ဇင်လင်း ● ငြိမ်းချမ်းရေး စကားဝိုင်း အုံ့မှိုင်း မှုံရီနေဆဲလား ...

ဇင်လင်း ● ငြိမ်းချမ်းရေး စကားဝိုင်း အုံ့မှိုင်း မှုံရီနေဆဲလား ...
(မိုးမခ) မတ် ၃၊ ၂ဝ၁၇

မကြာမီ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကျင်းပရန် အစိုးရက တာစူနေပြီ ဖြစ်သည်။ သို့သော်လည်း လက်ငင်း ပေါ်ပေါက်လာသည့် အကြောင်းချင်းရာများကို လေ့လာကြည့်သည့်အခါ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ စိန်ခေါ်မှုအသစ်များ ထပ်မံကြုံတွေ့နေရကြောင်း မြင်နေရသည်။ "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ခမ်း၌ ပြုလုပ်ခဲ့သည့် NCA လက်မှတ်ရေးထိုး မထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ သုံးရက်ကြာအစည်းအဝေးအပြီး ဖေဖေါ်ဝါရီ ၂၄ ရက်နေ့တွင် အချက် ၉ ချက်ပါ သဘောတူဆုံးဖြတ်ချက်တစ်ရပ် ထွက်လာခဲ့သည်။ မတ်လအတွင်း ကျင်းပမည့် ဒုတိယ အကြိမ် ၂၁ ရာစုပင်လုံညီလာခံကို တက်ဖြစ်မည်/ မတက်ဖြစ်ဘူးဆိုသည်ကိုလည်း ယတိပြတ်မပြောနိုင်သည့် အပြင် ‘ဝ’ အဖွဲ့ဦးဆောင်၍ အစိုးရနှင့် တွေ့ဆုံရေးကို အရင်ကြိုးပမ်းမည်ဟု မီဒီယာသတင်းများ ထွက်ပေါ်လာသည်။ NCA စာချုပ်တွင် လက်မှတ်ထိုးသည့် လမ်းစဉ်ကိုမလိုက်ဘဲ၊ နိုင်ငံရေးလမ်းကြောင်းသစ် ရှာဖွေရေးအပါအဝင် အချက် ၉ ချက်ကို တတိယ အကြိမ် ပန်ခမ်းအစည်းအဝေး နောက်ဆုံးနေ့တွင် သဘောတူခဲ့ကြသည်ဟု  သတင်းများအရ သိရသည်။

သို့ရာတွင် ‘ဝ’လက်နက်ကိုင်အဖွဲ့ UWSA ဌာနချုပ် ပန်ခမ်း၌ကျင်းပခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ အ စည်းအဝေး ထုတ်ပြန်ကြေညာချက်ကြောင့် မူဝါဒအပြောင်းအလဲမရှိကြောင်း၊ NCA နှင့်ပတ်သက်၍ အစိုးရနှင့် ဆက်လက် ညှိနှိုင်းဆောင်ရွက်မည်ဟု UNFC တွဲဖက်အတွင်းရေးမှူး (၁) ဦးထွန်းဇော်ကပြောသည်ဟု 7day Daily သတင်းက ဆိုသည်။ UNFC အဖွဲ့ဝင် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ ရှမ်း လက်နက်ကိုင်အဖွဲ့ (SSPP/SSA) တို့အပါအဝင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ သည် NCA မရေးထိုးဘဲ UWSA ၏ ဦးဆောင်မှုဖြင့် အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် ရှိကြောင်း ဖေဖော်ဝါရီ ၂၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည့် အပေါ် UNFC ဘက်မှ ယခုကဲ့သို့ တုံ့ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

UNFC အနေဖြင့် တနိုင်ငံလုံး အပစ်ရပ်စဲ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရေးနှင့် တဆက်တည်း အစိုးရက ပြင်ဆင်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကျော့အစည်းအဝေးသို့ တက်ရောက်ရေး ကိစ္စတို့မှာ အစိုးရနှင့် တပ်မတော်အပေါ် မူတည်နေသည်ဟု ဆိုသည်။

“၂၁ ရာစုပင်လုံညီလာခံ တက်နိုင်ဖို့အတွက်က သူတို့ရဲ့မူဝါဒအသေကိုင်ထားတာက NCA လက်မှတ်ရေးထိုးမှဘဲ တန်း တူရည်တူ ပါဝင်ခွင့်ရှိမယ်လို့ သူတို့က အသေကိုင်ထားတယ်။ အဲဒါဆိုရင် ကျနော်တို့က NCA ကို လက်မှတ်အရင် ရေးထိုးရ မယ်ဆိုတဲ့သဘောဖြစ်တယ်။ NCA လက်မှတ်မရေးထိုးရင် ကျနော်တို့က တန်းတူ၊ ရည်တူ အခွင့်အရေးမရှိဘူးဆိုတဲ့ သ ဘောဖြစ်တယ်။ NCA ကို လက်မှတ်ရေးထိုးနိုင်ဖို့ဆိုလို့ရှိရင် ကျနော်တို့အဆိုပြုထားတဲ့ အချက် ၉ ချက်ကို ဒီကြားထဲမှာ ပြေလည်အောင် ညှိရမှာပေါ့”  ဟု UNFC တွဲဖက်အတွင်းရေးမှူး (၁) ဦးထွန်းဇော်ကပြောကြောင်း ဧရာဝတီသတင်းအရ သိရသည်။

UNFC နှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးရာတွင် အစိုးရဘက်မှ သဘောထားပျော့ပျောင်းသော်လည်း တပ်မတော် ဘက်မှ သဘောထားတင်းမာနေ၍ ညှိနှိုင်းရာတွင် အခက်အခဲရှိနေသည်ဟု ဆိုသည်။

“ပြေလည်အောင်ညှိဖို့က တပ်မတော်ရဲ့သဘောထားက ဒီနေ့ထက်ထိ အလျှော့အတင်းလုပ်လိုတဲ့ သဘောထား မတွေ့ရဘူး။ အသေဆုပ်ကိုင်ထားတယ်။ အားလုံးပါဝင်မှုကို လက်မခံဘူးပေါ့နော်။ အဲလိုကွဲပြားမှုလေးတွေတော့ ရှိတယ်။ NLD အစိုးရ ဘက်ကတော့ သဘောထား ပျော့ပျော့ပျောင်းပျောင်းရှိတယ်။ ညှိနှိုင်းဆွေးနွေးလို့ရတဲ့အနေအထားမှာ ရှိတယ်။ တပ်မတော် ကတော့ အဲဒီသဘောထားမရှိဘူး”  ဟု UNFC တွဲဖက်အ တွင်းရေးမှူး (၁) ဦးထွန်းဇော် က ဧရာဝတီသတင်းဌာနအားပြောကြောင်း သိရသည်။

ဤအတောအတွင်းမှာပင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တပ်မတော်ကြည်း ရေ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြ ထွန်းဦးက နေပြည်တော် ဘုရင့်နောင်ရိပ်သာတွင် သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။ တပ်မတော် အနေဖြင့်၂၁ ရာစုပင်လုံညီလာခံမှတဆင့် ငြိမ်းချမ်းရေးရရှိမည်ဟု ယုံကြည်ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်သည့် အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရန် ၁၀၀ ရာခိုင်နှုန်း မျှော်လင့်ထားကြောင်း၊ ၎င်းသတင်းစာရှင်း လင်းပွဲ၌ တပ်မတော်ကြည်း ရေ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးကပြောသည်ဟု လွတ်လပ်တဲ့အာရှ အသံသတင်းတွင် ဖေါ်ပြသည်။ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်ခြားစောင့် ရဲတပ် ဖွဲ့စခန်းများ အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရသည့်ဖြစ်စဉ်နှင့် နိုဝင်ဘာလအတွင်း အရှေ့မြောက်ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့်စပ်လျဉ်း၍ တပ်မတော်က ၎င်းသတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

‘ဝ’ တပ်ဖွဲ့အပါအဝင် ရှမ်းပြည်မြောက်ပိုင်းဒေသ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက NCA လက်မှတ်မရေးထိုးဘဲ ငြိမ်း ချမ်းရေးလမ်းကြောင်းသစ် ရှာရေး သဘောထားထုတ်ပြန်နေချိန်၊ မတ်လ ၁ ရက်နေ့တွင် UNFC ၏ နိုင်ငံရေးဆွေးနွေး ညှိ နှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN)နှင့် နိုင်ငံတော်၏အတိုင်ပင်ခံတို့ တွေဆုံရန်ပြင်ဆင်နေချိန်တွင် တပ်မတော်၏ သဘော ထားကို ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ ၎င်းသတင်းစာရှင်းလင်းပွဲတွင် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့်စပ်လျဉ်း၍ တပ်မတော်၏ သဘောထားကို ဗိုလ်ချုပ်ကြီးမြထွန်းဦးက အောက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ကြောင်း VOA မြန်မာပိုင်းသတင်းအရ သိရသည်။

“လက်နက်ကိုင်ပဋိပက္ခ္ခတွေရပ်ဆိုင်းရေးအတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူရပ်စဲရေး သဘောတူညီချက် NCA ဆိုတာ ကို လက်မှတ်ရေးထိုးဖို့ပဲ လိုအပ်ပါတယ်။ ပြည်သူတွေလိုလားတောင့်တနေတဲ့ပန်းတိုင်ကို လက်နက်ကိုင်နည်းလမ်းနဲ့ ရောက်ရှိနိုင်မှာ မဟုတ်ပါဘူး။ လက်နက်ကိုင်ပဋိပက္ခ္ခတွေချုပ်ငြိမ်းပြီးတော့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင် ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံဆိုတာဟာ တခုတည်းသောလမ်းကြောင်းဖြစ်တယ်လို့ ကျနော့်အနေနဲ့ ခံယူထားပါတယ်။” - “NCA လက်မှတ်ရေးထိုးထားခြင်းမရှိပဲနဲ့ နိုင်ငံရေးအခွင့်အရေးတွေကိုတော့ ပြောဆိုပိုင် ခွင့်မရှိပါဘူး။ အမှန်တကယ် ငြိမ်းချမ်းရေးရဖို့ဆိုရင် နည်းမှန်လမ်းမှန်နဲ့ ကြိုးစားရပါမယ်။ လက်နက်အားကိုးပြီး ဖြတ်လမ်း နည်းနဲ့ ဆောင်ရွက်လို့တော့ မရနိုင်ပါဘူး” ဟု ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဗွီအိုအေ မြန်မာပိုင်းသတင်းထောက်အား ပြော ကြားခဲ့သည်။

NCA လက်မှတ် မထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ပါဝင်သော UNFC အဖွဲ့က ၂၁ ရာစုပင်လုံတွင် ပါဝင်နိုင်ရေးအတွက် အစိုးရတပ်မတော်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန် တောင်းဆိုထားသည့် အ ပေါ် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ယခုကဲ့သို့ တုံ့ပြန်ခဲ့သည်။

“တပ်မတော်ဘက်ကနေပြီးတော့ အပစ်ခတ်ရပ်စဲရေးကို ဦးစွာလုပ်ဆောင်ပေးပါဆိုတဲ့ တောင်းဆိုချက်ပေါ့ NCA လက်မှတ် ရေးထိုးလိုက်လို့ရှိရင် NCA ဆိုတာ အပစ်ခတ်ရပ်စဲရေးစာချုပ်ပဲ ဒါပြီးနေတဲ့ကိစ္စပဲ။ ဒါကို သဘောတူတဲ့အတွက်ကြောင့် အဖွဲ့ ၈ ဖွဲ့ကလည်း လက်မှတ်ထိုးပြီးသွားပြီ။ ဆိုတော့ သူတို့အနေနဲ့ မေးစရာမေးခွန်းမဟုတ်ဘူးလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။”

ဤအတောအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် DPN အဖွဲ့တို့ မတ် ၁ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သင်္ဂဟဟိုတယ်၌ ပြည်တွင်း ပြည်ပ သတင်းထောက်များအား သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့တွေ့ဆုံ ဆွေး နွေးရာတွင်တိုးတက်မှုရှိပြီး နောက်တစ်ဆင့်လှမ်းရန် လမ်းစအများကြီး ပွင့်လာကြောင်း DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ပြောသည်ဟု Daily Eleven သတင်းအရ သိရသည်။

“ဒီနေ့တွေ့ဆုံမှုအချုပ်ကိုပြောရရင်တော့ Issue တွေအများကြီးတော့ မပြောပေမယ့်လို့ အဓိကကျတဲ့ မူပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရှေ့ဆက်အသေးစိတ်နဲ့ နည်းနာပိုင်းကို အဖြေရှာဖို့အတွက် အများကြီးအထောက်အကူပြုပါ တယ်။ ဒါကြောင့်မို့လို့ တွေ့ဆုံပွဲက အရမ်းလည်းပွင်းလင်းပါတယ်။ အရမ်းလည်းပဲ တယောက်နဲ့တယောက် ညီအရင်း အစ် ကိုမောင်နှမလိုပဲ ဆွေးနွေးခွင့်ရပါတယ်။ တွေ့ဆုံမှုကတော့ ကျွန်တော်တို့အတွက်ဆိုရင်တော့ တိုးတက်မှုရှိပါတယ်။ အောင် မြင်မှုလည်းရှိပါတယ်။ နောက်တဆင့်လှမ်းဖို့အတွက် အများကြီးလမ်းစပွင့်လာတယ်လို့ ကျွန်တော်တို့မြင်ပါတယ်” ဟု DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်ကပြောကြောင်း အလဲဗင်းမီဒီယာသတင်းအရ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်လိုပြီး၊ တိုင်းပြည် ကောင်းကျိုးအတွက် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ကြိုဆိုနေသည့်အပြင် မည်သူ့ကိုမျှ ခြွင်းချန်ထားခံရခြင်းမျိုး မဖြစ် စေလိုသော သဘောထားတွေ့ရသဖြင့် ဆွေးနွေးမှုသည် တိုးတက်မှုရှိသည်ဟု ထင်မြင်ကြောင်း ခူဦးရယ်က ဆိုသည်။ DPN က အဆိုပြုထားသည့် အချက်များ သဘောတူညီမှု မရရှိပါက NCA လက်မှတ်ရေးထိုးခြင်း ရှိ /မရှိအပေါ် ခူဦးရယ်က မထိုး နိုင်မချင်း သဘောမတူမချင်းဆက်ညှိရမည်ဖြစ်ကြောင်း၊  မိမိတို့ဘက်က ဒါရမှဖြစ်မယ်ဆိုတာမျိုး တင်းခံတာမျိုးမဟုတ်သ ကဲ့သို့၊ အစိုးရဘက်ကလည်း အလွန်အကျွံတောင်းသဖြင့် မလိုက်လျောနိုင်ဟု တချက်တည်း အပြတ်မပြောကြောင်း၊ ဆုံချက် ကို ရှာနေဆဲဟုဆိုနိုင်ပြီး၊ ဆုံချက်မရောက်မချင်း ညှိနှိုင်းရမည်ဖြစ်သည်ဟု ဆိုသည်။  သို့ဖြစ်၍ မည်သည့်အချိန်တွင် NCA လက်မှတ်ရေးထိုးနိုင်မည်ဆိုသည်ကို ညှိနှိုင်းနေပြီး၊ ချက်ချင်းသဘောတူနိုင်သည့် အခြေခံတချို့ရှိသကဲ့သို့၊ ဆက်လက် ညှိနှိုင်းရဦးမည့် အခြေခံများလည်း ရှိကြောင်း၊ ညှိနှိုင်းရင်းနဲ့ အကောင်အထည်ဖော်မည်ဖြစ်၍ ထိုးနိုင်မည့်အခြေအနေ နီးစပ်မှု ပိုများပါကြောင်း၊ ခူဦးရယ်က ဖြေကြားခဲ့သည်ဟု သိရသည်။

NCA လက်မှတ်ရေးထိုးနိုင်ရန်အတွက် DPN နှင့် တရားဝင် ၃ ကြိမ်၊ အလွတ်သဘော ၂ ကြိမ် ဆွေးနွေးမှုအပေါ် အခြေတည်၍၊ နိုင်ငံရေး ဆွေးနွေးမှုဖြစ်စဉ် အဆင့်ဆင့်တွင် သုံးပွင့်ဆိုင်သဏ္ဌာန်ဖြင့်သွားမည်ဟု  DPN က ပြောခဲ့သော်လည်း ယခုအထိ နှစ်ဖက်သဘောတူနိုင်ခြင်း မရှိသေးကြောင်း၊ ဆက်လက် ညှိနှိုင်းအဖြေရှာရဦးမည်ဖြစ်ကြောင်း၊ JMC ဖြစ်စဉ်တွင်လည်း အကယ်၍ တိုက်ပွဲများပြန်ဖြစ်ခဲ့ပါက၊ ဖြန်ဖြေရေးအတွက် နိုင်ငံတကာမှအတွေ့အကြုံရှိပြီး သမာသမတ်ကျသည့် ပုဂ္ဂိုလ်များ နှင့် ပူးပေါင်းအဖြေရှာရန် UNFC က အဆိုပြုထားသည်ဟု  ခူဦးရယ်က ဆိုသည်။

“ဒါနဲ့ပတ်သက်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံကို တင်ပြဆွေးနွေးပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရဲ့အမြင်ကတော့ နိုင်ငံ တကာဆိုတိုင်းလည်း ဘက်လိုက်မှုမရှိဘူးလို့ အာမမခံနိုင်ပါဘူး။ လူ့သဘောသဘာဝကတော့ လူ့အကျိုးတရားနဲ့ နှီးနွှယ် လာမယ်ဆိုရင်တော့ အားလုံးဘက်လိုက်မှု ရှိကြတာမျိုးပေါ့။ ဒါကြောင့်မို့ နည်းနည်းသတိထားဖို့လိုတယ်ဆိုတဲ့ သဘောနဲ့ ကျွန်တော်တို့ကို အကြံပြုတာရှိပါတယ်” ဟု ခူဦးရယ်က ရှင်းပြခဲ့ကြောင်း Daily Eleven သတင်းအရသိရသည်။


မတ်လ ၁ ရက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံရာ၌ KIO ကိုယ်စားလှယ် မပါဝင်ခြင်းသည် ရှမ်းပြည်နယ် လွှတ် တော်က KIO/KIA အဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားမှုကို မရုပ်သိမ်းသေး၍ ဖြစ်ကြောင်း ဦးထွန်းဇော်က 7Day Daily အား ပြောခဲ့သည်။ UNFC ၏ နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) သည် အဆိုပါတွေ့ဆုံပွဲ သို့ KIO/KIA ကိုယ်စားလှယ်က လွဲ၍ DPN အဖွဲ့ဝင်အားလုံးတက်ရောက်ခဲ့သည်။ DPN အဖွဲ့သည် ဒေါ်အောင် ဆန်း စုကြည်နှင့်တွေ့ဆုံပြီးနောက် မတ်လ ၃ ရက်နေ့တွင် အစိုးရ၏ငြိမ်းချမ်းရေးကော်မရှင်နှင့် စတုတ္ထအကြိမ် တရားဝင်ဆွေး နွေးမည်ဖြစ်ကြောင်း သိရသည်။ ညှိနှိုင်းသဘောတူညီမှုရပါက NCA လက်မှတ်ရေးထိုးမည်ဟု UNFC က ထုတ်ဖော်ပြောကြား ထားသည်ဟု သိရ သည်။

UNFC အဖွဲ့ကို ငြိမ်းချမ်းရေးအတွက်ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြုဖိတ်ခေါ်ခဲ့ကြောင်း UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေး နွေးရေးကိုယ်စားလှယ်အဖွဲ့DPN ခေါင်းဆောင် ခူးဦးရယ် ကပြော ကြားသည်။ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးတည်ဆောက်ရန် အားလုံးက သန္နိဋ္ဌာန်ချထားရန်လို အပ်ပြီး လက်ရှိနှစ်ဖက်ခေါင်း ဆောင်များမကွယ်လွန်မီ ငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းရရှိရေးဆောင်ရွက်ရန် တိုက်တွန်းခဲ့ သည်ဟု ခူးဦးရယ်က ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရ၍  အစိုးရငြိမ်းချမ်းရေး ကော်မရှင်နှင့် DPN တို့ မတ်လ  ၃ ရက်နေ့ ရန်ကုန်၌ ဆက်လက်ညှိနှိုင်း အဖြေရှာရာ၌ DPN အား အထောက် အကူဖြစ်စေမည်ဟု ၎င်းကဆို သည်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကိစ္စရပ်များအပါအဝင် နိုင်ငံရေးဆွေးနွေးပွဲများနှင့်ပတ်သက်၍ မူပိုင်း ဆိုင်ရာကိ စ္စရပ်များ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်း ထုတ်ပြန်ထားသည်။

အနှစ်ချုပ်သုံးသပ်ရလျှင် ‘အတူတကွ သဘောတူလက်ခံနိုင်သည်အထိ ငြိမ်းချမ်းရေးကို ပူးပေါင်းဆောင်ရွက်ကြမည်၊ ညှိနှိုင်း အဖြေရှာကြမည်’ ဆိုသည့် နိုင်ငံတော်အတိုင်ပင်ခံ၏ စေတနာကိုကြည့်ပါက အစိုးရအနေဖြင့် သဘောထား ရိုးရိုး ရှင်းရှင်းဖြင့် နိုင်ငံနှင့် ပြည်သူ့အကျိုးကို ရှေးရှုထားကြောင်း မြင်ရသည်။ တွေ့ဆုံပွဲသည် အလွန်ပွင့်လင်း၍ အလွန်ပင် ညီရင်းအစ်ကို မောင်ရင်းနှမလို ပွင့်ပွင့်လင်းလင်းဆွေးနွေး ခွင့်ရသည်ဟု ဆိုထားသဖြင့်  တိုးတက်အောင်မြင်မှုရှိသည်ဟု ဆိုရမည်။ နောက် တဆင့် တက်လှမ်းရန်ကိစ္စမှာ တပ်မတော်အပေါ် တည်မှီနေသည်။ ယခင်နှစ် အောက်တိုဘာလ NCA လက်မှတ် ရေးထိုးချိန် က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ (AA ၊ MNDAA ၊ TNLA)  က အရပ်သားအစိုးရ ပေါ်ပြီးမှ ဖြစ်လာကြသောကြောင့်၊ အစိုးရက ဖိတ်ခေါ်ခြင်းမရှိခဲ့။ အားလုံးပါဝင်မှုမရှိ၍ လက်နက်ကိုင်အဖွဲ့အချို့က လက်မှတ်မရေးထိုးခဲ့။ ၎င်းကိစ္စနှင့် ပတ် သက်၍ တပ်မတော်၏သဘောထားမှာ ၎င်း ၃ ဖွဲ့ကို သီးခြား သတ်မှတ်ဖိတ်ခေါ်ဆွေးနွေးပြီး၊ NCA လက်မှတ်ထိုးပါဟု ပြောရန်အကြောင်းမရှိဟု ဆိုထားသည်။

၎င်းအခြေအနေအရ တပ်မတော်နှင့် အစိုးရအဖွဲ့တို့ စေတနာချင်း အနည်းငယ်ကွာနေသည်။  နိုင်ငံတော်၏အတိုင်ပင်ခံက All-inclusiveness အားလုံးတန်းတူပါဝင်ရေးကို ရှေးရှုနေပြီး၊ တပ်မတော်က ကြိုတင်ကန့်သတ်ချက်များ ရှိနေ၍ အားလုံး ပါဝင်ရေးကို ဟန့်တားသလို ဖြစ်နေသည်။ အဘယ်ကြောင့် ကိစ္စအသေးအဖွဲများကို အကျယ်ချဲ့နေကြောင်း မသိသော်လည်း၊ စေတနာ ရိုးဖြောင့်ပါက နောက်ဆုံးတွင် အဖြေကောင်းထွက်နိုင်လိမ့်မည်ဟု သုံးသပ်မိပါသည်။ သက်ဆိုင်သူ Stakeholders အားလုံး စေတနာကောင်း စေတနာမှန်ဖြင့် နိုင်ငံငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်ခြင်းမရှိပါက မြန်မာပြည်သူလူထုလိုလားတောင့်တသော 'ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု မျှော်လင့်ချက်' သည် ဆက်လက်၍ အုံ့မှိုင်း မှုံရီနေဦးမည် ဖြစ်ပါသည်။