မောင်လူရေး - အော် ဒါနဲ့ စကားမစပ် ... ၀ီရသူ


မောင်လူရေး - အော် ဒါနဲ့ စကားမစပ် ... ၀ီရသူ
(မိုးမခ) မတ် ၁၇၊ ၂၀၁၇

ဦးဝီရသူ သူ့ပါးစပ် တိပ်ကပ်ထားပြီး ပလ္လင်ပေါ်ထိုင်နေတဲ့ပုံမြင်ရတော့ မီဒီယာဖိနှိပ်မှု ရပ်ဆိုတဲ့ ကမ်ပိမ်းပုံတွေကို သတိရတယ်။ အဲဒီတုန်းကလဲ ပါးစပ်တိပ်ကပ်ကြတာကိုး။ ဒါ လွတ်လပ်စွာပြောဆိုခွင့်၊ ထုတ်ဖော်ခွင့်၊ ရေးသားခွင့်၊ တင်ဆက်ခွင့် ၊ ပါဖောမင့်ခွင့်တွေကို မချုပ်ချယ်နဲ့ဆိုတဲ့သဘောပ။


 အော် ... အခြေခံလူ့အခွင့်အရေးဆိုတာကလဲ ကာလ ဒေသ ပုဂ္ဂလ ပယောဂကိုလိုက်ပြီး ဒီဂရီပြောင်းရတယ်ထင်ပ။ သူလဲ လောကသစ္စံ နသစ္စံပြီပေါ့လေ။ လူတိုင်းဟာ ကိုယ့်ထင်မြင်ယူဆချက်တွေ ပြောခွင့် ဆိုခွင့် ရေးခွင့် ထုတ်ဖော်ခွင့်ရှိရမှာပ။ ဒါ သူ့မွေးရာပါဘဲကိုး။ လောကကြီးက သူ့တယောက်ထဲ မွေးထားတာမဟုတ်တော့လဲ သူ့အပြော သူ့အဟောမှာ မဟုတ်တယုတ်တွေပါလာရင်တော့ သူ့တာဝန်ပါ့လေ။ သူလဲ တည်ဆဲဥပဒေအတိုင်း ထိုက်သင့်တဲ့ပြစ်ဒဏ်ခံရမှာပ။ ဥပဒေမရှိသေး မလုံလောက်သေးရင်လဲ ဥပဒေပြုလွှတ်တော်ကြီးတွေ ရှိနေမင့်ဟာ၊ ပြုကြပေါ့။ နောက်တခုက ပြုထားတဲ့ဥပဒေတွေအတိုင်း အုပ်ချုပ်စီမံဖို့ အပြစ်ပေးအရေးယူဆောင်ရွက်ဖို့ တာဝန်ယူထားတဲ့ ပြည်ထဲရေးမှာ အသေအချာတာဝန်ရှိပါတယ်။ ဘုန်းကြီးတပါးကပြောပြီဆိုရင် ရာဇဝတ်မှုမြောက်ရင် သံဃနာယကအဖွဲ့နဲ့တောင် မဆိုင်ဘူးထင်ပါတယ်။ ပြည်ထဲရေးကိစ္စပါ။

 စကားစပ်လို့ပြောရရင် မဟနအဖွဲ့ကြီးဟာ သံဃာတွေရဲ့ ဝိနည်းဓမ္မကံကိစ္စတွေ ပညာရေးကိစ္စတွေ သံဃအဖွဲ့အစည်းတရပ်လုံးနဲ့ဆိုင်တဲ့ကိစ္စတွေ အစိုးရနဲ့တွဲလုပ်ရမယ့်ကိစ္စတွေ အဲဒါမျိုးတွေနဲ့ အဓိကဆိုင်ပါလိမ့်မယ်။ တခြားဘာသာရေး သာသနာရေးကိစ္စမှန်သမျှ ဆောင်ရွက်ဖို့မဟုတ်ပါဘူး။ အဲဒီတော့ မဘသလို သံဃာဦးဆောင်တဲ့အသင်းအဖွဲ့တွေ သူအားသန်ရာသူဆောင်ရွက်လုပ်ကိုင်ဖို့ ပေါ်လာမှာပါဘဲ။ ၈၈-မတိုင်ခင်ကလဲ သံဃသမဂ္ဂတွေရှိသလို ၈၈-ဖြစ်တော့လဲ အဓိကနိုင်ငံရေးဆောင်ရွက်ဖို့ သံဃာ့သာမဂ္ဂီတွေ ပေါ်လာတာပါဘဲ။ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ဆိုတာလဲ ဒီ့အတွက် တောင်းဆိုကြတာပါဘဲ။ တူရာတူရာပေါင်းလုပ်တဲ့ အဖွဲ့တွေပေါ့။ လူမှုဝန်ထမ်းဝန်ကြီးဌာနကြီးရှိနေတာဘဲ၊ သာရေး နာရေးအသင်းတွေ မလိုပါဘူး၊ လူမှုကူညီရေးအဖွဲ့တွေ မလိုပါဘူးပြောလို့ မရသလိုပါဘဲ။ အစိုးရအဖွဲ့ကြီးရှိနေတာဘဲ၊ CSO တွေ မလိုပါဘူးပြောလို့ မရသလိုပါဘဲ။ ကျန်းမာရေးဝန်ကြီးဌာနရှိနေတာဘဲ၊ တခြားကျန်းမာရေးနဲ့ပတ်သက်ပြီးလုပ်တဲ့အဖွဲ့တွေ မလိုပါဘူးပြောလို့ မရသလိုပါဘဲ။ တခြားကို မထိခိုက်အောင်တော့ ဥပဒေတွေနဲ့ ထိမ်းကြပေါ့။ ဥပဒေကြောင်းအရ တာဝန်ယူထားတဲ့ဌာနတွေက ဒါတွေကို တာဝန်ခံရမှာပါဘဲ။ ဆဲချင်သလို ဆဲနေကြတာဘဲ၊ စွပ်စွဲချင်သလို စွပ်စွဲနေကြတာဘဲဆိုပြီး ဖေ့ဘွတ်ကြီး ပိတ်လိုက်လို့ မရပါဘူး။ အဲဒါတွေကို စောင့်ကြည့်အရေးယူဖို့က ပြည်ထဲရေးရဲ့တာဝန်ပါဘဲ။ ဆဲတဲ့သူ စွဲတဲ့သူကလဲ ကိုယ့်ဟာကို တာဝန်ယူရမှာပါဘဲ။
ဘက်မတူတာနဲ့ဘဲ အခြေခံအခွင့်အရေးတွေအပေါ် အသက်သွေးချွေးပေးပြီး တောင်းဆိုခဲ့ကြသူတွေကိုယ်တိုင်က ဒီလို ပိတ်ပင်တားမြစ်ချက်တွေကို လက်ခုပ်လက်ဝါးတီးနေတာဟာလဲ "မမြဝင်းဆင်ဒရုန်း"များလား လို့တောင် ထင်ရပါတယ်။

လတ်တလော ဦးကိုနီလုပ်ကြံခံရမှုဖြစ်စဉ်မှာ ပြည်ထဲရေးဟာ ကိုဆွေဝင်းရဲ့ သတင်းလိုက် အစဆွဲထုတ်နိုင်မှုတွေကြောင့် တော်တော်ဘေးကျပ်နံကျပ်ရှိနေတယ်လို့ သတင်းစာရှင်းလင်းပုံတွေကြည့်ရင် သိနိုင်ပါတယ်။ မိထားတဲ့တရားခံတွေကို အမှုလဲ စွဲချက်တင်ပြီဆိုတော့ ဒီအမှုဟာ ဒီမှာဘဲ မအီမလည်နဲ့ အဆုံးသတ်တော့မလားလို့ စိုးရိမ်နေကြချိန်ဖြစ်ပါတယ်။ ပြီးတော့ စွဲထားတဲ့ပုဒ်မတွေကိုလဲ အများစုက မကျေနပ်ကြပါဘူး။ အဲဒီအချိန်မှာ ဖုန်းအော်ပရေတာတွေကတဆင့် ဘယ်သူတွေနဲ့ဆက်သွယ်တယ်ဆိုတာ ဖော်ထုတ်နိုင်ရင် ကွင်းဆက်တရားခံတွေ မိနိုင်တယ်ဆိုတဲ့ ကိုဆွေဝင်းရဲ့ ထောက်ပြချက်ဟာ အလွန်အရေးပါတဲ့ဟာပါ။ ပြည်ထဲရေးအဖို့ ကားလိပ်ချလိုက်လို့ မဖြစ်သေးတဲ့အခြေအနေပေါ့လေ။
ဒီအချိန်မှာ ကိုဆွေဝင်းဟာ ဘုန်းကြီးတပါးအားကိုးနဲ့ ဦးဝီရသူကို စွပ်စွဲရေးသားလိုက်တဲ့ စာသားဟာ သားသားတို့အကြိုက် မွန်းလိုက်ပေါ့လေ။

၆၆(ဃ)ဟာ ဦးကိုနီလုပ်ကြံမှုနောက်ကွယ်ဆရာကြီးများဖော်ထုတ်ရေးတိုက်စစ်မှူးကြီးအတွက် အနီကတ်ဖြစ်သွားမယ်ဆိုရင်...။  ဒီပွဲဟာ တိုက်စစ်ကနေ ခံစစ်ပြောင်းသွားမှာပေါ့။ ဂိုးမသွင်းနိုင်ရင် ဘယ်လိုလုပ်မလဲ။ ၆၆(ဃ)ကလဲ ပြင်ဖို့ လမ်းမမြင်သေးတော့ အဆဲလေးတွေ လျှော့ကြဖို့လဲ တိုက်တွန်းချင်ပါတယ်။ ကွင်းထဲမှာ တကယ်ကန်နေတာက ၁၁-ယောက်ထဲပါ။ စကရင်ရှော့တွေ စီချပြီး ၆၆(ဃ)လိုက်ရင် ဖေ့ဘွတ်လောကကြီးတောင် ကျီးနဲ့ဖုတ်ဖုတ် ဖြစ်သွားနိုင်ပါသေးတယ်။ ပြည်ထဲရေးရော တပ်မတော်ရော ဒီအမှုဟာ တပ်ကလူတွေနဲ့မဆိုင်ဘူးလို့ ရှင်းနေချိန်မှာဘဲ မော်လမြိုင်ဘုန်းကြီးက သူ့အင်တာဗျူးမှာ ခြေဥပြင်ချင်သူတွေကို တပ်ကဆော်မှာဘဲလို့ ပြောနေတာကို အဓိကမီးမောင်းမထိုးပါဘဲ မဘသက ခြေဥပြင်လိုသူတွေကို ခြိမ်းခြောက်ဆိုပြီး မီဒီယာပေါ်တင်ပေးလိုက်တာဟာ တမင်လမ်းကြောင်းလွဲပစ်သလားတောင် ထင်ရပါတယ်။ ဒီလိုပုံနဲ့ မိုးကြီးချုပ်သွားမှာစိုးလို့ပါဗျာ။

 အော် ဒါနဲ့ စကားမစပ် ... မဟနက ဦးဝီရသူကို တရားဟောခွင့်ပိတ်တဲ့စာထဲမှာ ပါတီတွေကြား ဘက်လိုက်ဟောပြောခြင်းဆိုတာလေးလဲပါတော့ သတိတော် ထားတော်မူကြပါအုံးလို့။

 မောင်လူရေး