တူမောင်ညို - သောနုတ္တိုရ်လက်သစ်တွေ သင်္ကန်းခြုံပြီး “၂၀၀၈ အခြေခံဥပဒေနဲ့စစ်အုပ်စု” ကို ဗြောင်ကာကွယ်တဲ့ ခေတ်


တူမောင်ညို  - သောနုတ္တိုရ်လက်သစ်တွေ သင်္ကန်းခြုံပြီး “၂၀၀၈ အခြေခံဥပဒေနဲ့ စစ်အုပ်စု” ကို ဗြောင်ကာကွယ်တဲ့ ခေတ်
(မိုးမခ) မတ် ၈၊ ၂၀၁၇

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရဲ့ ထိပ်တန်းခေါင်းဆောင် မွန်ပြည်နယ် မြစေတီဆရာတော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိဆိုတဲ့ သံဃာတစ်ပါးနဲ့ အင်တာဗျူးဖတ်ရပါတယ်။

အဲဒီအင်တာဗျူး ဖတ်ပြီးတဲ့နောက်ပေါ်လာတဲ့ အမြင်နဲ့ သဘောထားကို တင်ပြလိုက်ပါတယ်။

ဘယ်လိုပဲ ဘွဲ့မည်ခံ၊ ဘယ်လိုပင်သင်္ကန်းခြုံထားစေကာမူ သူဟာ သံဃာတစ်ပါး ဘယ်လိုမှ မဖြစ်နိုင်ဘူး/ မဟုတ်နိုင်ဘူး ဆို တာဟာ ပထမဆုံးပေါ်လာတဲ့ အချက်ဖြစ်ပါတယ်။

စိတ်ထဲမှာ ဘယ်လိုပဲရှိနေပါစေ၊ “ပညာနဲ့သတိ”ကို မိမိရဲ့နှလုံးခုန်သံပမာ(သို့မဟုတ်)အသက်ရူသွင်း/ ရှူထုတ်သလို မပြတ် ကျင့်ကြံအားထုတ်ရမယ်ဆိုတဲ့ နူးညံ့ပြီးသိမ်မွေ့လှတဲ့ မြတ်ဗုဒ္ဓအဆုံးအမတရားတွေကို လမ်းညွန်လက်ကိုင်ထားတဲ့ သံဃာတော်တပါးအနေနဲ့ပဲ ဖြစ်ဖြစ်၊ သွေးရိုးသားရိုး သာမန်ဗုဒ္ဓဘာသာ သံဃာတော်တစ်ပါးအနေနဲ့ပဲ ဖြစ်ဖြစ် သူ့လိုအဖြေစကားတွေကိုနှုတ်ကနေ ဖွင့်ဟပြီး အခုလို ပြောင်ကျကျ ထုတ်ဖော်ပြောဆိုဝံ့မှာ မဟုတ်ပါဘူး။

“ကာယ၊ ဝစီ၊ မနော” ဆိုတဲ့ ကံသုံးပါးအနက် “မနောကံနဲ့ဝစီကံ” နဲ့ ဒီဘုန်းကြီး ဖြေခဲ့သမျှဟာ ရန်စွဲငေါငေါနဲ့ အင်မတန် ပြင်းထန်လှအဆိပ်တွေလူးထားတဲ့ အမုန်းတရားတွေ၊ အမုန်းစကားတွေဖြစ်နေပါတယ်။ ဒီလို ပြင်းထန်လှတဲ့ အဆိပ်လူးစကားတွေကို ပြောင်ကျကျဖြန့်ဖြူးလိုက်တာပါ။ တနည်းအားဖြင့် ဘယ်သူ့မှ အရေးမစိုက်ဘူး၊ ဘာမဆိုလုပ်မယ်ဆိုတဲ့ အပေါက်ချိုးပြီး စိန်ခေါ်ကြေညာ လိုက်တာပဲဖြစ်ပါတယ်။ မနောကံနဲ့ဝစီကံပြီးရင် ကာယကံဆိုတဲ့ ကိုယ်ထိလက်ရောက်ပြုမူမှုဟာ အချိန်မရွေးပေါ်ပေါက်လာတော့မယ်။

ဒါ့အပြင် ဒါဟာ စစ်အုပ်စုရဲ့ အဆုံးစွန်ဆုံးသောအာဘော်ကို သင်္ကန်းခြုံထားသူရဲ့တစ်ဦးရဲ့နှုတ်ကနေ တတိုင်းတပြည်လုံး သိအောင် တမင် ထုတ်ပြန်ကြေညာလိုက်တာလို့ မြင်ပါတယ်။

ဒီလိုမောက်မာပြီး ကြမ်းတမ်းလှတဲ့နှုတ်ထွက်စကားတွေကြောင့် သူဟာ “သင်္ကန်းကို တာဝန်အရ ခြုံထားသူတစ်ဦး” သာဖြစ်နိုင် တယ်ဆိုတဲ့ ဒုတိယအချက် မဖြစ်မနေ ပေါ်ပေါက် လာစေပါတယ်။

သူဟာ ဗုဒ္ဓဘာသာဝင်တိုင်း လေးစားတန်ဖိုးထားတဲ့ သင်္ကန်းကို ဘာကြောင့်ခြုံထားရသလဲ။

အလောင်းတော်ဆန္ဒန်ဆင်မင်း သတ်ဖြတ်လုပ်ကြံဖို့၊ အဆိပ်လူးမြားနဲ့ အလွယ်တကူပစ်ခတ်နိုင်ဖို့ သောနုတ္တိုရ်နည်းနဲ့ သင်္ကန်းခြုံ ထားခြင်းသာဖြစ်ပါတယ်။

ဒီနေရာမှာတော့ ဆန္ဒန်ဆင်မင်းသခင်လို အင်အားစွမ်းပကား ကြီးမားလှတဲ့ ပြည်သူလူထုကြီးကို သွေးခွဲဖို့ ရန်တိုက်ပေးဖို့ ဆိုတဲ့ အကြံယုတ်နဲ့ သင်္ကန်းကို ခြုံထားတာသာဖြစ်ပါတယ်။ ဒီသင်္ကန်းကိုခြုံပြီး ဒီလို ပြင်ထန်းလှတဲ့အဆိပ်လူးစကားတွေကို ဗုဒ္ဓအဆုံးအမ တရားကိုလည်းမငဲ့၊ အကျင့်နဲ့သိက္ခာကိုလည်း မငဲ့ကွက်တော့ဘဲ မရှက်မကြောက် ပစ္စလက္ခတ်ပြောဆိုလိုက်တာပဲဖြစ်ပါတယ်။ “အမျိုးသား ရေး စိတ်ဓာတ်များပြင်းထန်စွာဖြစ်ပေါ်” လာပြီး ပြောလိုက်ပြန်လေသလားတော့မသိပါဘူး။ ရဲချုပ်ကြီးခင်ဗျား ရှင်းလင်းပေးပါ။

ကုလသမဂ္ဂတာဝန်ရှိ အမျိုးသမီးတဦးကို ရုန့်ရင်းရိုင်းပြစွာ ဆဲဆိုခဲ့ဖူးတဲ့ “သင်္ကန်းခြုံဝီရသူ” ထက် သူ့ရဲ့ပြောဆိုမှုတွေက မီးလို ပူပြီးမြွေလိုအဆိပ်အတောက်ပြင်းပါတယ်။

ကျားသစ်ဟာ သူ့အရေခွံပေါ်က အကွက်တွေကို မဖုံးကွယ်နိုင်သလိုပါပဲ။ သင်္ကန်းဘယ်လိုခြုံထားပေမယ့် သူ့ရဲ့မုန်းတီးမှု၊ ရန်ညှိုး အာဃာတတွေနဲ့ သူဘာလဲ၊ သူ ဘယ်သူ့ကိုကိုယ်စားပြုနေတာလဲ၊ ဘယ်သူ့ဘက်က ရပ်တည်ပြီးကာကွယ်နေတာလဲ ဆိုတဲ့ အချက်တွေကို မဖုံးနိုင်မကွယ်နိုင်ပါဘူး။ ဖုံးကွယ်ချင်ပုံလည်းမရပါဘူး။ သူ့မှာ အားကိုးနောက်ခံ ကြီးကြီးမားမား ရှိပုံပေါ်ပါတယ်။ ဒီလိုရှိနေ လို့လည်း ဒီလို မိုက်မိုက်ကန်းကန်း ပြောဝံ့တာဖြစ်မှာပါ။

သူပြောတဲ့စကားတွေက “၂၀၀၈ အခြေခံဥပဒေနဲ့စစ်အုပ်စု” ကို အပြတ်သားဆုံးကာကွယ်ထားတဲ့ စကားတွေဖြစ်ပါတယ်။ ဒါတွေကို မထိနဲ့ ထိရင် ပေါက်မယ်ဆိုတဲ့ မြွေပွေးလို သန္ဓေပါ ဉာဉ်ဆိုးနဲ့ပြောဆိုနေတာ မဟုတ်လား။ စစ်အုပ်စုက လူထုခေါင်းဆောင် (ဝါ) ဒီမိုကရေစီခေါင်းဆောင်ကို လူထုနဲ့၊ မဟာမိတ်တွေ၊ တကယ့်ဝန်းရံသူတွေနဲ့တံတိုင်းအထပ်ထပ်နဲ့ပိုင်းခြားပစ်ပြီး ကို “၂၀၀၈ အခြေခံဥပဒေ” နဲ့ထူးခတ်ထားတဲ့အောက်မှာ ပြည်သူလူထုကြီးကိုလည်း အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားအောင်၊ ဖရိုဖရဲဖြစ်သွားအောင်၊ ဘယ်လိုမှ စုစည်းလို့မရအောင် ဒေဝဒတ်နည်း၊ ဒေဝဒတ်ဟန်နဲ့ ကြံစည်လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီအတွက် အထိရောက်ဆုံး နည်းလမ်းကတော့ “ဘာသာရေး”ကို လက်နက်သဖွယ်ခုတုံးလုပ်ပြီး အသုံးချတဲ့ နည်းပဲဖြစ်ပါ တယ်။ သင်္ကန်းခြုံထားသူတစ်ဦးပါးစပ်ကနေ“၂၀၀၈အခြေခံဥပဒေနဲ့စစ်အုပ်စု”ကို အပြတ်သားဆုံးကာကွယ်တဲ့စကားတွေကို အရမ်းကား ဆုံး အရင့်သီးဆုံးပြောဆိုနေတာပါ။ ဒီလိုပြောဆိုနေသူကို ကိုင်တွယ်ဖို့ဆိုတာဟာ မြွေပွေးကို ခေါင်းကကိုင်ပြီး ဖမ်းရမလိုဖြစ်နေပါတယ်။ ဖမ်းလိုက်မယ်ဆိုရင်လည်း ဘာသာရေးလူမျိုးရေးနည်းနဲ့ ရန်စမီးပွားအောင်လုပ်ပြီး၊ မတည်မငြိမ်မှုတွေကို ဇယ်စက်သလို လုပ်ကြံဖန်တီး မယ်ဆိုတဲ့ အကြံယုတ်ကိုလည်း ကွက်ပြည့် စီစဉ်ညွန်ကြားထားပုံပေါ်ပါတယ်။ ဒါကြောင့်အခြားနည်းတော့ မရှိပါဘူး။ မွေးမြူထားတဲ့ သူတွေကို ပြန်ပြီး ဖမ်းခိုင်းရမှာပါပဲ။

“ဘာသာရေး”ကို လက်နက်သဖွယ်ခုတုံးလုပ်ပြီး အသုံးချတဲ့ နည်းက ဆင်းရဲမွဲတေပြီး အသိပညာတရား ယိုယွင်းပျက်ပြားနေတဲ့ ဒီနေ့လိုကာလမျိုးမှာ ရက်ရက်စက်စက် ထိရောက်တဲ့နည်း ဖြစ်နေတယ်။

ဆင်းရဲမွဲတေပြီးအသိတရားယိုယွင်းပျက်ပြားမှုကို လည်း နှစ်ပေါင်းများ စစ်အုပ်စု အုပ်စိုးမှုအဆက်ဆက်က မွေးထုတ်ပေးခဲ့တာ ပဲဖြစ်ပါတယ်။ ဇစ်မြစ်ဖြစ်တဲ့ “စစ်အုပ်စုနဲ့ ၂၀၀၈ အခြေခံဥပဒေ” ကို အကုန်အစင် ဖယ်ရှားပစ်နိုင်မှသာဒီပြဿနာတွေကို ပြီးပြတ်သွား အောင် ကိုင်တွယ်ဖြေရှင်းနိုင်မှာပါ။

ဒီလိုပြောဆိုနေတာကို ဓမ္မကြောင်း၊ ဥပဒေကြောင်းအရ ပြတ်သားထိရောက်စွာအရေးယူဖို့လိုပါတယ်။ သံဃအဖွဲ့အစည်းတွေ ဘက်ကလည်း သံဃနည်းနဲ့ ဆုံးမအရေးယူအပြစ်ပေးဖို့လိုသလို၊ တရားဥပဒေစိုးမိုးရေး ဘက်တော်သားတွေအနေနဲ့လည်း အရေးယူဖို့ လိုပါတယ်။ သိမ်မွေ့နူးညံ့စွာ ကိုင်တွယ်နေလို့ မဖြစ်ပါဘူး။ လူထုဆန္ဒပြမှုတွေ၊ ကျောင်းသားလူငယ်တွေရဲ့သပိတ်တွေကိုတော့ လက်သံ ပြောင်ပြောင်နှိမ်နင်းဖြိုခွဲ အကြမ်းဖက်ကြသူတွေက အရေခြုံအသံကျယ်တွေကို ပြတ်ပြတ်သားသား ဘာကြောင့်အရေး မယူနိုင်ရတာလဲ။ ဘာကြောင့်အရေးယူဖို့ နှေးကွေးလေးလံနေရတာလဲ။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမယ့်အခြေဆိုက်နေလို့လား။

ဒီကိစ္စဟာ “လူငယ်တို့သဘာဝ” ဆိုတဲ့ ဆင်ခြေလိမ်မျိုးနဲ့ “ရဟန်းငယ်/ ရဟန်းပျိုတပါး စိတ်ကြမ်းမာန်ဝင့်ပြီး” သတိလက်လွတ် ပြောမိဆိုတာမျိုးတော့ လုံးဝ မဟုတ်ပါဘူး။ ဒီလိုမျိုးဖုံးကွယ်ဖာထေးဖို့လည်း နောက်ထပ်မကြိုးစားပါနဲ့လို့ ကြိုတင် အသိပေးထားပါရစေ။