ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် မောင်မိုးသူ




ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် မောင်မိုးသူ
(မြန်မာသံတော်ဆင့်ဂျာနယ်) မိုးမခ၊ မတ် ၁၊ ၂၀၁၇

အားလုံး အားလုံးသော ပုဂ္ဂိုလ်များ အဖွဲ့အစည်းများအားလုံးက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြဖို့ ပြောနေကြတယ်ခင်ဗျ။ ၂၀၀၈ ဖွဲ့စည်းပုံမှာလည်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရမယ်လို့ပါသတဲ့။ တပ်မတော်ကလည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှာတဲ့။ လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းအားလုံး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုး မည့်အဖွဲ့အစည်းများရော၊ လက်မှတ် မရေးထိုးရသေးတဲ့အဖွဲ့အစည်းများရော အားလုံးအားလုံးက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြဖို့ပြောနေကြတယ်ခင်ဗျ၊ ဘယ်လိုဖက်ဒရယ်ပြည်ထောင်စု ကိုတည်ဆောက်ရမယ်၊ ဘယ်လိုပုံစံနဲ့တည်ဆောက်ရမယ်၊ ဘယ်လိုအချက်အလက်များပါဝင်ရမယ် ဆိုတဲ့ဟာကတော့ တစ်ယောက်တစ်မျိုးပဲဖြစ်နေလေရော့သလား၊ သူတမူ ငါတမူပဲဖြစ်နေရော့သလား မပြောတတ်ပါဘူး၊

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိစ္စအတွက် ဆွေးနွေးပွဲစကားဝိုင်းအထိကို ရောက် မလာကြသေးပါဘူး။ ပြီးခဲ့တဲ့ (၇၀)ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ပင်လုံမှာ ကျင်းပခဲ့ပါတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၀)က သူ့ဖခင်ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ နေရာကိုအရောက်သွားပြီး ၂၁ရာစု ငြိမ်းချမ်းရေးပင်လုံညီလာခံ ဖြစ်မြောက်ရေး ဆွေးနွေးပွဲတွေလုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၏ မိသားစုများနဲ့လည်း တွေ့ဆုံစကားပြောခဲ့ကြပါတယ်။ နှစ်ပေါင်းများစွာအဖက်မလုပ် ပစ်ပယ်ခံထားခဲ့ရတဲ့ မိသားစုဝင်များကလည်း ဝမ်းသာဝမ်းနည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောကြပုံတွေကို ရုပ်မြင်သံကြားကတဆင့် ကြည်နူးစရာတွေ့မြင်ရပါတယ်။

ဒီတခေါက် ပင်လုံဆွေးနွေးပွဲအခမ်းအနားနေရာဟာ အလွန်ကိုလှပပါတယ်။ အေးမြတဲ့ညောင်ပင်ရိပ်မှာ ဆွေးနွေးကြတာဖြစ်လေတော့ ကမ္ဘာကျော် ရာဘင်တရာနတ်တန်ခိုးရဲ့ ဆန္ဒိနိကေတာကျောင်းမှာ ဆရာနဲ့ တပည့်တွေကို စာသင်ခန်းမထဲမှာမဟုတ်ပဲ သင်ပင်ရိပ်အောက်မှာ မြက်ခင်းတွေပေါ်မှာ ဆွေးနွေးကြ သင်ကြားကြပုံတွေကို သတိရစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပင်လုံဆွေးနွေးပွဲမှာ တိုင်းရင်းသား တိုင်းရင်းသူ လူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့ကြတာကို လူငယ်တွေအားလုံးကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးရမှာဖြစ်လေတော့ အသေအချာ စနစ်တကျပြင်ဆင်လာပုံရပါတယ်၊ သူတို့ရဲ့ တင်ပြပုံအချက်အလက်များဟာ အတော့်ကိုလေးနက်ပြည့်စုံ စွာတွေ့ရပါတယ်။ လူငယ်တွေရဲ့ ဆွေးနွေးချက်တွေအားလုံးကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တလေးနက်နားထောင်ပြီး အားလုံးအားလုံးကို အချက်အလက်နဲ့ေ့ဖြကြားဆွေးနွေးသွားတာကိုလဲ တွေ့ရပါတယ်။

 အရေးကြီးဆုံးနဲ့ အရေးပါဆုံးကတော့ ဆွေးနွေးပွဲပါပဲ၊ စားပွဲဝိုင်းဆွေးနွေးပွဲ၊ နိုင်ငံရေး ဆွေးနွေးပွဲဟာ ဆွေးနွေးပွဲရဲ့အမြင် လိုအပ်ချက်များကို တင်ပြ ဆွေးနွေးကြရတာဖြစ်ပြီး အားလုံးတိုင်ပင် အဖြေရှာရတဲ့သဘောကိုး။  ဒါကြောင့်လဲ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က အပစ်အခက်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး အဖွဲ့အစည်းများရော၊ မရေးထိုးရသေးတဲ့ အဖွဲ့အစည်းများပါ အားလုံးပါဝင်ကြဖို့ စုပေါင်းဆွေးနွေးအဖြေရှာကြဖို့ တိုက်တွန်းနေခဲ့တာဖြစ်ပါတယ်၊

ချင်းအမျိုးသားနေ့အခမ်းအနားမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားများရဲ့ ပြည်ထောင်စုစိတ်ဓါတ်မွေးမြူခြင်းဖြင့်သာ နိုင်ငံတော်အနာဂတ်အတွက် အာမခံချက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ချင်းအမျိုးသားနေ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ကျမတို့တိုင်းရင်းသားများရဲ့ တကယ့်ကိုပြည်ထောင်စုစိတ်ဓါတ်မွေးမြူခြင်း အားဖြင့်သာလျှင် ကျမတို့နိုင်ငံအနာဂတ်အတွက် ကျမတို့ အာခံချက်ပေးနိုင်မှာပါ၊ ဥပဒေတွေပြဌာန်းလို့လည်း အာမခံချက်ပေးနိုင်မှာမဟုတ်ပါဘူး၊ ဘယ်နိုင်ငံရေးစနစ်နဲ့မှာ အာမခံချက် ပေးနိုင်မှာမဟုတ်ပါဘူး၊ အချိန်အခါအားဖြင့်တော့ ကျမတို့တိုင်းရင်းသားများရဲ့ စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓါတ် ရှိခြင်းဖြင့်သာလျှင် ကျမတို့ရဲ့ပြည်ထောင်စုအတွက် အာမခံချက်ပေးနိုင်မှာပါ၊ ဒါကြောင့် ကျမတို့ ချင်းတိုင်းရင်းသားများကို ချင်းအမျိုးသားနေ့မှာဂုဏ်ပြုရင်း ကျေးဇူးတင်စကားပြောချင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က
 ပြောကြားခဲ့ပါတယ်၊

ပြည်ထောင်စုကြီးတိုးတက်ရန် သဘောထားကြီးဖို့လိုအပ်ကြောင်း၊ သဘောထားကြီးစေရန် အဓိကကျသည့်အခြေခံဟာ ပညာတတ်ရန်ဖြစ်ကြောင်း၊ ပညာတ်ရန်ဆိုခြင်းမှာ ကျောင်းပညာကို ဆိုလိုခြင်းမဟုတ်ပဲ စိတ်ဓါတ်အပေါ်မှာအခြေခံပြီး ဆင်ခြင်တုံတရားရှိသည့် ပညာရေးကို ဆိုလိုခြင်းဖြစ်ကြောင်း၊ အဆိုပါပညာများ နိုင်ငံအတွင်း များပြားလာမှသာ အမှန်တကယ်စစ်မှန်သည့် တည်တံ့ခိုင်မြဲရေးနှင့် ညီညွှတ်သည့် ပြည်ထောင်စုကြီး ဖြစ်လာမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်၊

မောင်မိုးသူတို့ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး စတင်ကြေညာပြီးသည့်နှစ် မရှေးမနှောင်း ပြည်တွင်းစစ် တောက်လောင်ခဲ့တာဖြစ်ပါတယ်။ အယူအဆ မတူကွဲပြားသည့် နိုင်ငံရေးပါတီများ လက်နက်ကိုင်စွဲ တော်လှန်ရေးလုပ်ကြသလို တိုင်းရင်းသားလူမျိုးစုများကလည်း လက်နက်ကိုင်စွဲ တိုက်ပွဲဝင်လာကြတာဖြစ်ပါတယ်။ လူမျိုးစုလက်နက်ကိုင်များက အမြဲတန်းပြောကြားခဲ့တဲ့ အခြေခံအချက်ကတော့ ပြည်မနဲ့ ပြည်နယ်၊ ပြည်မနဲ့တောင်တန်း အခွင့်အရေး မညီမျှဘူးဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ လူမျိုးစုများ တိုင်းရင်းသားများအနေနှင့်လည်း ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊  မိမိတို့ပြည်နယ်ဒေသမှ ထွက်ရှိသည့် သယံဇာတများကို ခံစားစံစားနိုင်ဖို့ အညီအမျှ ရရှိရေးဆိုသည့်အချက်ပဲဖြစ်ပါတယ်။ အားလုံးအားလုံးချုပ်လိုက်ရင် ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ဟာကို ဆိုက်ရောက်သွားတာပဲဖြစ်ပါတယ်။

 စောစောကပြောတဲ့အတိုင်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အစိုးရက လိုလားသလို တပ်မတော်ကလည်း လိုလားသတဲ့၊ လူမျိုးစုလက်နက်ကိုင်များအားလုံးကလည်း လိုလားကြသတဲ့၊ ဒါဆိုရင် ခေါင်းစဉ်ကတော့ တူနေကြပြီပဲ။ မတူကွဲပြားတဲ့ လိုအပ်ချက်များကို စားပွဲဝိုင်းမှာဆွေးနွေးကြပြီး လိုတိုးပိုလျှော့ ညှိနှိုင်းကြမှသာလျှင် အားလုံးလိုလားသည့် အဖြေကို ရရှိနိုင်မည်ဖြစ်ပါတယ်။ ဒီတော့ အရေးအကြီးဆုံးက ဆွေးနွေးပွဲစကားဝိုင်းကို အားလုံးပါဝင်လာကြပြီး မိမိတို့လိုအပ်ချက်များကို သဘောထားကြီးစွာ ဆွေးနွေးတင်ပြကြပြီး အဖြေကောင်း အဖြေမှန်ကို ရရှိရန်ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် မောင်မိုးသူပါ။