တူမောင်ညို - အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၁၂)



တူမောင်ညို - အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၁၂)
( ဆေးခါးကြီးသောက်ပြီး ခါးသည်းနာကျည်းအောင် မလုပ်နဲ့ )
(မိုးမခ)၂၀၁၇ ခုနှစ်၊ မတ်လ ၁၇ ရက် 


အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်းမှာ ဦးနင်းပဲ့ထောင်၊ အိုးနင်းခွက်နင်းနဲ့ ဖြစ်ရပ်မျိုးစုံ အသံဗလံမျိုးစုံ ပေါ်ထွက်နေပါတယ်။

အဲဒီအသံဗလံတွေထဲမှာ ရုတ်ရုတ်သဲသဲ အဖြစ်ဆုံးတစ်ခုကတော့ သံလွင်တံတား (ချောင်းဆုံ) ကို “ဗိုလ်ချုပ်အောင်ဆန်း တံတား” လို့ အမည်ပေးတဲ့ကိစ္စပါပဲ။ ဘယ်လောက်ထိ ရုတ်ရုတ်သဲသဲဖြစ်သလဲဆိုတော့ လွှတ်တော်မှာတင်ပြီး မဲခွဲဆုံးဖြတ်ခဲ့ရတာဖြစ်ပါ တယ်။ သမီးတင်တဲ့ အဆိုကို အဖေက ကန့်ကွက်ဝေဖန်နေပါတယ်။

“၂၀၀၈ အခြေခံဥပဒေနဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ” လမ်းပေါ်မှာ လျှောက်လှမ်းနေသမျှ ဒီလို ကမောက်ကမတွေ တမျိုးပြီး တမျိုးမရိုးရအောင် ကြုံနေ၊ တွေ့နေ၊ ကြားနေရမှာပါ။ ဒီချုပ်ပါတီပြောခွင့်ရ ဦးဝင်းထိန်က တံတားအမည်ပေးတဲ့ကိစ္စ ဝေဖန်သံ တွေညံနေတဲ့အပေါ် “ဆေးခါးကြီးသောက်သလို သဘောထားလိုက်ဖို့” ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်တွေကို ရဲဆေးတင်ပေးလိုက်တာ ကြားရပါတယ်။

ပါတီကိစ္စ၊ လွှတ်တော်ကိုယ်စားလှယ်တွေကိစ္စ ပတ်ကြမ်းတိုက်ဖို့ ဦးဝင်းထိန် လိုင်စင်ရထားပုံ ပေါ်ပါတယ်။ တာဝန်ပေးထား တယ်လို့ယူဆပါတယ်။ ဒီကိစ္စတွေ (ပါတီနဲ့လွှတ်တော်ကိုယ်စားလှယ်) မှာ ဦးဝင်းထိန်ဟာ ဒီချုပ်ပါတီရဲ့ “ရမ်ဘို” သို့မဟုတ် “အာနိုးကြီး” ပဲဖြစ်ပါတယ်။

ဆေးခါးကြီးသောက်သလို သဘောထားဖို့ ဦးဝင်းထိန်က ရဲဆေးတင်ပေးနေတာ တကယ်တော့ ဒီချုပ် ပါတီတစ်ရပ်လုံးက “၂၀၀၈ အခြေခံဥပဒေ” ဆိုတဲ့ “ဆေးခါးကြီး” ကို “ အရှိရှိတိုင်း မြင်တယ်”ဆိုပြီး မော့သောက်ခဲ့တာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် ကတည်းကဖြစ်ပါတယ်။ ဒီဆေးခါးကြီးသောက်ပြီးမှတော့ ကျန်တဲ့ဆေးခါးလေးတွေ ဘာမှုစရာလိုတော့လို့လဲ။ တကယ်တော့ ဦးဝင်းထိန်က လူလည်ကျပြီးပြောတာပါ။ သူပြောချင်တာက ဘာမှအရေးလုပ်မနေနဲ့ ကိုယ်လုပ်စရာရှိတာကိုယ်လုပ်ကြလို့ ပြောချင်တာ နေမှာပါ။ ဒါပေမယ့် ဒီလို ဒဲ့ဒိုးပြောလို့ မဖြစ်လို့ ဆေးခါးကြီးသောက်သလို သဘောထားလို့ ရဲဆေးတင်ပေးလိုက်တာပါ။ ပေါက်တဲ့နဖူး မထူးဘူးဆိုပြီး ဒီချုပ်အမတ်တွေကို ဆေးထိုးပေးတာပါ။

(Burma and Myanmar ) “ဘားမားနဲ့ မြန်မာကိစ္စ” နောက်ကြောင်းနည်းနည်း ပြန်ခွင့်ပြုပါ။

ဒီကိစ္စ ၂၀၁၂ ခုနှစ် ဇွန်လထဲမှာပြုလုပ်တဲ့ OSLO Forum မှာ ဒေါ်အောင်ဆန်းစုကြည်ကို သတင်းထောက်တွေကမေးတော့ အခုလိုဖြေကြားခဲ့ဖူးပါတယ်။

“ စကားလုံး အသုံးအနှုန်းကို မကြိုက်လို့မဟုတ်ဘဲနဲ့ ပြောင်းလဲလိုက်တဲ့ပုံစံ၊ လူထုကိုမတိုင်ပင် အသိမပေးဘဲ တစ်ဘက်သတ် ပြောင်းလဲလိုက်တဲ့ပုံစံမျိုးကိုသူ့အနေနဲ့လက်ခံဖို့အခက်အခဲရှိနေသေးလို့ ဒီအတိုင်းဆက်ခေါ်တာပါ” လို့ဖြေခဲ့ပြောခဲ့ပါတယ်။

ဒီပြောကြားချက်ဟာ မူသဘောထားဖြစ်ပါတယ်။ ခိုင်ခိုင်မာမာစွဲစွဲမြဲမြဲကိုင်စွဲထားရမယ့် ဒီမိုကရေစီသဘောထားပါ။ “လူထုကို အသိပေး၊ လူထုကို အစီရင်ခံ၊ လူထုအသံကိုနားစွင့်၊ လူထုဆန္ဒကို ရှေ့ရှု၊ လူထုကိုရှေ့ဆောင်၊ လူထုဘက်က အစဉ်ရပ်တည်” ဆိုတာ ဒီမိုကရေစီကို နက်နက်ရှိုင်းရှိုင်းအလေးထားတဲ့နိုင်ငံရေးပါတီတိုင်း တသမတ်တည်း ရပ်တည်စွဲကိုင်ထားရမယ့် သဘောထားဖြစ်ပါတယ်။

သံလွင်တံတား (ချောင်းဆုံ)ကို အမည်ပေးတာမှာ ဘာလို့ ဒီမူအတိုင်း စွဲကိုင်ပြီး မလုပ်နိုင်ခဲ့သလဲ။ ဘာကြောင့် ဒီလိုလုပ်ဖို့ ပျက်ကွက်ခဲ့ကြသလဲ။ နာမည်ပေးတာကို ယာယီဆိုင်းငံ့ထားပြီး လူထုအသံနဲ့သဘောထားကို နားထောင်ဖို့ အချိန်မပေးနိုင်ဘူးလား။ တံတားနာမည်ပေးရေး ကိစ္စက ဘယ်လောက်အရေးကြီးနေလို့လဲ။

ဒီချုပ်ပါတီက ၂၀၁၅ ခုရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးတဲ့နောက် ဒီချုပ်ပါတီအစိုးရဖြစ်လာတဲ့အခါမှာ OSLO Forum မှာ ပြော ဆိုကိုင်စွဲရပ်တည်ပြီးပြောဆိုခဲ့တဲ့ သဘောထားကနေ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ယိမ်းယိုင် သွေဖီသွားတာတွေ့ရပါတယ်။

၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီးသစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံခြားသံတမန်များတွေ့ဆုံရာမှာပါ။ နိုင်ငံခြားရေးဝန်ကြီးသစ်ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောပါတယ်။

“ ကျွန်မအနေနဲ့ Burma လို့ မကြာခဏ သုံးစွဲခဲ့ပါတယ်၊ အဲ့ဒါဟာ အလေ့အကျင့်လို ဖြစ်နေလို့ပါ၊ အဲ့ဒီလို သုံးစွဲလို့ ကျန်တဲ့သူ တွေလည်းအလားတူ သုံးစွဲရမယ်လို့ မပြောလိုပါဘူး၊ နောင်မှာ အလျဉ်းသင့်သလို Myanmar လို့ သုံးစွဲသွားမှာ ဖြစ်ပါတယ်၊ ဒါမှလည်း သံတမန်တွေအနေနဲ့သက်တောင့်သက်သာဖြစ်မယ်ဆိုတာ နားလည်ပါတယ်၊ သံတမန်တွေအနေနဲ့ Burma ဒါမှမဟုတ် Myanmar ကြိုက်သလို သုံးနှုန်းနိုင်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လိုသုံးစွဲရမယ်ဆိုတာ ပြဌာန်းထားတာ မရှိပါဘူး” တဲ့။

ဒီသဘောနဲ့ ဒီအပြောဟာ “၂၀၀၈ အခြေခံဥပဒေနဲ့ နိုင်ငံတော်၏ တည်ဆဲဥပဒေများကို လေးစားလိုက်နာထိန်းသိမ်း ကာကွယ် ပါ့မယ်” ဆိုတဲ့ “ဆေးခါးကြီး”ကို ပီပီပြင်ပြင် သုံးဆောင်ပြီးနောက် အခုလို ရွေ့လျားပြောင်းလဲသွားတာပဲဖြစ်ပါတယ်။ ပါတီဥက္ကဋ္ဌ၊ပါတီ ခေါင်းဆောင်ကိုယ်နှိုက်က သို့ကလို သဘောထားပြောင်းလဲသွားမှတော့ ပါတီဝင်ထုတစ်ရပ်လုံး၊ ပါတီလွှတ်တော်ကိုယ်စားလှယ် အားလုံး ကလည်း မိမိပါတီခေါင်းဆောင်နဲ့အတူ သဘောထားပြောင်းလဲဖို့လိုအပ်တာပေါ့။ ဦးဝင်းထိန်က ဆေးခါးကြီးသောက်သလို သဘောထား ခိုင်းတာ ဒီလိုပြောင်းလဲနိုင်ဖို့ ထပ်မံသတိပေးနှိုးဆော်တာပဲဖြစ်မှာပါ။

“၂၀၀၈ အခြေခံဥပဒေဘောင်” ထဲမှာ နောက်ကွယ်ကနေ စစ်အုပ်စုက နည်းလမ်းပေါင်းစုံသုံးပြီး အကွက်ချထိုးနှက်နေတယ်။ မစားရတဲ့အမဲသဲနဲ့ပက်နေတယ်ဆိုတဲ့ကိစ္စက လူတိုင်း သိပြီးသားပါ။ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ” စည်းဝိုင်းထဲမှာ ဒီလိုလုပ်နိုင်တယ်၊ လုပ်မှာဖြစ်တယ်၊ ဒါမျိုးတွေ မလွဲမသွေတွေ့ရမှာဖြစ်တယ် ဆိုတာ ဗေဒင်မေးစရာမလိုတဲ့ကိစ္စတွေဖြစ်ပါတယ်။

သံလွင်တံတား (ချောင်းဆုံ) ကိစ္စကတော့ မိမိတို့ကိုယ်တိုင်တချိန်က စွဲကိုင်ခဲ့တဲ့ “ ဒီမိုကရေစီ ရပ်တည်ချက်နဲ့သဘောထား” ကို ကိုယ့်ဘာသာ စွန့်ပစ်လိုက်လို့ဖြစ်ရတာပါ။ ဘယ်သူမပြု မိမိမှုပါ။ သူတပါးကို လက်ညှိုးထိုးနေတာထက် ဒီချုပ်ပါတီဝင်တွေဟာ မိမိတို့ ပါတီ၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်၊ မိမိတို့အစိုးရ လုပ်နေတာတွေ၊ လုပ်ရပ်တွေ၊ သဘောထားတွေကို စနစ်တကျ ပြန်လည်ဆန်းစစ် ဝေဖန်ဖို့လိုအပ်ပါတယ်။

ဒီချုပ်ပါတီ၊ဒီချုပ်ပါတီလွှတ်တော်ကိုယ်စားလှယ်၊ ဒီချုပ်ပါတီအစိုးရအဖို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အခုလိုနှစ်မျိုးနှစ်စား ခွဲခြားလို့ ရနိုင်မယ်ထင်ပါတယ်။

ပထမ တစ်မျိုးက “၂၀၀၈ အခြေခံဥပဒေ” ကို အရှိ အရှိအတိုင်း လက်ခံတာနဲ့အတူ ဆက်ခံရတဲ့ အဆက်ဆက်သော အုပ်စိုးသူ များမဖြေရှင်းခဲ့/ ဖြေရှင်းလို့ မရနိုင်ခဲ့တဲ့ ပြဿနာတွေ၊ အထုတ်အပိုးတွေဖြစ်ပြီး။

ဒုတိယ တစ်မျိုးက ပထမအမျိုးအစားပြဿနာတွေ၊ အထုတ်အပိုးတွေကို ဒီချုပ်ပါတီအစိုးရက ဆက်ခံထမ်းရွက်၊ခေါင်းခံ ဖြေရှင်းရာကနေ ဆင့်ပွားပေါ်ပေါက်လာတဲ့ ပြဿနာတွေဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းပြည်မှာ ပကတိလိုအပ်ချက်အရဖြစ်ပေါ်လာတဲ့ ကိစ္စတွေကိုလည်း ကာချုပ်၊ စစ်တပ်နဲ့စစ်အုပ်စု ငြိုငြင်မှာကို စိုး ရိမ်ပြီး မလုပ်ဝံ့၊မကိုင်ဝံ့၊မပြောဝံ့၊မဆိုဝံ့ဖြစ်ရတာကနေ ပြည်သူ့ဆန္ဒ၊ပြည်သူ့အရေးကို ပစ်ပယ်လျစ်လျူရှုမိတဲ့ အမှားမျိုးတွေကို ဆေးခါး ကြီး သောက်ပြီးပြီဆိုတဲ့ မထူးဇာတ်ခင်းပြီး စွတ်ရွတ်မလုပ်စေချင်ပါဘူး။

သံလွင်တံတား (ချောင်းဆုံ) ကိစ္စကတော့ ပြည်သူ့ကိုရှေ့ရှုတဲ့၊ ပြည်သူ့အရေးကို အလေးမူတဲ့။ ပြည်သူ့ဆန္ဒသာ ပထမလို့ဆိုတဲ့ အရင်းခံတရားကို စွန့်ပယ်လိုက်လို့ဖြစ်လာရတဲ့၊ ရင်ဆိုင်လာရတဲ့ ပြဿနာသာ ဖြစ်ပါတယ်။ “၂၀၀၈ အခြေခံဥပဒေ” ဆေးခါးကြီးကို သောက်ပြီးတဲ့နောက် “ပြည်သူသာအမိ - ပြည်သူသာအဖ” ဆိုတဲ့အရင်းခံတရားကို ပစ်ပယ်၊ ဖောက်ဖျက်မိတဲ့ ထင်ရှားတဲ့ သာဓက လည်းဖြစ်ပါတယ်။ ပြည်သူ့အရင်းခံတရားကိုသာ ဖောက်ဖျက်မိပြီဆိုရင် အစရှိအနောင်နောင်ဆိုတာလို ဒီလိုမျိုး ဦးနင်းပဲ့ထောင်၊ အိုးနင်း ခွက်နင်းဖြစ်ရပ်တွေဆက်ပြီးဖြစ်လာတော့မှာပါ။

နိဂုံးချုပ်ရရင် “၂၀၀၈ အခြေခံဥပဒေ” ဆိုတဲ့ ဆေးခါးကြီးကို သောက်သုံးပြီးတဲ့နောက် လူမျိုးပေါင်းစုံပြည်သူတွေ ခါးသည်းနာ ကျည်းစရာတွေဖြစ်စေမယ့်ကိစ္စမျိုးတွေ ဆုံးဖြတ်တာ၊ လုပ်ကိုင်တာ၊ အကောင်အထည်ဖော်တာတွေတော့ မပြုလုပ်ပါနဲ့လို့ ဒီချုပ်ပါတီဝင် များ၊ ဒီချုပ်ပါတီကိုယ်စားလှယ်များနဲ့ ဒီချုပ်ပါတီအစိုးရအဖွဲ့ကို အလေးအနက် မေတ္တာရပ်ခံပါရစေ။

ဆက်ရေးပါအုံးမယ်။