တူမောင်ညို ● “လုပ်ကြံသတ်ဖြတ်ရေးသမားတွေ” လို့ပဲ ပြည်သူတွေက ရှင်းရှင်းပြတ်ပြတ် မြင်တယ်


တူမောင်ညို ● “လုပ်ကြံသတ်ဖြတ်ရေးသမားတွေ” လို့ပဲ ပြည်သူတွေက ရှင်းရှင်းပြတ်ပြတ် မြင်တယ်
(မတ်လ ၂ ရက် အာဏာသိမ်းပွဲသို့)
(မိုးမခ) မတ် ၂၊ ၂၀၁၇


ပြည်သူလူထုဟာ  အမှန်တရားကို ထက်မြက်စွာ သိမြင်သလို၊ အမှန်နဲ့အမှား၊ ကောင်းမြတ်တာနဲ့ ယုတ်ညံ့တာ၊ တရားနဲ့ မတရားတာ ရှင်းရှင်းလင်းလင်းခွဲခြားသိမြင်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် သိမြင်ထားတဲ့ အမှန်တရားနဲ့တရားတဲ့ဘက်ကနေ တွေဝေ ဖင့်နှေးမှုမရှိဘဲ  အစဉ်အမြဲရပ်တည်လေ့ရှိပါတယ်။ ပြည်သူ့သဘောထား ဆိုတာ အဲဒါကိုပြောတာပါ။ ရည်ညွန်းတာပါ။

ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရတဲ့ဖြစ်ရပ်ကို နမူနာထားပြီး တင်ပြပါ့မယ်။
လုပ်ကြံသတ်ဖြတ်တဲ့ တကယ့်လက်သည်တရားခံဘယ်သူဖြစ်နိုင်တယ်၊ ဘယ်တာကလာနိုင်တယ်ဆိုတာကို “ချက်ဆို နား ခွက်က မီးတောက်တယ်” ဆိုတဲ့ စကားနဲ့အညီ ပြည်သူလူထုက “ဒက်ခနဲ” သိပါတယ်။ “ကြည်လင်း” ဟာ လက်မရွံ့ ကြေးစားလူသတ်သမား၊ ကိုင်းဖျားကိုင်းနားသာဖြစ်တယ်ဆိုတာကတော့ လူတိုင်းသိတဲ့အချက်ပဲ။ ဒီအချက်တွေက  ဘာမှ ထူးပြီး ရေးကြီးခွင်ကျယ် လုပ်နေစရာ ဘာအကြောင်းမျှမရှိပါဘူး။ “ကြည်လင်း” ဆီကရမယ့် စစ်ချက်ဆိုတာကလည်း ကြိုက်ဈေးရလို့ သတ်ခိုင်းတဲ့ လူကိုသတ်ပေးလိုက်တယ်ဆိုတဲ့ ဒုစရိုက်ကောင်တွေရဲ့လော့ဂျစ်ကလွဲပြီးတခြား ဘာအချက် အလက်မှ ရစရာမရှိနိုင်ပါဘူး။ သူ့ကို ငွေပေးခိုင်းစေသူကိုပဲ သူသိမှာပေါ့။ ဒိပြင်ကြည်လင်းက ဘာသိနိုင်မှာမို့လဲ။

အခု သတင်းစာရှင်းလင်းပွဲကနေ တန်းစီပြထားတဲ့စာရင်းထဲက (DSA) အပတ်စဉ် (၃၄၊ ၃၆၊ ၃၈) ဆင်း တွေဖြစ်ခဲ့ကြတဲ့ “အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်၊ ဇေယျဖြိုး” တို့ဆိုတာလည်း စစ်တုရင်ခုံပေါ်က “ပွန်းရုပ်” ကလေးတွေမျှသာဖြစ်တယ်။ အချိန်မရွေး ထိုးကျွေး၊ ချကျွေးလိုက်လို့ ရတဲ့ဟာတွေသာဖြစ်တယ်။ သူတို့ရာထူးအဆင့်အတန်းကလည်း သူတို့တာဝန် ထမ်းဆောင်ခဲ့ကြဖူးတဲ့ စစ်တပ်ထဲမှာ  ဒီကနေ့ ဖောင်းပွလွန်းနေတဲ့ “အဆင့်အတန်း ရာထူးစဉ်” အရပြောရမယ်ဆိုရင်  ကိုင်းဖျားကိုင်းနားလေးတွေသာဖြစ်တယ်။

ပြည်သူလူထုက သတင်းစာရှင်းလင်းပွဲကိုတော့ အောက်ပါ အချက် ၂ ခုနဲ့ စိတ်ဝင်တစားရှိခဲ့ကြတာပါ။

၁။ ဦးကိုနီသတ်ဖြတ်ခံမှုနဲ့ သက်ဆိုင်တဲ့သတင်းအချက်အလက်တွေကို သမ္မတရုံးက ကိုင်တွယ်ကြေညာနေလေတော့ “တ ရားဥပဒေစိုးမိုးရေး” ဆိုတဲ့စကားလုံးကို “အမျိုးသားပြန်လည်ရင်ကြားစေ့ရေး” ဆိုတဲ့စကားပြီးရင် အများဆုံးသုံးလေ့ပြော လေ့ရှိတဲ့  ဒီချုပ်ပါတီအစိုးရက ဒီအမှုကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ အနေအထားကနေ စိတ်ဝင်စားတာဖြစ်တယ်။

၂။ ဒီအမှုကို လက်တွေ့ကိုင်တွယ်နေတဲ့ အမှုလိုက် ပူးပေါင်းအဖွဲ့ဖြစ်တဲ့ “တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့” က ဒီအမှုရဲ့ တ ကယ့်လက်ရင်း လက်သည်အမှန်နဲ့ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး တိုင်းပြည်လူထုကို ဘယ်လို အသိပေး တင်ပြ အစီရင်ခံမလဲဆိုတဲ့ ရှုဒေါင့်ကနေ စိတ်ဝင်စားကြတာဖြစ်တယ်။

ပြည်ထဲရေးဝန်ကြီး၊ ဒုဝန်ကြီးနဲ့ ရဲချုပ်တို့ ကြီးမှူးပြီးရှင်းလင်းသွားတဲ့ သတင်းစာရှင်းလင်းပွဲက ပြည်သူလူထု စိတ်ဝင်စားနေတဲ့ အချက် ၂ ခုစလုံးကို ဖြည့်စွမ်းနိုင်ခြင်း လုံးဝမရှိပါဘူး။ မရှိတဲ့အပြင် သူတို့သတင်းစာရှင်းလင်းပွဲမှာ ပြောပုံဆိုပုံနဲ့ စကား လုံးသုံးစွဲပုံတွေက “လုပ်ကြံသတ်ဖြတ်ရေးသမားတွေ” ဘက်က အတိအလင်း ခုခံကာကွယ် ဖာထေးသွားတာမျိုးပဲတွေ့လိုက်ရပါတယ်။ ရှင်းလင်းပြောဆို သွားတာတွေထဲမှာ  “အမျိုးသားရေး စိတ်ဓာတ်များပြင်း ထန်စွာဖြစ်ပေါ်လာကာ လူငယ်သဘာ ဝအရ” ဆိုတဲ့စကားရပ်ကတော့ “စကားထဲကဇာတိပြ” ဆိုသလို သူတို့ သဘောထားနဲ့ရပ်တည်ချက်ကို လှစ်ဟဖော်ပြ သွားပါတယ်။

သူတို့ရဲ့ အမြဲကြွေးကြော်အော်ဟစ်နေတာ “တပ်မတော်သာအမိ တပ်မတော်သာအဖ” ဆိုတဲ့ဟာ မဟုတ်လား။ ဒီတော့ “အောင်ဝင်းခိုင်”ဟာ အေးချမ်းလုံခြုံတဲ့ မိဘအရိပ်အာဝါသအောက်မှာ ရောက်နေသလား။ “အောင်ဝင်းခိုင်” ဘယ်မှာလဲ။ “သားဆိုး သမီးဆိုး ပစ်ရိုးမရှိ” ဆိုတဲ့ ဆိုထုံးက လည်း မိဘတွေဘက်က ဝတ္တရားတစ်ခုလို ဖြစ်နေမှာပေါ့။ ကိုယ့်သားသမီးကိုယ် ဘယ်လို လုပ်ပြီး မျက်နှာလွှဲနေနိုင်မှာလဲ။

ပြီးတော့ “တခါ စစ်သားဖြစ်ရင် ထာဝရ စစ်သားပဲ ” ဆိုတဲ့ သိုးဆောင်းစကားကို သူတို့စာရေးတဲ့အခါ စစ်ဗိုလ်တွေက မြိန်ရေ ရှက်ရေ ကိုးကားလေ့ရှိကြတယ်။ ကြားဖူးကြမှာပေါ့ တချို့ဆို ဘယ်လောက်မိုက်ကန်းကန်းပြောသလဲဆိုတော့ စစ်ခွေးလို့ ခေါ်ရင်လည်း သူက ကြိုက်တယ်တဲ့ တပ်မတော်က ကိုက်ဆို ကိုက်မှာပဲတဲ့လေ။

ကြံဖွံ့ပါတီဥက္ကဋ္ဌဗိုလ်သန်းဋ္ဌေးကတော့ သူ့ရဲ့ (ဖဘ) ကနေ အခုလိုရေးတာဖတ်ရပါတယ်။ “တပည့်သား/သမီးတွေကို အန္တ ရာယ်မဖြစ်အောင်၊ ဆင်းရဲဒုက္ခမရောက်ရအောင် အကာအကွယ်ပေးရမယ့်တာဝန် ကိုယ်တို့မှာရှိတယ်၊ လူငယ်ပီပီ မကျေနပ်ချက်၊ ခံစားချက်တွေကို စိတ်လိုက်မာန်ပါ ပြောမိဆိုမိကြမှပဲ။ ဒါက အပြစ်မှမဟုတ်ဘဲ” တဲ့။

“လူငယ်သဘာဝအရ” ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာပြောသွားတဲ့ စစ်ဗိုလ်ချုပ်ဝန်ကြီးနှစ်ပါးနဲ့ရဲချုပ်တို့ကို အခုလိုမေးချင်ပါ တယ်။ အကယ်၍ ခင်ဗျားတို့ သတင်းစာရှင်းလင်းနေတုန်း လူငယ်သတင်းထောက်တယောက်က ခင်ဗျားတို့ပြောတာဆို တာတွေကို “လူငယ် သဘာဝအရ” ဆက်လက်ပြီး သည်းခံ နားထောင်နိုင်စွမ်းမရှိတော့တာကြောင့် သူစီးထားတဲ့ ဖိနပ်ချွတ်ပြီး ခင်ဗျားတို့ ခေါင်းကိုလှမ်းပေါက်ရင်၊ အဲဒီလိုဖိနပ်နဲ့ပေါက်တဲ့လူငယ်ကို “လူငယ်သဘာဝအရ” ပဲဆိုပြီး ခင်ဗျားတို့ ခွင့်လွှတ် နိုင်မလား။ အင်းဝအပ်ချုပ်ဆိုင်ကိစ္စတုန်းက ပန်းနဲ့ပေါက်သလောက်သာရှိတဲ့ မေးခွန်းလေးနဲ့မေးတာမှာ မြန်မာ့လူ့အခွင့်အရေးကော်မရှင်လူကြီးမင်း (ဗိုလ်ဇော်ဝင်း)  ဒေါသတကြီးနဲ့ ထပြီးရမ်းတာ၊ စိန်ခေါ်တာထက်မလျှော့တဲ့ လူကြီးဆန်မှုနဲ့တော့ အနိမ့်ဆုံး ခင်ဗျားတို့ တုန့်ပြန်ကြမှာတော့ သေချာပါတယ်။

ပြည်သူတွေက “လုပ်ကြံသတ်ဖြတ်ရေးသမားတွေ” ကို လုပ်ကြံသတ်ဖြတ်ရေးသမားတွေ လို့သာ ရှင်းရှင်းပြတ်ပြတ်မြင်တယ် ၊ သဘောထားပေမယ့် သူတို့ကတော့ ပြည်သူတွေနဲ့ ပြဒါးတလမ်းသံတလမ်းဆိုသလို သူတို့လူငယ်တွေကို“ဟီးရိုး/ လူစွမ်း ကောင်း” အဖြစ် မြင်ချင်မြင်၊ သဘောထားချင်ထားနေကြမှာပါပဲ။ သူတို့အမြင်၊ သူတို့အယူဆ၊ သူတို့သဘောထားပုံတွေက လည်း ဘယ်တော့မဆို ပြည်သူ လူထုနဲ့ ဆန့်ကျင်ဘက်ကချည်းဖြစ်တယ်။ ပြောင်းပြန်ချည်းဖြစ်တယ်။ ပြည်သူက အဖြူဆိုရင် သူတို့က အမဲ။ ပြည်သူက အမဲဆိုရင် သူတို့က အဖြူ။

ဒါ့အပြင် သဘောထားနဲ့ပြောစကားတွေကလည်း ဘယ်တော့မှ ရှေ့နောက်မညီဘူး။ ဘိန်းဘုရင်ခွန်ဆာလို့ ခေါ်နေရာကနေ အပေးအယူတဲ့သွားကြတဲ့အခါ “ဦးခွန်ဆာကြီး” တဲ့။ “ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဖုန်ကြားဆင်း” လို့ ဂုဏ်ပြုထားရာ ကနေ “ဘိန်းဘုရင်ဖုန်ကြားဆင်း” လို့ ပြန်ခေါ်ဖို့လည်း ဝန်မလေးကြဘူး။

ဒါ့အပြင် ကတိလည်း မတည်ဘူး။
“၁၉၉၀ ရွေးကောက်ပွဲ” ဆိုတာ အထင်ကရ ဖြစ်ရပ်ပဲ။ သူတို့စစ်အုပ်စုကပဲ ကြီးမှူးကျင်းပပေးခဲ့တာလေ။ အဲဒီတုန်းက (နဝတ) စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစောမောင်က ဘယ်လိုကတိပေးခဲ့သလဲ။ ရွေးကောက်ပွဲပြီးတဲ့အခါ အနိုင်ရတဲ့ ပါတီကို အာဏာအပ်ပြီး တပ်က စစ်တန်းလျားပြန်မယ်လို့ ကမ္ဘာသိမြန်မာသိ ကတိပေးခဲ့တာမဟုတ်လား။ အဲဒီစစ်ဗိုလ်ကတိ ကိုသူတို့ပဲ ချိုးဖောက်ဖျက်ဆီးခဲ့တာ ဖြစ်တယ်။သူတို့ဟာသူတို့ပါးစပ်ကပြောတဲ့ ကတိစကားကိုတင်ဖျက်တာမကဘူး။ ပြည် သူတွေရဲ့တခဲနက်ဆန္ဒဖြစ်တဲ့ “၁၉၉၀ ရွေးကောက် ပွဲ ရလဒ်”ကိုပါ ဖျက်သိမ်းပစ်ခဲ့တာဖြစ်တယ်။

ဒီတော့ သူတို့အဖို့ ပြည်သူ့သဘောထား၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အမြင်နဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ပြီး တွေးတာ၊ မြင်တာ၊ လုပ် တာ ကိုင်တာတွေဟာ ဘာမှမဆန်းတော့ပါဘူး။ သူတို့ရဲ့ သန္ဓေပါဗီဇလို့တောင်ပြောရင်ရမယ်လို့ ယူဆပါတယ်။

သူတို့ဖို့ “အထက်အမိန့်” ဆိုတာ သင့်၏/ မသင့်၏။ တရား၏/မတရား၏၊ မှန်၏၊ မမှန်၏၊ ဆီလျော်၏၊ မဆီလျော်၏၊ ဝေဖန် ဆန်း စစ်နေစရာမဟုတ်ပါဘူး။ တိတိကျကျလိုက်နာဖို့နဲ့ မိုက်မိုက်ကန်းကန်းလုပ်ဆောင်ဖို့သာဖြစ်တယ်။ (ရေဘူးပေါက် တာမလိုဘူး ရေပါ ဖို့ အဓိကလေ)

သူတို့ဟာ “အမိန့်” ဆိုတာ ခုတ်မောင်းလည်ပတ် လှုပ်ရှားနေကြသူတွေပဲဖြစ်တယ်။ သူတို့ဦးနှောက်နဲ့သွေးကြောတွေထဲမှာ အမိန့်ဟာ သွေးထက်မြန်တဲ့အလျှင်နဲ့ စီးဆင်းလည်ပတ် နေပုံရပါတယ်။ သူတို့ဟာ လူ့အမြင်နဲ့လူ့ခံစားမှု ပျောက်ဆုံးနေကြပုံပဲ။

သူတို့ရဲ့ဆင်ခြင်တုန်တရားနဲ့ သူတို့ရဲ့သိစိတ်မှာ အရာရာတိုင်းဟာ စစ်အုပ်စု အကျိုးစီးပွားအတွက်သာလျှင်အဓိကနဲ့ ပဓာန ဖြစ်တယ်ဆိုတဲ့ အဝိဇ္ဇာတိမ်မှောင်၊ တိမ်မိုက်ကြီး ဖုံးလွှမ်းနေတာဖြစ်ပါလိမ့်မယ်။ ဒီအမိုက်အမှားကို  “သင့်မြတ်ရေး တရားရေ အေး” တခုထဲ တိုက်ကျွေးပြီး ချွတ်ဖို့၊ ကျွတ်ဖို့ဆိုတာကတော့ သိပ်မလွယ်ကူလှပါဘူး။

ဒါကြောင့်သတင်းစာရှင်းလင်းပွဲမှာသူတို့ပြောနေတာတွေက  (DSA) ကျောင်းသားဟောင်း၊  တပ်မတော် သားဟောင်းဖြစ်ခဲ့ ဖူးတဲ့ “လူငယ်လေးတွေ” ဘက်ကနေ (ကြံ့ဖွံ့ပါတီဥက္ကဋ္ဌဗိုလ်သန်းဌေး ရေးထားသလို) တာဝန်အရ/ အမိအဖတို့ ဝတ္တရားရှိ သည်နှင့် အညီ ကာကွယ်သွားကြတာလို့ ယူဆရမှာပဲဖြစ်ပါတယ်။

ဒီကနေ့ စစ်အုပ်စုဟာ ဗိုလ်နေဝင်းကနေတဆင့်၊ ဗိုလ်စောမောင်၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်သန်းရွှေတို့က တလက်ပြီးတလက် ရင် ခွင်ပိုက်ပြီး မွေးမြူခဲ့ကြတာပါ။ သူတို့ကိုယ်သူတို့လည်း အမွေခံတွေလို့ ဂုဏ်ယူပြီးပြောလေ့ရှိပါတယ်။  ဒီလို အစဉ်အလာတွေနဲ့ ဒီလိုအသိုက်အဝန်းမှာ ပေါက်ဖွားကြီးပြင်းလာကြတော့ မဆင်မခြင်၊ မစဉ်မစား၊ မိုက်မိုက်ကန်းကန်း ဆင်ကန်းတောတိုး လုပ်တာတွေဟာ ဘာမှ မဆန်းကျယ်ပါဘူး။ စစ်အုပ်စုရဲ့ဂေါ့ဖားသားဗိုလ်နေဝင်းရဲ့ အစဉ်အလာကဘာလဲ “စစ်တပ်ဆိုရာ ပစ်ရင်မိုးပေါ်ထောက်ချောက်တာမပါဘူး တည့်တည့်ပစ်တယ်” ဆိုတဲ့ အစဉ်အလာပဲမဟုတ်လား။ ဒါ့အပြင်  (နဝတ) စစ် အုပ်စုခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဗိုလ်စောမောင် ရဲ့ အစဉ်အလာကရော  “ကတိနဲ့ လူထုဆန္ဒ” ကို ချိုး ဖောက်/ဖျက်သိမ်းပစ်တဲ့ အစဉ်အလာပဲမဟုတ်လား။

ဒါကြောင့် ဒီသတင်းစာရှင်းလင်းပွဲမှာ သူတို့လူကြီးဆိုသူတွေချစ်စနိုးနဲ့ ရည်ညွန်းနေတဲ့ “လူငယ်တွေ” ဆိုသူတွေဟာ အဲဒီလို အစဉ်အလာနွံအိုင်ထဲမှာ ဘမျိုးဘိုးတူ အကောင်ပေါက်လာကြတာပါ။

သူတို့ ဘယ်လိုပဲ ကာကွယ်ရည်ညွန်းနေပါစေ “လုပ်ကြံသတ်ဖြတ်ရေးသမားတွေ” လို့ပဲ ပြည်သူတွေက ရှင်းရှင်းပြတ်ပြတ် မြင် ပါတယ်။ ဒါ့အပြင် “ပညာဉာဏ်စွမ်းသန်သော်လည်း အာဏာမစွမ်းရှာ” တဲ့ ဒီချုပ်ပါတီအစိုးရရဲ့ အနေအထားကိုလည်း သတင်းစာရှင်း လင်းပွဲကနေတဆင့် မြင်တွေ့လိုက်ရပါကြောင်း။