ဒီလူည ● ည ရောင်းရန်ရှိသည်

 ဒီလူည ● ည ရောင်းရန်ရှိသည်
(မိုးမခ) မတ် ၂၃၊ ၂၀၁၇

ကျနော်သည် ကျနော့်တွင် ပိုင်ဆိုင်သောညကိုရောင်းရန် နိုင်ငံပိုင်သတင်းစာများတွင်မက ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ထည့်သွင်း ကြော်ငြာခဲ့ပါသည်။ ရေးချမပါသော ကျနော်၏ညကို ကြော်ငြာထည့်သွင်းသည်မှစ၍ ယနေ့ ထက်တိုင် ဖုန်းနှင့်ဖြစ်စေ၊ အင်တာနက်၊ အီးမေးလ်၊ ဂျီမေးလ်  စသော လူမှုကွန်ယက်များမှ ဖြစ်စေဆက်သွယ် စုံစမ်းဝယ် ယူမည့်သူ တဦးတယောက်မှမရှိခဲ့။

ရေးချမပါသော ကျနော်၏ညသည် မီးရောင်မှိန်မှိန်လေးအောက်တွင် ရှိသည်။ ရေးချမပါသော ကျနော်၏ညသည် ဆောင်း တွင်းများကို အနွေးထည်မပါဘဲ ဖြတ်သန်းပါသည်။ ရေးချမပါသော ကျနော်၏ညသည် မိုးတွင်း၌ ထီးမပါဘဲ မိုးရေစက် တွေ အောက် ခရီးထွက်နေပါသည်။ ရေးချမပါသော ကျနော်၏ညသည် နွေခေါင်ခေါင် မီးလှုံနေပါသည်။ ရေးချမသော ကျနော်၏ ညသည် ချောင်တချောင်၌ ကြယ်ကြွေတွေကို ရေတွက်နေပါသည်။ ရေးချမပါသော ကျနော်၏ညသည် ပင့်ကူမျှင်တွေ၊ ပိုး အိမ်တွေထူထပ်နေတဲ့ အိမ်အိုပျက်ကြီးထဲတွင် ရှိပါသည်။

ရေးချမပါသော ကျနော်၏ညသည် စုတ်ဖြဲထားသော ပြက္ခဒိန်စာရွက်ဝါဝါလေးတွေပေါ်တွင် ရှိပါသည်။
*****

အမှန်တော့ ညသည် လူသားများအတွက်သာမက ကမ္ဘာမြေပေါ်မှာတည်ရှိရှင်သန်နေကြသော သက်ရှိအားလုံးအတွက်ပင် အလွန်အရေးကြီးသော သက်စောင့်ဓာတ်တမျိုးဖြစ်ပါသည်။ အထူးသဖြင့် သူဆင်းရဲသားတို့အတွက် ညသည် အနားယူ ရန်ဖြစ်ပြီး အထက်တန်းလွှာ လူတန်းစားအတွက်မူ ညသည် ပို၍ ပို၍ အနားယူအပန်းဖြေရန်ဖြစ်ပါသည်။

သခင်ကိုယ်တော်မှိုင်းတွင် ညရှိသည်။ ဆရာဇော်ဂျီတွင် ည ရှိသည်။ ဝင်းဦးတွင် ညရှိသည်။ တက္ကသိုလ်ဘုန်းနိုင်တွင် ည ရှိ သည်။ ဗိုလ်ချုပ်အောင်ဆန်းတွင် ညရှိသည်။ ကိုအောင်ကျော်တွင် ည ရှိသည်။ ကိုဗထူးတွင် ညရှိသည်။ ငုယင်ဗန်ထရိုင်းတွင် ည ရှိသည်။ ဟိုချီမင်းတွင် ည ရှိသည်။ ချေခွေဗားရားတွင် ည ရှိသည်။ မဝင်းမော်ဦးတွင် ည ရှိသည်။ မာသာထရီဇာတွင် ည ရှိသည်။ ဘွားဦးဇွန်းတွင် ည ရှိသည်။ မာလာလာတွင် ည ရှိသည်။ မဒမ်ကျူရီတွင် ည ရှိသည်။ ရှယ်လီတွင် ည ရှိသည်။ ပီကာဆိုတွင် ည ရှိသည်။ ရေနွားတွင် ည ရှိသည်။ စတိဂျော့စ်တွင် ည ရှိသည်။ မာ့ခ်ဇူကာဘာ့ဂ်တွင် ည ရှိသည်။

ကျနော့်အဖေ ဦးသိန်းဟံတွင် ည ရှိသည်။ ကျနော့်အမေ ဒေါ်တာတွင် ည ရှိသည်။ ကျနော့်အစ်မကြီး စုလှိုင်တွင် ည ရှိသည်။ ကျနော့်ညီ သက်မျိုးတွင် ည ရှိသည်။

ကျနော့်ဇနီး မြမြသက်တွင် ည ရှိသည်။ ထို့အတူ ကျနော့်တွင် ည ရှိပါသည်။
******

ညသည် မနက်ဖြန် အိမ်လခပေးရန် ပိုက်ဆံမရှိသော အိမ်ထောင်ဦးစီးအတွက် သက်ပြင်းသံဖြစ်သည်။ ညသည် မနက်ဖြန် ကျုရှင်လခပေးရန် ပိုက်ဆံမရှိသော မိခင်တယောက်အတွက် ဆုတောင်းသံ ဖြစ်သည်။ ညသည် ကလေးများအတွက်တော့ "ညအခါ ၊ လသာသာ၊ ကစားမလား၊ နားမလား" ဖြစ်သည်။
*******

ကျနော်သည် ညကိုရောင်းချင်ပါသည်။ ရေးချမပါသောကျနော်၏ ညသည် ရေစီးနှင့်မျောပါနေသော ချောင်းထဲက အမှိုက်များ တွင် ကပ်ပါသွားသည်။ ရေးချမပါသော ကျနော်၏ညသည် အဆင့်မြင့်ဟိုတယ်ကြီးများတွင် ဇိမ်ကျကျ အရသာရှိရှိ အချိန် တွေကို မြည်းနေသည်။ ရေးချမပါသော ကျနော်၏ညသည် တခါတလေ သူရဲကောင်းတယောက်လို ဝင့်ကြွားတတ်ပြီး တခါ တလေတွင်လည်း သူရဲဘောကြောင် သူတယောက်လို ပြုမူနေတတ်ပါသည်။ ရေးချမပါသော ကျနော်၏ညသည် မြွေတ ကောင်လို တွားသွားတတ်ပြီး လင်းယုန်တကောင်လိုလည်း ဝဲပျံနေတတ်ပါသည်။ ရေးချမပါသော ကျနော်၏ညသည် တခါ လေ အစွန်းရောက် အကြမ်းဖက်သူယောက်ဖြစ်ပြီး တခါတလေ စစ်ဗိုလ်ချုပ်တယောက်လို ဖြစ်သည်။ ရေးချမပါသော ကျ နော်၏ညသည် အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား ဖြစ်သည်။
********

မရေတွက်နိုင်သော မိုးရေစက်တွေကြားမှာ ညသည် ပြေးလွှားနေပါသည်။ ထိုသို့ပြေးလွှားရင်း တီဗွီအစီအစဉ်တခုရဲ့ အင် တာဗျူးတခုမှာ ဤသို့ပြောခဲ့သည်။

"ညဖြစ်တည်မှုအပေါ်ခံစားမှုလေးကို သိချင်ပါတယ်"

"အဖြေကို ဖြေဖို့ ခင်ဗျားကို အကူညီတောင်းရမယ်ဗျ"

"ရပါတယ် ..ပြောပါ"

"ခင်ဗျား ခြင်ကိုက်ခံရဖူးလား"

"ခဏ ခဏပဲဗျ"

"ဒါဆို ..ခင်ဗျားတခါတလေတော့ ကိုယ့်ကိုကိုက်တဲ့ချင်ကို ရိုက်ဖူးလား"

"ရိုက်ဖူးပါတယ် "

"မိလားဗျ"

"အင်း..မိတဲ့အခါလည်း ရှိသလို မမိတာလည်း ရှိတယ်"

"မိရင်တော့ ခင်ဗျားက ငါ့အသားကို ကိုက်တဲ့ခြင် ဘယ်လွတ်မလဲကွဆိုပြီး စိတ်ထဲက ကြုံးဝါးမိမယ်နော်..ဟုတ်လား"

"အင်း.. ခင်ဗျားပြောသလိုလည်း ဖြစ်မယ်ထင်တယ်ဗျ"

"မမိတဲ့အခါဆို ခင်ဗျားခြင်ကို ကျိန်ဆဲချင်ကျိန်ဆဲမယ်...ကိုယ့်အသားနာသွားလို့ လွတ်သွားတဲ့ခြင်ကို လိုက်ရိုက်ရင်း ခင်ဗျား ရဲ့လက်ဖဝါး တွေက ခြင်ကိုမရိုက်မိဘဲ အချင်းချင်းရိုက်မိပါများတော့ နီရဲပြီး နာလာမယ်...အဲ့ဒီအခါ ခြင်ကိုထပ်ရိုက်မိသေးလား..မရိုက်ဘဲ နာနေတဲ့ ကိုယ့်လက်ကလေးကို ပွတ်သပ်နေသလား"

"အင်း ..နှစ်ခုစလုံးကိုလုပ်ဖူးမိမယ်ထင်တယ်ဗျ..တခါတလေပေါ့"

"ဘယ်လိုအခါမျိုး ဖြစ်မလဲဆိုတာလေး ပြောပြပေးပါလား..ခွဲခြမ်းပြီးလေ"

"ဟင်"

နောက်ဆုံးတော့ ထိုအင်တာဗျူးမှာ မေးသူပြောသူ နေရာယူတွေမှားပြီး ထိုအင်တာဗျူး တိုက်ရိုက်ထုတ်လွှင့်မှုကြီး ပြီးဆုံးခဲ့ပါ သည်။
****

ထိုအချိန်မှစ၍ ကျနော်သည် ရေးချမပါသောညကို ရောင်းဖို့ ကြော်ငြာခဲ့ပါတော့သည်။ ခုချိန်ထိလည်း မည်သည့်ဆက်သွယ်ရေး၊ မည်သည့်လူမှုကွန်ယက်မှ စုံစမ်းဆက်သွယ်သောသူတဦးတယောက်မျှလည်း မရှိခဲ့ပါဘူး။

အကယ်၍  ကျနော်၏ညကိုရောင်းဖို့ ကြော်ငြာများ သင်တွေ့ခဲ့မိပြီး ဆက်သွယ်စုံစမ်းချင်တယ်ဆိုရင် အောက်ပါ ဖုန်းနံပါတ် များကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

၀၉ ၄၂၈၀÷ ÷ ÷ ÷ ÷
၀၉ ၇၉× ×× ×× ×
၀၉ ၉၇ + + +++ ++
၀၉ ၈၆ ÷× ÷× ÷
၀၅၂ ၂ +-×÷÷
၀၁ ÷ ÷ ×× -- ။  ။

ဒီလူည