ကိုအောင်မှိုင်း - “ထွက်ပေါက် ”ကိုဆန်းစစ်ခြင်း (ဒုတိယပိုင်း)



ကိုအောင်မှိုင်း -  “ထွက်ပေါက်”ကို ဆန်းစစ်ခြင်း (ဒုတိယပိုင်း)
(မိုးမခ) မတ် ၁၂၊ ၂၀၁၇
(စကားချီး။ ။ ဖေဖော်ဝါရီ ၂၁၊ ၂၀၁၆ ခု မိုးမခမဂ္ဂဇင်းမှာရေးခဲ့တဲ့ ကိုအောင်မှိုင်း “ထွက်ပေါက်”ကိုဆန်းစစ်ခြင်း ဆောင်းပါးကို တိုင်းပြည်ရဲ့ ကနေ့လိုအပ်ချက်နဲ့အညီ ဒုတိယပိုင်းအဖြစ် ဆက်လက်ရေးသားလိုက်ရပါတယ်။မြန်မာနိုင်ငံ သူနိုင်ငံသားတိုင်းအပေါင်း “ထွက်ပေါက်”ကို ဆန်းစစ်နိုင်ကြပါလေကုန်။)

ကနေ့မြန်မာ့နိုင်ငံရေးကို သောင်မတင်ရေမကျအခြေအနေလို့ပြောရမလား၊ ဟိုမရောက် ဒီမရောက် အခြေအနေလို့ပြော ရမလား၊ ရှေ့မတိုးနောက်မဆုတ် အခြေအနေလို့ပြောရမလား၊ သေချာတာကတော့ အီလည်လည်ကြီးဖြစ်နေတာ လူတိုင်း အသိဖြစ်ပါတယ်။ မြန်မာနိုင်ငံတနိုင်ငံလုံး မွန်းကျပ်လှောင်ပိတ်ပြီး အသက်ရှုမ၀တဲ့ အခြေအနေလို့ပြောရင် မှားမယ်မထင် ပါ။ ကျနော်တို့ ဒီအခြေအနေက လွတ်မြောက်အောင်“ထွက်ပေါက်”ရှာကြရပါမယ်။ “ထွက်ပေါက်”ပိတ်နေရင်လဲ ဆရာကြီး ဦးဝင်းတင်ရဲ့ စကားအတိုင်း “ဖေါက်ထွက်”ဘို့ ကြိုးစားကြရမယ်လို့ထင်ပါတယ်။

NCA ဘာလဲ ဘယ်လဲ။
စစ်အုပ်စုရဲ့  ဒုတိယအကြီးဆုံး နိုင်ငံရေးမိုင်းဗုံးကတော့ NCA လို့ဘဲ ပြောရတော့မှာပါ။ အကြီးဆုံး မိုင်းဗုံးကြီးကတော့ လူအများသိပြီးဖြစ်တဲ့၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေခေါ်တဲ့ စာအုပ်စိမ်းဖြစ်ပါတယ်။ ဒီစာအုပ်စိမ်းကြောင့် တတိုင်းပြည်လုံးရှေ့ တိုးလဲ အခက်၊ နောက်ဆုတ်လဲအခက် ဖြစ်နေကြရတာပါ။ အဲဒီလိုဖြစ်အောင်ကို အသေအချာ အချိန်ယူရေးဆွဲထားတာ ဖြစ်ပါတယ်။ “၀င်ပြီးပြင်မယ် ပြင်ပြီးဝင်မယ်” တို့ဆိုတာတွေကလဲ အခုတော့ ရာဇ၀င်ဖြစ်သွားခဲ့ရပါပြီ။ ဒီစာအုပ်စိမ်းဟာ လူထုအတွက် အလွန်အန္တရာယ်ကြီးပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဘို့ရေးထားတဲ့ ပဋိညာဉ်တခုသာဖြစ်တဲ့အတွက် အသစ် ပြန်ရေးဘို့ ရဲရဲဝံ့ဝံ့ပြောဆို တောင်းဆိုသူကြီးကတော့ ခေါင်းမှာသေနတ်မှန်ပြီး စစ်အုပ်စုလက်ပါးစေတွေ လက်ချက်နဲ့  ပက်ပက်စက်စက် လုပ်ကြံခံခဲ့ရပါပြီ။

NLD ပါတီမှာ ပြင်ပြီးဝင်မယ့် ၂ယောက်ကတော့ လူ့လောကမှာ မရှိတော့ပါဘူး။တဦးဖြစ်တဲ့ “ဆရာကြီး ဦးဝင်းတင်” ကတော့ စစ်ထောက်လှမ်းရေးတွေရဲ့ နှစ်ရှည်လများ ထောင်တွင်းနှိပ်စက်မှု ဒဏ်တွေကြောင့် အရွယ်မလွန်ခင် ဘ၀တပါးကူးခဲ့ရသလို နောက်တဦးဖြစ်တဲ့ “ဆရာဦးကိုနီ” ကတော့ အများသိတဲ့အတိုင်း လူမြင်ကွင်းကြီးမှာကို မြင်မကောင်းရှုမကောင်း စစ်ဗိုလ်ဟောင်းတွေရဲ့  ပက်ပက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့တာကြောင့် သေဆုံးခဲ့ရပြန်ပါတယ်။

တကယ်တော့ ဆရာဦးကိုနီဟာ နိုင်ငံတော်အဆင့်တာဝန်နဲ့ ခရီးသွားရာက အပြန်မှာ ဖြစ်ခဲ့ရတာပါ။ နိုင်ငံတော်အဆင့် ဈာပနအဖြစ်ကျင်းပရမှာပါ။ အစိုးရကိုယ်တိုင်က ရုပ်သေးအစိုးရသဏ္ဍာန်ဖြစ်နေတော့ လူထုက ကိုယ့်နည်းကိုယ်ဟန်နဲ့ သင်္ဂြိုလ်ခဲ့ကြရတာပါ။ ပြောရရင်ဗျာ အစိုးရမှာ တာဝန်လုံးဝ မကင်းလှပါဘူး။ စုံစမ်းစစ်ဆေးရေးကိစ္စ မှာလဲ “နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ”ကို တိုင်းနဲ့ ပြည်နယ် အဆင့် ၀န်ကြီးချူပ်တွေအပါအ၀င် လွှတ်တော် ၂ ရပ် ပေါင်း ကိုယ်စားလှယ်တွေနဲ့ပါ ပူးတွဲဖွဲ့ စည်းပေးသင့်တယ် ထင်ပါတယ်။

ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချူပ်တို့ရဲ့ သတင်းစာရှင်းလင်းပွဲရလဒ်ကတော့ အတော်ကို ရည်ရွယ်ချက်မကောင်းသလို ဖာထေးပွဲကြီးလိုဖြစ်နေတာတွေ့ရတော့ အတော်စိတ်ပျက်မိတယ်။ ဒီလိုအခြေအနေမျိုး ဖြစ်နေတော့ သူတို့ကိုယ်တိုင်ဘဲ လူအများပြောနေသလို ပါဝင်ပါတ်သက်နေသလားဆိုတာ သို့လောသို့လော အပြောရခက်တဲ့ အခြေအနေမျိုးဖြစ်နေပါ တယ်။ ပြောရမဲ့တာဝန်ရှိသူက ကိစ္စရပ်တခုခုကို သိရဲ့ နဲ့  တမင်ထိမ်ချန်ထားမယ်ဆိုရင် ဥပဒေကြောင်းအရ ရာဇ၀တ်မှု မြောက်တယ်လို့ ဆိုပါတယ်။

အခုလက်ရှိ NLD ပါတီထဲမှာ အများစုဖြစ်တဲ့ ၀င်ပြီး ပြင်မယ်အုပ်စုကတော့ မိုးကြီးလေကြီးတွေ ပြောရင်းဆိုရင်း တယောက်တော့ အသေဆိုးနဲ့ သေသွားခဲ့ရပါပြီ။ နောက် ဘယ်သူ့ခေါင်းဖြစ်မလဲဆိုတာ ရင်တထိတ်ထိတ်အခြေအနေလို့ ပြောရတော့ မှာဖြစ်ပါတယ်။ အဲဒီအခြေအနေမျိုးဖြစ်အောင် နိုင်ငံတကာလေဆိပ်မှာ ဆရာဦးကိုနီကို သတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ကြေးစားကြည်လင်းကိုသာ ကိုနေ၀င်းတို့အုပ်စုက ဖမ်းမပေးလို့ကတော့ မြန်မာတနိုင်ငံလုံး ဘာသာရေးအကြမ်းဖက်မှုမျိုး တွေ လူမျိုးရေးအကြမ်းဖက်မှုမျိုးတွေအတွက် အမည်မသိလူအုပ်ကြီးဆိုတာရယ် ဘုန်းကြီးဆိုးတွေရယ် စစ်ဗိုလ်ဆိုးဆိုတာတွေရယ် ပေါင်းပြီး တိုင်းပြည်ကို မီးတင်ရှို့ ကြမှာ အသေအချာဘဲဖြစ်ပါတယ်။ ဒီတော့မှ တိုင်းပြည်ချောက်ထဲကျကာနီး နေပြီဖြစ်လို့ ကာလုံအစည်းအဝေး ခေါ်ဖြစ်သွားတော့မှာ ပေါ့ဗျာ။

ပြောရရင်တော့ တိုင်းပြည်ကံကောင်းတယ်လို့ဘဲ ဆိုရတော့မှာပါ။ ဆရာဦးကိုနီကို လုပ်ကြံဘို့ စီမံကိန်းရေးတဲ့သူအနေနဲ့  ဦးနေ၀င်းတို့က အခုလိုအသေခံပြီ ကြည်လင်းကို ဖမ်းမယ်ဆိုတာ မပါတာ သေချာပါတယ်။ ကြည်လင်းက လွတ်ကို လွတ်မြောက်သွားရမယ့်ပုံပါ။ ကြည်လင်းလွတ်တာနဲ့ ကျန်တဲ့အစီအစဉ်တွေတခုပြီးတခုသွား ကြတော့မှာပါ။ ဒီအတွက် အခုတောင် ကြည်လင်းတို့ကို ကျေးဇူးတင်ကြောင်းပြောနေတဲ့ ဘုန်းကြီးဆိုတဲ့ လူတွေရှိနေကြပါပြီ။ ဗြောင်လဲ ပြောနေကြပါပြီ။ ဒီလိုတွေ ဗြောင်ပြောဆိုလှုံ့ ဆော်နေတဲ့ကိစ္စကို တာဝန်ရှိပါတယ်ဆိုတဲ့ ဘယ်သူတွေကမှဝင် ရောက်တားဆီးတာမတွေ့ ရတော့ အတူတူတွေပါဘဲလို့ နိဂုံးချူပ်ကြတာ မမှားဘူးလို့ပြောရတော့မှာပါ။ တိုင်းပြည်ရဲ့  လတ်တလောအခြေအနေကို တင်ပြတာဖြစ်ပါတယ်။

ကျနော်ရေးမှာ ကျနော်တို့နိုင်ငံအတွက် လိုအပ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့  NCA စာချူပ်ကိစ္စပါ။ တကယ်တော့ NCA ဟာ စစ်အုပ်စုရဲ့ ထောင်ချောက်တွေထဲက ခပ်ကြီးကြီးထောင်ချောက်တခုလို့ ဆိုရင်မှားမယ်မထင်ပါ။ ကျနော်သာ တိုင်းရင်းသားတဦးဖြစ်မယ်ဆိုရင် ကနေ့အခြေအနေကို ဘယ်လိုစဉ်းစားမလဲဆိုတာ အင်မတန် အရေးကြီးပါတယ်။ ၁၉၄၇ခုနှစ် ပင်လုံမှာလုပ်ခဲ့တဲ့ ညီလာခံကနေ ပင်လုံသဘောတူညီချက်ဆိုတဲ့ စာချူပ်ကို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဗမာခေါင်း ဆောင်တွေ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ပင်လုံစာချူပ်ဟာ တိုင်းရင်းသားတွေနဲ့ ဗမာတွေချူပ်ဆိုခဲ့တဲ့ ပထမဆုံးစာချူပ်ဖြစ်သလို နောက်ဆုံးစာချူပ်လဲဖြစ်ပါတယ်။ ပင်လုံစာချူပ်ပေါ် အခြေခံပြီး ရေးဆွဲထားပြီး ၁၉၄၇ခုနှစ် စက်တင်ဘာလ ၂၄ရက်မှာ ပြဌာန်းခဲ့တဲ့ ဖွဲ့ စည်းပုံဥပဒေဟာ ၁၉၆၂ခုနှစ် ဗိုလ်ချူပ်နေ၀င်းအာဏာသိမ်းပြီးတဲ့နောက် ပျက်ပြယ်သွားခဲ့ပါပြီ။ ၁၉၇၄ခုနှစ်ဖွဲ့ စည်းပုံ၊၂၀၀၈ခုနှစ်ဖွဲ့ စည်းပုံစတာတွေကိုတော့ စစ်အုပ်စုအဆက်ဆက်က ကိုယ့်သဘောကိုယ်ဆောင် ရေးဆွဲခဲ့တဲ့ကြတာဖြစ်တဲ့အတွက် တိုင်းရင်းသားတွေနဲ့  ဗမာတွေကြား ဘာသဘောတူညီချက်မှ လတ်တလော မရှိဘူးလို့ ယူဆနိုင်မှာဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် ကနေ့အခြေအနေက တိုင်းရင်းသားတွေက သူတို့ဘိုးဘေးတွေကို ဗမာတွေနဲ့ ပေါင်းပြီး လွတ်လပ်ရေးယူ ခဲ့တဲ့အပေါ် အပြစ်တင်ကြမှာသေချာပါတယ်။ တကယ်လို့ ဗမာတွေနဲ့ ပေါင်းပြီး လွတ်လပ်ရေး မယူခဲ့ရင်တောင် သူတို့ပြည်နယ်တွေဟာ နှစ်၇၀ကြာတဲ့ ဒီကာလမှာ ဒီလောက် အောက်တန်းနောက်တန်းကျနေတာမျိုး မဟုတ်တော့တဲ့အပြင် ဗမာစစ်တပ်ရဲ့ နှိပ်စက်မှုများထံက ကင်းလွတ်နေတဲ့ အခြေအနေမျိုး ရနေမယ်လို့ စဉ်းစားမိကြမှာသေချာပါတယ်။ ဒါဟာလက်တွေ့ ကျတဲ့ လောဂျစ်လို့ ကျနော်ထင်တယ်။ အခုတခါ ပြည်တွင်းငြိမ်းချမ်းရေးအတွက် NCA စာချူပ်ကို ဗမာတွေနဲ့ ပေါင်းပြီး လက်မှတ်ထိုးကြဘို့ကိစ္စကို သူတို့အနေနဲ့  အတော့်ကို သတိထားကြမှာကတော့ သေချာပါတယ်။ ပထမတခါက ဗိုလ်ချူပ်အောင်ဆန်းကိုယုံလို့ စစ်ကျွန်တွေဖြစ်ခဲ့ရ တယ်။ ဒုတိယတခါ ဗိုလ်ချူပ်အောင်ဆန်းသမီးဒေါ်အောင်ဆန်းစုကြည်ကိုယုံလို့ ဒုတိယအကြိမ်စစ်ကျွန်ဖြစ်ရမဲ့ အရေးကိုတော့ အခိုင်အမာစဉ်းစားကြမှာကတော့ အသေအချာဘဲဖြစ်ပါတယ်။ အသေအချာကို စဉ်းစားဘို့လဲလိုပါတယ်။

ပင်လုံစာချူပ်မှာ အချက် (၉)ချက်ဘဲပါပါတယ်။ အားလုံးဟာ တိတိကျကျနဲ့ အခိုင်အမာ ၂ဖက်လိုအပ်ချက်တွေဘဲ ဖြစ်ပါတယ်။ ဥပမာ အချက် (ရ)မှာဆို “နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်” လို့ ထည့်သွင်းရေးသားထားတာတောင် ပါဝင်ခဲ့လေတော့ ကနေ့လက်ရှိတည်ရှိနေတဲ့ ပကတိအခြေအနေအပေါ် တိုင်းရင်းသားတွေ အတော်နာကျည်းကျေကွဲကြမှာ မြေကြီးလက်ခတ်မလွဲလို့ ပြောရမယ်ထင်ပါတယ်။ ခံရဲတာကို သတ္တိလို့ ကျနော်တော့ မခံယူလိုပါဘူး။ ခဏခဏ ခံရဖန်များ တော့လဲ လူဖြစ်ရှုံးရလေ့ရှိပါတယ်။ လုပ်ရဲတာတို့ ခံရဲတာတို့ဟာ သတ္တိနဲ့ မဆိုင်ပါဘူး။သတ္တိဆိုတာကို ဆင်ခြင်တုံတရားကသာ ပြဌာန်းလေ့ရှိပါတယ်။

အခု ဇွတ်လက်မှတ်ထိုးရမဲ့ NCA စာချူပ်မှာ အခန်းပေါင်း (၆) ခန်းပါပြီး၊ နိဒါန်းရဲ့ နိဂုံးမှာ ရေးထားတာကို က“ဤသဘောတူ စာချူပ်ပါအချက်များကို ပြီးစီးအောင်မြင်သည်အထိ မပျက်မကွက် အတူတကွ ပူးတွဲအကောင်အထည် ဖေါ်ဆောင်ရွက်ရန် အပြန်အလှန် သန္နိဌာန်ပြုကြသည်” ဆိုပြီး နိဂုံးချူပ်ထားတာတွေ့ ရတော့ ၂၀၀၈ဖွဲ့ စည်းပုံ နိဒါန်းရဲ့  နိဂုံးကို သတိထားလိုက် မိပါတယ်။

ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် ... 
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချူပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးဟူသော ဦးတည်ချက်များကို အစဉ်တစိုက် မမှိတ်မသုန် စွဲမြဲစွာ ခံယူစောင့်ထိန်းသွားကြမည်ဟု သန္နိဌာန်ချမှတ်၍ လည်းကောင်း။ 
နိုင်ငံတော်၌ တရားမျှတခြင်း လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကား စေလျှက် တိုင်းရင်းသားပြည်သူအများ ငြိမ်းချမ်းသာယာဝပြောရေးကို တည်တံ့ခိုင်မြဲအောင် စဉ်ဆက်မပြတ်ဆောင်ရွက် ထိမ်းသိမ်းသွားကြမည်ဟု သန္နိဌာန်ချမှတ်၍ လည်းကောင်း။ 
နိုင်ငံတော်အတွင်း လူမျိုးရေးတန်းတူမှုဖြင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ကို ခိုင်မြဲစွာမွေးမြူလျက် ထာဝစဉ်စည်းလုံးညီညွတ်စွာ အတူတကွ လက်တွဲနေထိုင်ကြမည်ဟု သန္နိဌာန်ချမှတ်၍ လည်းကောင်း။ 
ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းသင်းဆက်ဆံရေးကို ရှေးရှုလျက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းရန်အစဉ်ကြိုးပမ်းကြမည်ဟု သန္နိဌာန်ချမှတ်၍ လည်းကောင်း။ 
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ခုနှစ်၊ နိဒါန်း၏ နိဂုံးမှ) 
သန္နိဌာန်။ ။သန္နိဌာန်/သန်နိတ်ထန်/န - ဆုံးဖြတ်ချက်။ (ပါ ၊ သန္နိဌာန)
(မြန်မာစာအဘိဓာန် ၊ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့)

NLD စာအုပ်စိမ်းကြီးကို လက်မှတ်ထိုးတာနဲ့  တိုင်းရင်းသားတွေ NCA လက်မှတ်ထိုးတာ သဘောတရားအရကတော့ အတူတူဘဲဖြစ်မှာပါ။ NLD ပါတီအနေနဲ့  စာအုပ်စိမ်းကြီးကို ထိဘို့ ကြိုးစားတာနဲ့  လက်မှတ်ထိုးထားတာဆိုတဲ့စကားကို စစ်အုပ်စုတွေ ဗြောင်ပြောလေ့ရှိပါတယ်။ စစ်တပ်က လုပ်ချင်တာ အားလုံးကလဲ စာအုပ်စိမ်းထဲမှာ အကုန်ရှိနေပြန်တော့ စာအုပ်စိမ်းကြီးက စစ်တပ်အတွက် လိုတရပတ္တမြားကြီးဖြစ်နေတော့တာပေါ့ဗျာ။ စစ်အုပ်စုအဆက်ဆက် လက်မှတ်ထိုးတဲ့ ဓလေ့ကို အမြဲလိုလုပ်လေ့ရှိပါတယ်။ လူတွေကို လက်မှတ်ထိုးခိုင်းပြီး အကြပ်ကိုင်လို့ရတဲ့ အမြတ်အစွန်းက သိပ်ကြီးတယ် မဟုတ်လား။ လက်မှတ်ထိုးလိုက်တာနဲ့  အားလုံးကို ၀ိုင်းကြီးချူပ်ချူပ်လိုက်တဲ့သဘောပါဘဲ။ အခု NLD ဟာ ၀ိုင်းကြီးချူပ် ချူပ်ခံရပြီး ရုပ်သေးအစိုးရလိုဖြစ်နေရတာလို့ ကျနော်ထင်တယ်။ သန္နိဌာန်ချတယ်ဆိုတာ ဆုံးဖြတ်ချက်ချတာဖြစ်တယ် ဆိုတာကို လက်တွေ့ကျကျ ကျနော်တို့ရှုမြင်ဘို့လိုမယ်ထင်တယ်ဗျာ။

တိုင်းပြည်ငြိမ်းချမ်းချင်ရင် ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေ ချန်ထားခဲ့ကြဘို့ မေတ္တာရပ်ခံချင်ပါတယ်။ ပါးစပ်က တိုင်းရင်းသားညီအကိုမောင်နှစ်မတွေလို့ ထပ်တလဲလဲ အော်နေပေမဲ့ လက်တွေ့ လုပ်ရပ်က တိုင်းရင်းသားဒေသတွေကို ထိုးစစ်ဆင်နေတာကိုက မှားပါတယ်။ စစ်ပွဲတွေ ဆက်ဖြစ်နေလို့ကတော့ ဂျိုင်းထောက်နဲ့ စစ်သားတွေ ပိုများလာမှာဖြစ်သလို တိုက်ဆောက်မဲ့စစ်ဗိုလ်ချူပ်တွေလဲ ပိုများလာမှာ သေချာပါတယ်။ စစ်ပွဲတွေနဲ့ တိုင်းပြည်တိုးတက်ဘို့ဆိုတာ ပြဒါးတလမ်း၊ သံတလမ်းဆိုသလိုပါဘဲ။ တိုင်းပြည် အမှန်တကယ်ငြိမ်းချမ်းလိုတယ်ဆိုရင် ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် NCA အစား အခြားလမ်းကြောင်းသစ်ကို ကျနော်တို့ ရှာဖွေကြဘို့လိုပါမယ်။ သေချာတာက NCA လမ်းကြောင်းဟာ မြန်မာနိုင်ငံငြိမ်းချမ်း ရေးအတွက် အလုပ်မဖြစ်ဘူးဆိုရင် ကျနော်တို့ ဘာလို့ဇွတ်အဓမ္မ ဆက်လုပ်ချင်ကြတာလဲဆိုတာ မေးခွန်းထုတ်ရတော့မှာ ဖြစ်ပါတယ်။

အစိုးရကလဲ ငြိမ်းချမ်းရေးလိုချင်တယ်၊ တပ်မတော်ကလဲငြိမ်းချမ်းရေးလိုချင်တယ်။ တိုင်းရင်းသားလက်နက်ကိုင်ခေါင်း ဆောင်တွေကလဲ ငြိမ်းချမ်းရေးလိုချင်တယ်။ မြန်မာနိုင်ငံလူမျိုးပေါင်းစုံ ပြည်သူတရပ်လုံးကလဲ ငြိမ်းချမ်းရေးလိုချင်တယ်။ ဘာကြောင့်စစ်ပွဲတွေ ဆက်ဖြစ်နေရသလဲ။ သေချာတာကတော့ NCA ကြောင့်လို့ဘဲကျနော်တို့ ပြောရတော့မယ်ထင်ပါ တယ်။ NCA ဆိုတဲ့စာချူပ်ကြီးကို ငြိမ်းချမ်းရေးအတွက် စွန့််ပစ်လိုက်ကြဘို့ မေတ္တာရပ်ခံလိုပါတယ်။ ကနေ့ ထွက်ပေါက်ပိတ်နေတဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဘာကြိုတင်စည်းကမ်းသတ်မှတ်ချက်မှ မလုပ်ဘဲ ညီရင်းအကို မောင်ရင်းနှစ်မ တွေ့ဆုံခြင်းမျိုးနဲ့  အပစ်အခတ်ရပ်စဲရေးကို ကနဦး တည်ဆောက်ကြဘို့ ကျိုးစားအားထုတ်စေချင်ပါတယ်။ တိုင်းရင်းသားတွေဘက်ကိုလည်း နဲနဲလောက် ညှာညှာတာတာ ထည့်သွင်း စဉ်းစားစေချင်ပါတယ်။ ဘာဖြစ်ဖြစ် ပြောတဲ့အတိုင်းလုပ်၊ မလုပ်လို့က တိုက်မယ်ခိုက်မယ် ဆိုတဲ့ စိတ်ဓါတ်နဲ့တော့ ကျနော်တို့လိုချင်တဲ့ ငြိမ်းချမ်းရေးနဲ့ ဝေးနေဦးမှာပါ။

ဗိုလ်ချူပ်အောင်ဆန်းကို ယုံလို့ ထိုးခဲ့ကြတဲ့ ပင်လုံစာချူပ်ကြောင့် နှစ်ပေါင်း ၇၀ လောက် ဒုတိယနိုင်ငံသားတွေလို နေခဲ့ကြရ တဲ့ အမှားမျိုး သူတို့ ထပ်မမှားချင်တော့မှာ သေချာပါတယ်။ ကျနော်တို့ဗမာတွေကလဲ စစ်တပ်အားကိုးနဲ့  အဲဒီလိုအမှားမျိုး ထပ် မကျူးလွန်မိဘို့လိုပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကပါဝင်နေကြတဲ့ အစိုးရ၊ တပ်မတော်နဲ့  တိုင်းရင်းသား ခေါင်းဆောင်များ တိုင်းပြည်တိုးတက်ဘို့ဆိုတဲ့ တိုင်းပြည်မျက်နှာကို ကြည့်စေချင်ပါတယ်။ အထူးသဖြင့်ကတော့ တပ်မတော်ခေါင်းဆောင်များနဲ့  လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းခေါင်းဆောင်များကို အထူးမေတ္တာရပ်ခံလိုတာက စစ်ပွဲတွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်လို့ မရဘူးဆိုတာပါဘဲ။ တယောက်နဲ့ တယောက် မျက်နှာချင်းဆိုင်လို့ရနေတဲ့ အခြေအနေက တယောက်နဲ့ တယောက် မျက်နှာချင်းဆိုင်လို့ မရတဲ့ အခြေအနေမျိုးဖြစ်ခဲ့ရင် တိုင်းပြည်သိပ်နစ်နာပါတယ်။ အန္တရာယ်လဲသိပ်ကြီးပါတယ်။ အန္တရာယ်သိပ်ကြီးတယ်ဆိုတာ တိုင်းပြည် ပြိုကွဲသွားနိုင်တယ်ဆိုတဲ့အထိ စဉ်းစားထားကြဘို့ လိုပါမယ်။ ပိတ်နေတဲ့ထွက်ပေါက်တွေကနေ ဖေါက်ထွက် နိုင်ကြပါစေကြောင်းပါဗျာ။

ကိုအောင်မှိုင်း (၁၁ရက် မတ်လ ၂၀၁၇ခုနှစ်)
(အမျိုးသားရင်ကြားစေ့ရေးနဲ့  စစ်အုပ်စုရဲ့ ဝိုင်းကြီးချူပ် အစီအစဉ်ကို ဆက်ရေးပါဦးမည်)