ကျနော်တို့မျိုးဆက်တွေအနေနဲ့ ကျောင်းသားလှုပ်ရှားမှုသမိုင်းနဲ့ ကျောင်းသားလှုပ်ရှားမှုသမိုင်းရဲ့တန်ဖိုးကို ထိန်းသိမ်းကြဖို့ လည်း တာဝန်ရှိသလို ဖော်ထုတ်ကြဖို့လည်း တာဝန်ရှိလာပါတယ်။

ကျောင်းသားခေါင်းဆောင် ဦးလှရွှေကို ကျောင်းသားသမဂ္ဂဆောက်မယ့်ဆွေးနွေးပွဲတက်ဖို့အတွက် ဖိတ်ဖို့မေ့ကျန်ခဲ့ (သို့) ချန်လှပ်ထားခဲ့ပေမယ့်လည်း အစည်းအဝေးပြီးဆုံးကြောင်း သတင်းထုတ်ပြန်ချိန်ကျကာမှ သတိတရနဲ့ နာမည်အအဝေါ် က အစ ကျကျနနရွေးချယ်သုံးနှုံးဖော်ပြခဲ့တာဟာဖြင့် သေချာစီစဉ်ထားတဲ့ ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်မှုတခုသာဖြစ် တယ်လို့ ပြောရမယ်ထင်ပါတယ်။

ဦးလှရွှေကို အသရေဖျက်တာနဲ့ပတ်သက်ပြီး သတင်းရေးသားသူကို အရေးယူတဲ့ကိစ္စကတော့ ပုံနှိပ်ထုတ်ဝေရေးဥပဒေ အပါအဝင် လူသားဂုဏ်သိက္ခာနဲ့ပတ်သက်တဲ့ စော်ကားမော်ကားပြုမှုကို ကာကွယ်တဲ့ ဥပဒေပုဒ်မတွေနဲ့အညီ လုပ်ဆောင်ရမယ့်ကိစ္စလည်းဖြစ်သလို ပြန်ကြားရေးဝန်ကြီးဌာနရဲ့  တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့လည်း တိုက်ရိုက်သက်ဆိုင်နေပါတယ်။

သတင်းရေးသူဟာ အများသူငါသိစေဖို့ သတင်းအချက်အလက်ပေးလိုတာထက် ရှေ့လာမယ့်လှုပ်ရှားမှုတခုမစတင်မီမှာ ပဋိပက္ခဖြစ်စေလိုတဲ့ရည်ရွယ်ချက်နဲ့ ဒီလှုပ်ရှားမှုမှာ အဓိကအခန်းကဏ္ဍကနေ (မဖြစ်မနေကို) ပါဝင်ရမှာဖြစ်တဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တဦးကို ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်တာအပေါ် မီဒီယာကျင့်ဝတ်နဲ့ညီညွှတ်မှုရှိမရှိဆိုတဲ့ကိစ္စဟာလည်း အစိုးရပိုင် မီဒီယာတခုဖြစ်တဲ့အတွက် ဒါဟာလည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့  တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။

ဦးလှရွှေတို့မျိုးဆက်သာ စစ်အာဏာရှင်စနစ်ကို မတော်လှန်ခဲ့ကြရင် ရှစ်လေးလုံးဆိုတာ ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ သူတို့မျိုးဆက်သာ ရှေ့က မရင်းခဲ့ကြရင် ခင်ဗျားတို့တတွေ ခုလို လက်သန်းတောင် ထောင်ခွင့်ရခဲ့ကြမှာ မဟုတ်ပါဘူး။ ဒေါ် အောင်ဆန်းစုကြည်ဟာ ဒီသမိုင်းကို ၁၉၈၈ ခုနှစ်ကျမှ လက်ဆင့်ကမ်းရယူခဲ့သူပါ။ သူတို့မျိုးဆက်ရဲ့ကျေးဇူး ဒေါ်အောင် ဆန်းစုကြည်ပေါ်မှာ ရှိပါတယ်။ သူတို့မျိုးဆက်ရဲ့ကျေးဇူး တိုင်းပြည်ပေါ်မှာရှိပါတယ်။ သူတို့မျိုးဆက်ရဲ့ကျေးဇူး မျိုးဆက်တိုင်း အပေါ်မှာ ရှိပါတယ်။

သူကိုယ်တိုင်ကိုယ်၌က သမိုင်းဖြစ်နေတဲ့ ကျောင်းသားခေါင်းဆောင်တယောက်ကို သေးသိမ်မှေးမှိန်အောင် ထိုးနှက်တိုက် ခိုက်တာဟာ ကျောင်းသားသမိုင်း၊ ကျောင်းသား တော်လှန်ရေးသမိုင်းကို သေးသိမ်မှေးမှိန်အောင် ထိုးနှက်တိုက်ခိုက်တာပါပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒါဟာ ငါတို့ကျောင်းသားလှုပ်ရှားမှုသမိုင်းရဲ့ တန်ဖိုးကို ထိပါးတာဖြစ်တယ်။ ဒါကို ငါတို့ ကာကွယ်ကြ ရမယ်၊ ဒီအတွက် သင့်တင့်တဲ့နည်းလမ်းတွေနဲ့ တုံ့ပြန်ကြရမယ် စသဖြင့် ဒီအသိနဲ့ လုပ်ကြကိုင်ကြသူ၊ ပြောကြဆိုကြသူဟာ အတော့်ကို နည်းလွန်းလှပါတယ်။ ဒါဟာ ကျောင်းသားလှုပ်ရှားမှုသမိုင်းကို မသိကြလို့ပဲ၊ သိခွင့်မရရှိခဲ့ကြလို့ပဲလို့ ကျနော်သုံး သပ်ပါတယ်။

လက်တွေ့မှာလည်း ကျောင်းသားလှုပ်ရှားမှုသမိုင်းနဲ့ပတ်သက်ပြီး ကျနော်တို့မျိုးဆက်တွေ၊ ကျနော်တို့နောက် မွေးဖွားလာ တဲ့မျိုးဆက်တွေအနေနဲ့ ကျကျနန လေ့လာသင်ယူသိရှိခဲ့ကြရတာမဟုတ်ပါဘူး။ ဥပမာ- ကျောင်းမှာသင်ကြရတဲ့ လွတ်လပ် ရေးကြိုးပမ်းမှုသမိုင်းဆိုပါစို့။ အဲဒီသမိုင်းမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားတွေနဲ့ ကျောင်းသား တွေရဲ့  အရေးပါတဲ့အခန်းကဏ္ဍကို ဖုံးကွယ်ဖျောက်ဖျက်ပြီး စစ်တပ်ကို အရေးပါတဲ့ ကျေးဇူးရှင်နေရာ ရောက်အောင် လိုရာဆွဲရေးထားတာကို သတိပြုမိကြမှာပါ။ ဒါဟာ သမိုင်းအမှားကြီးကို ပြဌာန်းပြီး မျိုးဆက်သစ်တွေရဲ့ ခေါင်းထဲကို ရိုက် သွင်းနေတာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကို (သူတို့လို) စစ်တပ်တည်ထောင်သူနဲ့ (သူတို့လို) စစ်တပ်ရဲ့  အကြီးအကဲတဦးအဖြစ် ကွက်ပြီး ပုံဖော်တဲ့နည်းနဲ့ စစ်ဝါဒ၊ စစ်အာဏာရှင်စနစ်ထွန်းကားရေးအတွက် ပုံမှားရိုက်ထားတာပါ။ တကယ်က ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ ကိုအောင်ဆန်းဆိုတဲ့ ခပ်စွာစွာ ကျောင်းသားတယောက်ပါ။ ဦးလှရွှေတို့အရှေ့က ခပ်ပြတ်ပြတ် နောင်တော် ကျောင်း သားတယောက်ပါ။ ဒါကြောင့် ဒီနေ့အစိုးရကိုတခုပဲ တောင်းဆိုချင်ပါတယ်။ ဦးလှရွှေတို့လို သက်ရှိထင်ရှား ကျောင်းသား ခေါင်းဆောင်တွေ ဦးစီးပြီး ကျောင်းသားလှုပ်ရှားမှုသမိုင်းပြုစုနိုင်ရေးနဲ့ သူတို့ပြုစုတဲ့သမိုင်းကို ကျောင်းသုံးပြဌာန်း ပေးဖို့ တောင်းဆိုလိုပါတယ်။ ဒီနေ့အထိ မျိုးဆက်လေးဆက်တိုင်တိုင် ကြံ့ကြံ့ခံရပ်တည်ခဲ့တဲ့ ဦးလှရွှေတို့မျိုးဆက်အနေနဲ့ (ကိုယ် တင်တဲ့အစိုးရလက်ထက်မှာ) ဒီဆုကို ရသင့်ပါတယ်။

သူကိုယ်တိုင်ကိုက သမိုင်းဖြစ်နေတဲ့ ကျောင်းသားခေါင်းဆောင် ဦးလှရွှေဟာ ကျောင်းသားသမိုင်းကို သူ့ဘဝနဲ့ရင်း၊ သူ့မိ သားစုဘဝနဲ့ရင်းပြီး သူ့အသက်နဲ့ထပ်တူ ထိန်းသိမ်းခဲ့သူ၊ ကာကွယ်ခဲ့သူပါ။ သူ့ရဲ့ တော်လှန်ရေးကျင့်ဝတ်နဲ့ပတ်သက်လို့ သူ့အရင်မျိုးဆက်တွေ၊ သူနဲ့ခေတ်ပြိုင်မျိုးဆက်တွေ၊ သူ့နောက် ကျနော်တို့မျိုးဆက်တွေ၊ ကျနော်တို့နောက် ကနေ့မျိုးဆက် တွေ စသဖြင့် မဟုတ်တာမမှန်တာတွေ့ခဲ့ရင် အချိန်မရွေး၊ နေရာမရွေး ဝေဖန်ထောက်ပြလို့၊ ထုတ်ဖော်ပြောဆိုလို့ ရနိုင်ကြ ပါတယ်။

ဦးလှရွှေဟာ သူ့ရဲ့ တော်လှန်ရေးကျင့်ဝတ်နဲ့ပတ်သက်လို့ မျိုးဆက်လေးဆက်မက မှတ်ကျောက်အတင်ခံဝံ့သူပါ။ ကျနော်တို့ မျိုးဆက်တွေမှာ သူပေးတဲ့ စိတ်ဓာတ်အမွေတခုပဲ ရှိတာပါ။ စစ်မြေပြင်က တိုက်ပွဲကြီးငယ်တွေမှာ သေကောင်ပေါင်းလဲ ဆုတ်ခွာရလို့ အခြေခံဒေသတွေဆုံးရှုံးရမှုအပေါ် စိတ်ဓာတ်ကျတဲ့အခါ ဦးလှရွှေဟာ မောင်းနှင်အားပါ။ အကျဉ်းထောင် အသီးသီးမှာ ဒူးမထောက်စတမ်းတိုက်ပွဲဝင်နေကြတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေကြရသူတွေဟာ မောင်းနှင်အား ပါ။

ဘယ်ခေတ်မှာပဲဖြစ်ဖြစ် ကိုယ်ကျိုးကြည့်သူ၊ အလွဲသုံးစားလုပ်သူ၊ ဖောက်ပြန်သူ၊ ရာဇဝတ်မှုကျူးလွန်သူတွေထဲမှာ မပါခဲ့တဲ့ ဦးလှရွှေဟာ သူဖြတ်သန်းခဲ့တဲ့ နိုင်ငံရေးမှာ သွေးသန့်ခဲ့တယ်။ တော်လှန်ရေးမှာ သွေးသန့်ခဲ့တယ်။ ဒီလိုပဲ ဦးလှရွှေနဲ့ ရင် ဘတ်တူကြတဲ့ ကျနော်တို့ ကျောင်းသားမျိုးဆက်တွေဟာလည်း နိုင်ငံရေးမှာ သွေးသန့်ခဲ့ကြတယ်။ တော်လှန်ရေးမှာ သွေး သန့်ခဲ့ကြတယ်။

ချစ်ကြည်စွာဖြင့်
အောင်မော်ဦး
၂၄၊ ဖေဖော်ဝါရီ၊ ၂ဝ၁၇။