ထွန်းဝင်းငြိမ်း - တကသအိပ်မက် ဆောင်ရွက်တဲ့အခါ



ထွန်းဝင်းငြိမ်း - တကသအိပ်မက် ဆောင်ရွက်တဲ့အခါ

(မိုးမခ) မတ် ၃၊ ၂၀၁၇

“ကျောင်းသားသမဂ္ဂ အဆောက်အအုံဟာ ကျွန်တော်တို့ရင်ထဲမှာရှိတဲ့ ခံစားချက်တွေ၊ မျှော်မှန်းချက်တွေရဲ့ အိပ်မက်ဖြစ်ပါတယ်။ ဒီအခြေအနေကို အခွင့်အခါရလာတဲ့ အခြေအနေမှာ ချက်ချင်း အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို မဖြစ်သင့်ဘူး။ မလုပ်သင့်ဘူး။ ကန့်ကွက်နေတဲ့သူတွေ ရှိပါတယ်။ သမဂ္ဂ တရားဝင်မှုရှိခြင်း မရှိခြင်းဟာ ကျွန်တော်တို့ပြောဖို့ မလိုဘူး။ တရားဝင်ကို ရှိနေတာ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီအဆောက်အအုံကို ဆောက်ကိုပြန်ဆောက်ရမယ်”

ဒါဟာ ၂၈၊ ၂၊ ၂၀၁၇ နေ့က တော်ဝင်နှင်းဆီ ခမ်းမမှာပြုလုပ်တဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦး ပြန်လည်တည်ဆောက်ရေး အစည်း အဝေးမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ပြောကြားချက်ဖြစ်ပါတယ်။ ဆက်လက်ပြီး တကသ အဆောက် အအုံကို ၁၉၆၂ ခုနှစ် ဇူလိုင် ၈ ရက်နေ့က စစ်အာဏာရှင်တွေက ဖြိုခွဲခဲ့တယ်၊ ကျောင်းသားတွေ ရှိနေသရွေ့ ကျောင်းသားသမဂ္ဂ ရှိနေမှာ ဖြစ်တယ်၊ ဘယ် အစိုးရကမှ ကျောင်းသားသမဂ္ဂကို တရားမ၀င်အသင်းအဖြစ် ကြေညာခဲ့ဖူးတာ မရှိဘူး၊ သမိုင်းအစဉ်အလာ ကြီးမားတဲ့ ကျောင်းသားသမဂ္ဂ ဖြစ်တဲ့အတွက် ဖြစ်တယ်၊ ဒါပေမယ့် အစိုးရအဆက်ဆက်မှာ အသိအမှတ်ပြုခဲ့တဲ့ အချိန်ရှိသလို ဖိနှိပ်ခဲ့တဲ့အချိန်လည်းရှိခဲ့တယ်၊ အခုအချိန် မှာတော့ ကျောင်းသားသမဂ္ဂနဲ့ အစိုးရတရားဝင် ဆုံတွေ့ခွင့်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီနေရာမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ ၁၉၆၄ ခုနှစ် မတ်လ ၂၀ ရက်နေ့ တော်လှန်ရေးကောင်စီက ပြဌာန်းခဲ့တဲ့ ၁၉၆၄ ခုနှစ် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့်ဥပဒေကို အမှတ်မရတော့တာလား။ မေ့သွားတာလားမသိပါ။ စစ်ကောင်စီ တဖြစ်လဲ မဆလပါတီကလွဲရင် ကျန်တဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းအသင်းအပင်းတွေအကုန်လုံးကို ဒီဥပဒေနဲ့ဖျက်သိမ်းပစ်ခဲ့တာပါ။ ဒီဥပဒေရ ပါတီ၊ အဖွဲ့အစည်းတွေ တရားဝင်ရပ်တည်ခွင့် မရှိပါဘူး။ လွတ်လပ်စွာ ရေးသား၊ ဟောပြော၊ စည်းရုံးလှုပ်ရှားခွင့်၊ ရပ်တည်ခွင့်တွေ ဆိတ်သုဉ်း ပြီး ဒီမိုကရေစီအမှောင်ဖုံးစေခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ပုန်ကန်မှုနဲ့ ပတ်သက်တဲ့ မတရားသင်းအက်ဥပဒေအရ တရား မ၀င်အဖွဲ့အစည်းအဖြစ် ကြေညာမှ တရားမ၀င်တာ မဟုတ်ပါဘူး။ အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့်ဥပဒေအရ ရေချမ်းစင် အသင်းတောင် တရားဝင်ရပ်တည်လို့ မရခဲ့တာပါ။

အဲဒီအချိန်ကတည်းက ကျောင်းသားသမဂ္ဂတွေဟာ တရားဝင်ရပ်တည်ခွင့်မရခဲ့လို့ မြေအောက်လှုပ်ရှားမှုပုံသဏ္ဍာန်၊ ယူဂျီအနေနဲ့ ရပ်တည်ခဲ့ ရတာ တကယ်ဖြတ်သန်းခဲ့ရတဲ့သမိုင်း ဖြစ်ပါတယ်။ “ဘယ်အစိုးရကမှ ကျောင်းသားသမဂ္ဂကို တရားမ၀င် အသင်းအဖြစ် ကြေညာခဲ့ဖူးတာ မရှိဘူး။ သမဂ္ဂ တရားဝင်မှုရှိခြင်း မရှိခြင်းဟာ ကျွန်တော်တို့ပြောဖို့ မလိုဘူး။ တရားဝင်ကို ရှိနေတာ” လို့ ဦးဖြိုးမင်းသိန်း ပြောနေတာတွေက သမိုင်းဖြစ်ရပ်မှန်တွေကို မျက်ကွယ်ပြုသလို၊ မဆလနဲ့ စစ်အစိုးရအဆက်ဆက်ကို အကာအကွယ်ပေးသလို ဖြစ်နေတယ်လို့ ယူဆစရာ ဖြစ် ပါတယ်။ ဒါဟာ ပြန်လည်သုံးသပ်သင့်တဲ့ အချက်ဖြစ်ပါတယ်။

သမဂ္ဂတည်ရှိခွင့်

အခုအချိန်မှာတော့ ကျောင်းသားသမဂ္ဂနဲ့ အစိုးရတရားဝင် ဆုံတွေ့ခွင့်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြားခဲ့ပါတယ်။ ဖြစ် နိုင်ပါတယ်။ ဘယ်လိုကျောင်းသား သမဂ္ဂတွေလဲဆိုတာတော့ ရှိမှာပေါ့။ လက်ရှိအခြေအနေက အချို့သော ကျောင်းသားသမဂ္ဂတွေသာ တရား ၀င် တည်ရှိခွင့်ရှိသလို ဖွဲ့စည်းခွင့်တွေရ၊ ရုံးခန်းတွေ ဖွင့်ခွင့်ရနေတာမျိုး ဖြစ်နေပါတယ်။ ဒါကြောင့် ကျောင်းသားသမဂ္ဂများအားလုံး တပြေးညီ တရားဝင်ရပ်တည်ခွင့်ရရှိရေးအတွက် ဗကသ ကျောင်းသားခေါင်းဆောင်တွေက တင်ပြတောင်းဆိုနေတာ ဖြစ်ပါတယ်။ လွတ်လပ်တဲ့ကျောင်း သား သမဂ္ဂတွေ ပေါ်ပေါက်လာမှလည်း ဒီမိုကရေစီအရပ်သားအစိုးရရဲ့ပုံရိပ်က ပိုမိုကောင်းမွန်လာမှာပါ။ ဒါကြောင့်မို့လည်း ကျောင်းသားမျိုး ဆက်အသီးသီးဟာ တကသ အဆောက်အဦ တည်ဆောက်ရေးကို မူအရ ကြိုဆိုထောက်ခံခဲ့ကြပြီး သမဂ္ဂတွေ တရားဝင်ရပ်တည်ခွင့် ရရှိရေး ကို ၂၇၊ ၂၊ ၂၀၁၇ နေ့က ပြုလုပ်တဲ့ ကျောင်းသားမျိုးဆက်အသီးသီးပါဝင်တဲ့ ဆွေးနွေးပွဲ သဘောထားထုတ်ပြန်ကြေငြာချက်ထဲမှာတော့


၂၈ ဖေဖော်ဝါရီ ၂၀၁၇ နေ့တွင်ကျင်းပမည့် အစည်းဝေး၏ ရည်ရွယ်ချက်အဖြစ် “ တကသ အဆောက်အဦ ပြန်လည်တည်ဆောက်ရေး အတွက် ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းရန်” ဟူသောအချက်အား ကြိုတင်ပြဌာန်းထားခြင်းအစား သမဂ္ဂတည်ဆောက်ရေး အစည်းအဝေး အဖြစ် အစားထိုးပြင်ဆင်လိုက်ပါက ပိုမိုလျှော်ကန်သော လမ်းစ ဖြစ်နိုင်သည်။ ကျောင်းသားသမဂ္ဂများ တရားဝင်ရပ်တည်ခွင့်နှင့် လွတ်လပ်စွာ လှုပ်ရှားရှင်သန်ခွင့်ကို တရားဥပဒေအရ အသိမှတ်ပြုပြီးမှသာ သမဂ္ဂအဆောက်အဦဆောက်လုပ်ရေးအား ခေတ်အဆက်ဆက်ကျောင်းသား မျိုးဆက်များ ပါဝင်သော လွတ်လပ်သောကော်မတီတရပ်ဖွဲ့စည်း လုပ်ကိုင်ရန် တိုက်တွန်းအပ်ပါသည်။ ဆိုပြီး တင်ပြခဲ့တာ တွေ့ရပါတယ်။


ဒါကြောင့်လည်း ကျောင်းသားမျိုးဆက်အသီးသီးအနေနဲ့ တကသအဆောက်အဦကို ပြန်လည်တည်ဆောက်ဖို့ အစိုးရရဲ့ အားထုတ်မှုကို သင့် မြတ် ကောင်းမွန်တဲ့ လုပ်ဆောင်မှုတစ်ခုအဖြစ် အခြေခံအားဖြင့် အသိမှတ်ပြုတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်ဝတ္ထု အဆောက်အဦကို ဆောက် လုပ်ပေးခြင်းသက်သက်ဖြင့် မလုံလောက်ဘူးလို့ ယူဆကြပါတယ်။ ကျောင်းသားသမဂ္ဂတွေရဲ့ မူလတည်ရှိခဲ့တဲ့ အခန်းကဏ္ဍ အဆင့်အတန်း အတိုင်း အပြည့်အ၀ ပြန်လည်ပေးအပ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီမှ ကိုအောင်ထက်အောင်က

“သမဂ္ဂတည်ရှိခွင့်ဟာ အရေးကြီးတယ်။ သမဂ္ဂရှိမှ သမဂ္ဂအဆောက်အအုံရှိမှာ။ သမဂ္ဂမရှိရင် သမဂ္ဂ အဆောက်အအုံဆောက်လည်း မထူးခြား ဘူး။ သမဂ္ဂတည်ရှိဖို့ အရင်လုပ်ဆောင်ရမယ်လို့မြင်တယ်။ သမဂ္ဂကျယ်ပြန့်ဖို့ တောင်းဆိုနေတာဖြစ်တယ်။ တက္ကသိုလ် ပဋိညာဉ်တွေထွက်မှ ကျောင်းသားသမဂ္ဂတွေ တရားဝင် ရပ်တည်ခွင့်ရှိမယ်လို့ ကျောင်းအာဏာပိုင်တွေက ပြောတယ်။ ပဋိညာဉ်တွေထွက်ဖို့ ကြာမယ်ဆိုတာ နား လည်တယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ကျောင်းသားသမဂ္ဂတွေရဲ့ ရုံးခန်းကို ကျောင်းတိုင်းကျောင်းတိုင်းမှာ ပေးဖို့လိုတယ်။ အဲဒါတွေ ပေးပြီး တော့မှသာလျှင် သမဂ္ဂအဆောက်အအုံဆောက်ဖို့ ထပ်ကြိုးစားပါလို့ ဒီနေရာက ပြောချင်တယ်။ ကော်မတီဖွဲ့တာလည်း နားလည်တယ်။ ကော်မတီဖွဲ့ဖို့ အခြေခံ စည်းမျဉ်းစည်းကမ်း မူဘောင်တွေ ရှိရဦးမယ်။ အဲဒီကော်မတီမဖွဲ့ခင်မှာ သမဂ္ဂရပ်တည်ခွင့်ကို ပေးပါဦးလို့ ကျွန်တော် တောင်းဆိုပါတယ်” ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

တကသ အဆောက်အဦးကို ပြန်လည်တည်ဆောက်တဲ့အခါမှာလည်း တိုင်းရင်းသား ပြည်သူလူထုက ထည့်ဝင်တဲ့ အလှူငွေများနဲ့သာ တည် ဆောက်ဖို့လိုအပ်ပါတယ်။ ပြန်လည်တည်ဆောက်တဲ့အခါ တစု၊ တဖွဲ့၊ အင်အားစုတရပ်ရဲ့ လိုလားချက်၊ စိတ်ဆန္ဒအရ အလောတကြီး အလျင် စလို မပြည့်မစုံနဲ့ ဆောင်ရွက် အကောင်အထည်ဖေါ်ခြင်း မပြုလုပ်မိစေရန် အထူးသတိပြုရမှာ ဖြစ်ပါတယ်။ ကျောင်းသားသမဂ္ဂအဆောက်အဦ ဆိုတာက တဦးတယောက်ပိုင်၊ တစု တဖွဲ့ပိုင် မဟုတ်တဲ့အတွက် အခုလို ပြန်လည်တည်ဆောက် တော့မယ်ဆိုရင် ကျောင်းသားမျိုးဆက် အသီးသီးနဲ့ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးရဲ့ ညှိနှိုင်းဆွေးနွေးခြင်းဆိုတာ ပထမဆုံးနဲ့ မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းရပ် ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးကလည်း တကသအဆောက်အဦ ပြန်လည်တည်ဆောက်ရေး ကော်မတီ ဖွဲ့စည်းရေး အစည်းအဝေး မဖြစ်သင့်ပဲ သမဂ္ဂ တည်ဆောက်ရေးဆိုင်ရာ သဘောထားစုစည်းခြင်း အစည်းအဝေးသာ ဖြစ်သင့်ကြောင်း၊ အစည်းအဝေးရဲ့ ခေါင်းစဉ်အကြောင်းအရာကိုပါ ပြင်ဆင် ပြောင်းလဲသင့်တယ်လို့ ၁၉၅၃ - ၂၀၁၇ ကျောင်းသားမျိုးဆက်အသီးသီးက အလေးအနက် အကြံပြု တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ကျောင်းသားလှုပ်ရှားမှု အထိမ်းအမှတ်

၁၉၆၂ ခု ဇူလိုင် ၇ ရက်နေ့မှာ ဗိုလ်ချုပ်နေ၀င်း ဦးဆောင်တဲ့ စစ်အာဏာရှင်အစိုးရက ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒ ပြနေကြတဲ့ ကျောင်းသားတွေကို သေနတ်နဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ် နှိမ်နှင်းခဲ့တာ ဖြစ်ပါတယ်။ ဂျူလိုင် ဂ ရက်နေ့မနက်မှာ သမိုင်းဝင် တကသအဆောက်အအုံကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်ဆီးပစ်ခဲ့တယ်။ တကသအဆောက်အဦကို ဖြိုချဖျက်ဆီးခဲ့တာက ရုပ်ဝတ္ထုဖြစ်တဲ့ အဆောက်အဦ တစ်ခုတည်းကိုသာ ဖြိုချဖျက်စီးခဲ့တာ မဟုတ်ဘဲ ကျောင်းသားသမဂ္ဂတွေရဲ့ ရှင်သန်ရပ်တည်ခွင့်နဲ့ သမဂ္ဂစိတ်ဓါတ်ကို ရည် ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၁၉၆၃ ဇူလိုင်လမှာ ဖျက်ခံလိုက်ရတဲ့ သမဂ္ဂအဆောက်အဦးနေရာမှာ ယာယီတဲနဲ့ သမဂ္ဂကို ပြန်လည်တည်ထောင်ခဲ့တယ်။ ဇူလိုင် ၇ ရက်နေ့မှာ ကျဆုံးခဲ့တဲ့ ကျောင်းသား တစ်ရာကျော်အတွက် ရည်စူးစိုက်ထူခဲ့တဲ့ “ရာကျော် ကျောက်တိုင်“ ဖွင့်ပွဲမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက “သမဂ္ဂအဆောက်အဦးကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ရင်ထဲက သမဂ္ဂ စိတ်ဓါတ် ကိုတော့ ဘယ်သူမှ ဖြိုဖျက်လို့ မရပါဘူး” ဆိုပြီး မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ တကသအဆောက်ဦဟာ အမိနိုင်ငံရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ စစ် အာဏာရှင်စနစ်ဆန့်ကျင်ရေးဆိုင်ရာ ကျောင်းသားလှုပ်ရှားမှုသမိုင်းအဆက်ဆက်ရဲ့ သင်္ကေတအဖြစ် အလေးအမြတ်တန်ဖိုးထားတဲ့ အရာ ဖြစ်ပါတယ်။ ဒါကြောင့် ဖြိုချဖျက်ဆီးခံလိုက်ရတဲ့ တကသအဆောက်အဦ မြေနေရာကို စစ်အာဏာရှင်တွေရဲ့ ရက်စက်ရမ်းကားမှု၊ သမိုင်း တန်ဖိုးတွေကို အဆင်ခြင်မဲ့စွာ ဖျောက်ဖျက်ဖယ်ရှားပစ်လိုမှုတွေရဲ့ ပြယုဂ်၊ သမိုင်းဆိုင်ရာ သက်သေခံပစ္စည်းတွေအဖြစ် ဒီအတိုင်း ဘာမှ မပြောင်းလဲဘဲ သမိုင်းသင်ခန်းစာ ယူစရာအဖြစ် ပြသဖို့ ထားရှိသင့်ပါတယ်။ သမိုင်းဝင် တကသ အဆောက်အဦးဆိုတာ ကျောင်းသား သမဂ္ဂ တွေမှာ ကရင်၊ ကချင်၊ ကယား၊ ချင်း၊ မွန်၊ မြန်မာ၊ ရှမ်း၊ ရခိုင် အစရှိတဲ့ လူမျိုးပေါင်းစုံ ကျောင်းသားတွေပါဝင်ပြီး ကျောင်းသား လှုပ်ရှားမှု အဆက်ဆက်မှာ တိုက်ပွဲဝင်ခဲ့ကြတာကို အလေးအနက် အသိအမှတ်ပြုရာ အထိမ်းအမှတ်လည်းဖြစ်ပါတယ်။



ဆက်လက်ပြီး တင်ပြကြဖို့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းကတော့ ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြစ်မြောက်ရေး ကော်မတီ အမြန်ဆုံးဖွဲ့ဖို့ လိုအပ်ပြီဟု ယူဆကြောင်းပြောပါတယ်။ ကျောင်းသားသမဂ္ဂ အဆောက်အဦဖြစ်မြောက်ဖို့ တည် ဆောက်ရေးနဲ့ ပတ်သက်တဲ့ကိစ္စ ဆောင်ရွက်ဖို့ ကော်မတီတစ်ရပ် ရှိကိုရှိရမှာ ဖြစ်တယ်လို့လည်းပြောပါတယ်။ အချိန်ယူပြီး လုပ်သင့်တယ် ဆို ရာမှာ လက်ရှိနိုင်ငံရေး အခြေအနေကိုလည်း ကြည့်ရမည်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနိုင်ငံရေးသုံးသပ်ချက်အရ အလျင်အမြန် ဆောက်စေ ချင်တဲ့ အချက်ကိုတော့ ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြတာ မတွေ့ရပါဘူး။ အားလုံးကို ကော်မတီဖွဲ့စည်းရေး ပြီးမြောက်အောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်းသာ ပြောကြားခဲ့တာပါ။

ညှိနှိုင်းအစည်းအဝေးတွေကို အလုံအလောက် ကျင်းပပြီး ကျောင်းသားသမဂ္ဂတွေ တရားဝင် ရပ်တည်ခွင့်နဲ့ လွတ်လပ်စွာလှုပ်ရှားရှင်သန်ခွင့် ကို တရားဥပဒေအရ အသိမှတ်ပြုတာတွေ၊ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်နိုင်ရန် ဆောင်ရွက်ပေးဖို့တွေ ဦးစွာ စတင်ဆောင်ရွက်ရမှာ ဖြစ် ပါတယ်။ အဲဒီလို ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကျယ်ပြန့်တဲ့ စီမံဆောင်ရွက်မှုမျိုးရှိမှသာ တကသအဆောက်အဦ ပြန်လည်တည်ဆောက်ရေး လုပ်ငန်း ဟာ ကျောင်းသားမျိုးဆက်အသီးသီးက စုစည်း ညှိနှိုင်းထားတဲ့ သဘောထားတွေနဲ့အညီ ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ပြီး အောင် မြင်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းကတော့ အစည်းအဝေး ရရှိချက်တွေအပေါ် အခုလိုသုံးသပ်တာတွေ့ရပါတယ်။

“ကျေနပ်အားရဖို့ မကောင်းတဲ့ အစည်းအဝေးပေါ့။ ပြီးဆုံးသွားပြီ။ ကော်မတီဖွဲ့ဖို့ ကိစ္စကလည်း ဘာမှမလုပ်နိုင်လို့ ပွဲသိမ်းလိုက်ရတာ။ နောက် တစ်ခါကျရင်လည်း ဒီလိုအစည်းအဝေးမျိုး ရှိချင်လည်းရှိမယ်။ မရှိချင်လည်း မရှိဘူး။ ဒီအဆောက်အအုံဆောက်တာ (တကသ အဆောက် အအုံဟောင်းနေရာ၌ ရှင်းလင်းဆောင် ဆောက်လုပ်ခြင်း) အန်ကယ်တို့နဲ့ လုံးဝမဆိုင်ဘူး။ သိလည်းမသိဘူး။ နောက်တစ်ခု ပြောမယ်။ အဲဒီမှာ အဆောက်အအုံဆောက်တာ ဒီကကော်မတီတွေနဲ့ ဘာဆိုင်လို့လဲ။ ဒါအစိုးရမြေ၊ အစိုးရဆောက်တာ။ အန်ကယ်တို့ ဘာပြောလို့ရမလဲ။ ဒါပေမဲ့ အန်ကယ်တို့က လိုက်လျောပြီးတော့ ချက်ချင်းကိုယ့်အသိမိတ်ဆွေတွေကို အာဏာနဲ့မဟုတ်ဘူး။ မိတ်ဆွေသဘောနဲ့ ရပ်ခိုင်းလိုက်တာ။ အစည်းအဝေးကတော့ ဒီခေါင်းစဉ်လေးနဲ့ ဆုံးဖြတ်ချက်လုပ်ဖို့ ခေါင်းစဉ်အထိပဲ ကျေနပ်တယ်။ ကျန်တာတော့ မကျေနပ်ကြဘူး။ ဒီအစည်း အဝေးက အန်ကယ်တို့လုပ်လို့မရတဲ့ ကိစ္စကို တောင်းဆိုတာ။ မလုပ်နိုင်ဘူး။ လုပ်လို့မရဘူးဆိုတာ မလုပ်ပေးချင်လို့ ပြောတာမဟုတ်ဘူး။ အန်ကယ်တို့မှာ ဒီအာဏာမရှိဘူး”

တကယ်တော့ လက်ရှိ ကျောင်းတက်နေဆဲ ဗကသကျောင်းသားတွေတင်ပြခဲ့တာက ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ကို အမျိုးသားပညာရေး ဥပဒေမှာ တက္ကသိုလ်ပဋိညာဉ်အရ ဖွဲ့စည်းခွင့်ရှိတယ်ဆိုပြီးတော့သာ ပြဋ္ဌာန်းပေးထားတာဖြစ်ပါတယ်။ ပဋိညာဉ် မပေါ်ပေါက်သေးတဲ့ တက္က သိုလ်တွေမှာ သမဂ္ဂရပ်တည်ခွင့်နဲ့ လွတ်လပ်စွာ လှုပ်ရှားခွင့်မှာ အခက်အခဲ ရှိနေတဲ့အတွက် အစိုးရအနေနဲ့ တကသ အဆောက်အအုံ တည် ဆောက်ခြင်းမပြုမီ သမဂ္ဂရဲ့တရားဝင် ရပ်တည်ခွင့်ကို ဦးစွာအာမခံပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ တက္ကသိုလ်တွေ၊ ကျောင်းတွေမှာ အစိုးရ အဖွဲ့က ဥပဒေကဲ့သို့ တည်စေတဲ့ အမိန့်၊ ညွှန်ကြားချက်လိုမျိုး ထုတ်ပြန်ပေးဖို့ လိုအပ်ကြောင်း အစည်းအဝေးတက်ရောက်ကြတဲ့ အာဏာရ ပါတီနဲ့ အစိုးရမှ ပုဂ္ဂိုလ်များအနေနဲ့ သက်ဆိုင်ရာ အထက်အဆင့်ဆင့်ကို ဆက်လက်ပြီး တင်ပြ ဆွေးနွေးညှိနှိုင်းကြဖို့ ပြောကြားခဲ့တာ ဖြစ် တယ်လို့ နားလည်မိပါတယ်။

တကသအိပ်မက်

ဒီနေ့ကာလမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖေါ်ဆောင်ရေးဟာ တိုင်းပြည်အတွက် အရေးအကြီးဆုံး ဖြစ်ပါတယ်။ အဲဒီကိစ္စတွေ အောင်မြင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းလက်တွဲပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေရတဲ့အချိန်လည်း ဖြစ်ပါ တယ်။ ၂၈ ရက်နေ့ တော်ဝင်နှင်းဆီအစည်းအဝေးမှာ အာဏာအ၀န်းအဝိုင်းက ပုဂ္ဂိုလ်တွေရဲ့ ပြောကြားချက်တွေအရ မေးခွန်းတွေ ဖြစ်ပေါ်စေ ပါတယ်။ ဒီနေရာမှာပဲ သမဂ္ဂအဆောက်အဦကို ဘာကြောင့် အလောသုံးဆယ် ဆောက်ချင်နေရတာလဲ။ အစိုးရက ကျောင်းသားတွေကို တကယ်အကျိုးရှိစေချင်တယ်ဆိုရင် ဘာကြောင့်အချိန်ယူပြီး မဆောင်ရွက်နိုင်ရတာလဲ။ ဒီမိုကရေစီအရပ်သားအစိုးရခေတ်ရောက်ခါမှ ကျောင်း သားတွေကို ဗီလိန်ဖြစ်အောင် ဘယ်သူတွေ တွန်းပို့နေတာလဲ။ စတဲ့မေးခွန်းတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ ရည်ရွယ် ချက်ရှိတယ်ဆိုရင်တော့ တနိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ တရားဝင်ရပ်တည်မှုကို တစုံတရာ အာမခံချက် ရရှိစေပြီး မျိုးဆက်အသီးသီးပါဝင်တဲ့ အစည်းအဝေးတွေ ဆက်လက် ကျင်းပပြုလုပ်ကာ ဆွေးနွေးအဖြေရှာကြမယ်ဆိုရင်ဖြင့် ဒီမိုကရေစီပညာရေးစနစ် အတွက် ကျနော်တို့ မျှော်မှန်းချက်တွေရဲ့ အိပ်မက်ဖြစ်တဲ့ တကသ အဆောက်အဦကြီး ပေါ်ထွန်းလာမည်မှာ အသေအချာပင်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။


ထွန်းဝင်းငြိမ်း ၁၊ ၃၊ ၂၀၁၇