ငြိမ်းချမ်းရေး၊ လူသတ်ဝါဒ ဆန့်ကျင်ရေး နိုင်ငံရေးဆွးနွေးပွဲ ကျင်းပ



ငြိမ်းချမ်းရေး၊ လူသတ်ဝါဒ ဆန့်ကျင်ရေး နိုင်ငံရေးဆွးနွေးပွဲ ကျင်းပ
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၇ (ဓာတ်ပုံ - ထွန်းဝင်းငြိမ်း)

နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံရေးဟောပြောဆွေးနွေးပွဲ တရပ်ကို ၁၃၊ ၂၊ ၁၇ ရက် နေ့လည်ပိုင်းမှာ ဗိုလ်တထောင်မြို့နယ်ရှိ သျှရီရာမခရစ်ရှနခန်းမ၌ ကျင်းပခဲ့ပါတယ်။






 နိုင်ငံရေးဆွေးနွေးပွဲကို ၁၂၊ ၂၊ ၂၀၁၇ ပြည်ထောင်စုနေ့က မင်္ဂလာရာမ ပါဠိတက္ကသိုလ် ကျောင်းတိုက်မှာ ကျင်းပဖို့စီစဉ်ခဲ့ပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေက ကျောင်းထိုင်ဆရာတော်တွေကို ကျင်းပခွင့်မပေးဖို့
ဖိအားပေးခံရတာကြောင့် နေရာနဲ့ အချိန်ပြောင်းရွှေ့ခဲ့ရကြောင်းသတင်းရရှိပါတယ်။






"ငြိမ်းချမ်းရေး၊ လူသတ်ဝါဒ ဆန့်ကျင်ရေး" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပတာဖြစ်ပါတယ်။ ကရင်အမျိုးသားပါတီဥက္ကဋ္ဌ မန်းသိန်းရွှေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးဒေါက်တာ အမ်ကွန်လ(ကချင်အမျိုးသားကွန်ဂရက်)၊ ဦးချစ်ဆောင် (ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်)၊ ကိုကောင်းထက်ကျော်(ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်)တို့က "ငြိမ်းချမ်းရေး" ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပေးခဲ့ကြပါတယ်။ ဦးကြီးမြင့်(ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့)၊ ကိုကျော်ကိုကို (ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး) တို့က "လူသတ်ဝါဒ ဆန့်ကျင်ရေး" ခေါင်းစဉ်ဖြင့် ဆွေးနွေးပေးခဲ့ကြပါတယ်။



 ဆွေးနွေးပွဲအပြီးမှာ သတင်းစာရှင်းလင်းပွဲကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲကို နိုင်ငံရေးပါတီခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများ၊
ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြပြီး အမျိုးသားအင်အားစု ၆၉ ဖွဲ့ရဲ့ သဘောထားကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။