ဇော်အောင် (မုံရွာ) ● သင်္ကြန် ၂ဝ၁၇ ပြီးချိန် မြန်မာနှစ်သစ်ကူး မင်္ဂလာနှုတ်ခွန်းဆက်နဲ့ မြန်မာနိုင်ငံအခြေအနေ

ဇော်အောင် (မုံရွာ) ● သင်္ကြန် ၂ဝ၁၇ ပြီးချိန် မြန်မာနှစ်သစ်ကူး မင်္ဂလာနှုတ်ခွန်းဆက်နဲ့ မြန်မာနိုင်ငံအခြေအနေ
(မိုးမခ) ဧပြီ ၂၃၊ ၂၀၁၇

မြန်မာနှစ်သစ်ကူး မင်္ဂလာ နှုတ်ခွန်းဆက်ပါတယ်။ ဒီကနေ့ရရှိတဲ့ သတင်းစာအရ တနှစ်တာ အင်အယ်ဒီအစိုးရအခြေအနေကို သုံးသပ်ချင်ပါတယ်။  မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူများ သာယာဝပြောစေတဲ့အစိုးရဆိုရင် ကြိုဆိုရပါမယ်။ မတရားမှုများကို  ရဲဝံ့စွာဖော်ပြမှ မီဒီယာအစစ်အမှန်ဖြစ်ပါတယ်။

● ဒေါ်အောင်ဆန်းစုကြည် အကြောင်း
The Diplomat နိုင်ငံခြားစာစောင်မှာ အင်္ဂလိပ်လိုဖော်ပြထားတာ မြန်မာ့အလင်းသတင်းစာက ဘာသာပြန်ဖော်ပြပြီး The Voice ကလည်း ဖော်ပြပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခေါင်းဆောင်ဖြစ်လာပြီး တနှစ်အကြာ ပြည်တွင်းပြည်ပ များက သူ့ကိုအပြစ်တင်သူများစွာ ယခင်က ထောက်ခံ၊ အခု အပြစ်တင်ကြပါတယ်။

ပြည်ပကတော့ ဘင်္ဂလား၊ ရခိုင်ပြည်နယ် မွတ်ဆလင်များအရေးဖြစ်ပါတယ်။

ပြည်တွင်းမှာတော့ တရားဥပဒေမစိုးမိုးမှု၊ ငြိမ်းချမ်းရေးဆောင်ရွက်မှု၊ ရာဇဝတ်ပိုများပြားလာမှု၊ တပ်မတော်ကို ဘာမှမပြော ခြင်း၊ အင်အယ်ဒီပါတီ အစိုးရခေါင်းဆောင်များ မလုပ်တတ်မကိုင်တတ်မှုများ ..စတဲ့အကြောင်းများဖြစ်ပါတယ်။ အထူးသဖြင့် ရင်းနှီးမြှုတ်နှံမှုများ သိသာစွာနည်းသွားပြီး စီးပွားလုပ်ငန်းများ အလွန်နှေးကွေးသွားခြင်းကို အပြစ်တင်ပါတယ်။

သို့သော်လည်း မေးခွန်းတခုက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မလုပ်ရင်၊ နောက်တဦးက ဘယ်သူ့ကို လုပ်ခိုင်းမျာလဲ ..ဆိုတဲ့မေးခွန်းရဲ့ အဖြေက မရှိပါဘူး။ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်လား၊ ဦးသန့်မြင့်ဦး၊ ဒေါက်တာခင်မောင်လွင်၊ ဦးရွှေမန်း၊ နောက်ဆုံး ဦးဖြိုးမင်းသိန်း ... ဘယ်သူမှ ဒေါ်အောင်ဆန်းစုကြည်လောက် သြဇာမကြီးပါဘူး။ တိုင်းပြည်အုပ်ချုပ်တာ သြဇာ ကြီးရုံမက ဆင်းရဲမွဲတေတဲ့ နိုင်ငံပြန်လည်ထူထောင်ဖို့ ခေါင်းဆောင်ကောင်း အများကြီးလိုသလို ရင်းနှီးမြှုတ်နှံမှု (ငွေ) လည်း လိုပါတယ်။

ဒါကြောင့် ဒီ (၅) နှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုနောက်ကို စစ်တပ်ရော၊ နိုင်ငံခေါင်းဆောင်တွေပါ နာခံလိုက် နာကြဖို့ အလွန်အရေးကြီးပါတယ်။ တွေးခေါ်ပညာရှင် ဆရာဦးကျော်ဝင်း (ကမ္ဘာကြီးပြားပြီ ဘာသာပြန်သူ) လွှတ်တော် ကိုယ်စားလှယ်များကို ဆွေးနွေးပွဲမှာ ကြံခိုင်ရေးပါတီနဲ့စစ်တပ်က ပျော့ပြောင်းသူများနဲ့ အင်အယ်ဒီပါတီက ပျော့ပြောင်းသူ များ နှစ်ဖက် တယောက်နဲ့တယောက် နားလည်၊ အုပ်ချုပ်နိုင်ရင် နှေးကွေးမှုတွေ မြန်ဆန်သွားမယ်လို့ အနှစ် ၅ဝ အတွင်း ကမ္ဘာ့ပြုပြင်ပြောင်းလဲနိုင်ငံများ အချက်အလက်များနဲ့ ဆွေးနွေးသွားပါတယ်။ ဦးရွှေမန်းအုပ်စု၊ ဗိုလ်ချုပ်မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရအုပ်စုတို့ နားလည်မှုရှိဖို့က အလွန်အရေးကြီးပါတယ်။ ဆက်လက်ထောက်ခံသွားဖို့ပါပဲ။
......

● အခွန်ကောက်ခြင်း (Tax Collection)
အခွန်ကောက်ခြင်း (Tax Collection) နဲ့ ကောက်ရငွေများကိုအကျိုးရှိစွာသုံးခြင်း (Budget System) တို့မှာ အဂတိနည်း ပါးအောင် လုပ်ခြင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းက မြန်မာ့စီးပွားရေး ၇ဝ ရာခိုင်နှုန်း စုနေတဲ့နေရာဖြစ်လို့ ရန်ကုန်တိုင်း အခွန် ရုံးကို အထူးပြုပြင်ပြောင်းလဲသလို၊ ထိပ်တန်းအခွန်ထမ်းများ (ဥပမာ ခရိုနီလို့ခေါ်တဲ့ သူဌေးကြီးများရဲ့ ကုမ္ပဏီများ) ကို အခွန် မှန်ကန်စွာ ကောက်နိုင်ရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးစားနေပါတယ်။ အခွန်ရုံးအကြီးအကဲတွေကို လူသစ်တွေနဲ့ အစားထိုး ပြီး၊ လုပ်နေကျ အဂတိ (ငွေဖြူလုပ်ခြင်း) တွေနဲ့ အိမ်ခြံခြေဈေးတွေကို ကျဆင်းအောင် အစိုးရက လုပ်ဆောင်နေပါတယ်။

ဒါကြောင့် ဒီနေ့သတင်းစာက အခွန်ဝန်ထမ်း ၁ဝဝ ကျော်ကို လစာ ၂ ဆ တိုးတဲ့သတင်း ဖေါ်ပြပါတယ်။ တကယ်တော့ လစာ ဆိုတာ နတ်သင်း (Nothing) ပါလို့ ပြောနိုင်ပါတယ်။ ဘောနပ်စ်ဆိုတဲ့ ဆုကြေးနဲ့လည်း အခွန်ဝန်ထမ်းများကို အဂတိနည်း အောင် လုပ်နေပါတယ်။ ခက်တာက အခွန်ကောက်ခြင်းမှာ မြို့နယ်အခွန်ဦးစီးမှူးတွေ၊ အခွန်ဥပဒေတွေက ခေါက်ရိုးကျိုးနေတဲ့ Manual System ဖြစ်နေပြီး၊ ကွန်ပြူတာသုံးမရအောင် လုပ်ထားလို့ ခက်ခဲနေပါတယ်။ ဘယ်လောက်ခက်ခဲပါစေ၊ အောင် မြင်မှာပါ။

မူးယစ်ဆေးဝါး ပိုင်ရှင်မဲ့ဖမ်းဆီးခြင်းများကနေ မူးရစ်ဆေးဝါးဘုရင်တွေကို မြန်မာပြည်ကနေ နှင်ထုတ်နေပါတယ်။ ၂ဝ၁၅ သမတဦးသိန်းစိန် နောက်ဆုံးနှစ်မှာ ဝိုင်ဒဘလျူ ဆေးဝါး၊ ဘိန်းခင်းများတွေ ဖမ်းဆီး ဖျက်ဆီးတာတွေ စတင်ခဲ့တာ အခု ဒေါ် အောင်ဆန်းစုကြည် တနှစ်အုပ်ချုပ်ချိန် အတော်ခရီးရောက်နေပါပြီ။ မူးယစ်ဆေးစွဲသူများကို မဖမ်းဆီးတော့ပဲ (ထောင်လူ ကြပ်မှုကာကွယ်ရန်)၊ မူးရစ်ကုန်ကူးသူ၊ ရောင်းသူများကို အပြင်းအထန် ဖမ်းဆီးနေပါတယ်။ ရဲများကိုလည်း မူးယစ်အမှုများကို နိုင်ငံတော်စီမံကိန်းအဖြစ် ဖမ်းဆီးစေပါတယ်။

နောက် သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတုဖောက်ပြန် ရေကြီးခြင်းဒဏ် တနိုင်ငံလုံးခံရပါတယ်။ ဒါကြောင့် သစ်တောဝန် ထမ်းများကို အထူးကြပ်မတ် ဖမ်းဆီးအရေးယူခြင်းများ ပြင်းထန်စွာ ဆောင်ရွက်နေပါတယ်။ မူးယစ်ဖမ်းဆီးမှုကဲ့သို့ သစ် ရောင်း၊ ပြည်ပပို့သူများကိုဖမ်းဆီးတဲ့အခါ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံတဝှမ်းလုံးက မော်တော်ကားဂိတ်များ၊ ရေလမ်း ဂိတ်များကိုလည်း ထိရောက်စွာ ဖမ်းဆီးနေပါတယ်။

● အဂတိ Corruption Index (Myanmar)
၅ နှစ်အတွင်း အဂတိရမှတ်ပြောင်းလဲပုံစံ2012 - 2016
စင်ကာပူ 87 - 84 (ဂုဏ်ထူးမှတ် top 10)
မလေးရှား 46 - 49 (၃ မှတ်တက်)
အင်ဒိုနီးရှား 32 - 37 (၅ မှတ်တက်)
ဖိလစ်ပိုင် 34 to 35 (၁ မှတ်တက်)
ထိုင်း 37 - 35 (၂ မှတ်ကျဆင်း)
ဗီယက်နမ် 31 - 33 (၂ မှတ်တက်)
လာအို 21 - 30 (၉ မှတ်တက်)
မြန်မာ 15 - 26 (၁၁ မှတ်တက်။ ၂ဝ၁၆ အကောင်းဆုံး)
ကမ္ဘောဒီးယား 22 - 21 (၁ မှတ်ကျဆင်း)
တရုပ် 39 - 40 (မထူးခြား)
အိန္နိယ 36 - 40 (၄ မှတ် များစွာတိုးတက်)
https://en.wikipedia.org/wiki/Corruption_Perceptions_Index

အထက်ပါ ဝီကီအချက်အလက်များအရ ၂ဝ၁၂ မှာ အဂတိရမှတ် တိုးလာပေမဲ့ ၂ဝ၁၃ - ၂ဝ၁၄ - ၂ဝ၁၅ တွေမှာ တိုးတက်မှု အလွန်နှေးကွေးလာပါတယ်။ အပြောင်းလဲဖြစ်တဲ့ ၂ဝ၁၆ မှာ အဂတိရမှတ် ၂၆ မှတ်ထိအောင် တိုးတက်လာတာ အတော် ကျေနပ်စရာကောင်းပါတယ်။
.....

● ၂ဝ၁၇ စီတီဇင်ဘတ်ဂျတ်
ဘတ်ဂျတ် ၂ဝ၁၇ အတွက် လျှပ်စစ် ၂၄.၃၂ရာခိုင်နှုန်း၊ စီမံဘဏ္ဍာ ၂ဝ.၈၂ ရာခိုင်နှုန်း၊ ကာကွယ်ရေး ၁၄.၃၁ ရာခိုင်နှုန်း၊ ပညာရေး ၈.ဝ၅ ရာခိုင်နှုန်း၊ စိုက်ပျိုးဆည်မြောင်း ၅.၇၉ ရာခိုင်နှုန်း၊ ပို့ဆက် ၄.၂၉ နိုင်ငံတော်ပိုင်စီးပွားအဖွဲ့စည်းများ (ပြင်ပ) ၉.၆၃ ရာခိုင်နှုန်း၊ ပြည်ထဲရေး ၁.၄၉ ရာခိုင်နှုန်း၊ စက်မှု ၂.၇၈ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေး ၂.၄၈ ရာခိုင်နှုန်း၊ သယံဇာတ ၁.၄ ရာခိုင်နှုန်း စသဖြင့်ပါ။ စီတီဇင်ဘက်ဂျတ် ၂ဝ၁၇ ကို အစိုးရဘဏ္ဍာရေးဝက်ဆိုဒ်မှာတင်ထားလို့ ဒေါင်းလုပ်ခဲ့ပါတယ်။ အခု တော့ အဲဒီဘတ်ဂျတ်ကို ပြန်ရှာတာ မတွေ့တော့ပါ။ အကြောင်းအမျိုးမျိုးကြောင့် ဘတ်ဂျတ်ဖိုင် ရှာမတွေ့ပေမဲ့.. အင်တာနက် မှာတော့ ထပ်ဆင့်တင်ပြထားလို့ ပျောက်မသွားပါ။ အချိန်ရရင် ဖတ်ကြည့်လို့ကောင်းပါတယ်။ ဒေါင်းလုပ်လင့်.. (စီမံဘဏ္ဍာ ဝက်ဆိုဒ် www.mof.gov.mm)

ဒါကိုကြည့်ရင် လွန်ခဲ့တဲ့ ၅ နှစ်ထက် ဘတ်ဂျတ်ဇီးသီးဗန်းမှောက်ခြင်းတွေ နည်းပါးလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တနှစ်မိန့် ခွန်းပြောပါတယ်။ အရာရှိကြီးတွေ (ဝန်ကြီး၊ ဒုဝန်ကြီးတွေ) အဂတိမရှိတာတွေ့လို့ ဝမ်းသာတယ်။ အရာရှိငယ် (တိုင်းဦးစီးမှု၊ ညွန်ကြားရေးမှုး ..တွေ) အဂတိရှိနေသေးတယ် ပြောပါတယ်။ ဘတ်ဂျတ်ရဲ့ ၁၅ ရာခိုင်နှုန်း Cash Payment တွေ ပျောက်ဖို့မလွယ်သေးတာ အစိုးရခေါင်းဆောင်တွေ မသိကျိုးကျွံပြုရပါတယ်။ အရေးယူဖို့လည်း တရားဥပဒေစိုးမိုးမှု မရှိတာကြောင့် အလွန်ခက်ခဲပါတယ်။
......

● တရားဥပဒေစိုးမိုးမှု
ဒီအကြောင်းကို လွှတ်တော်မှာ အဆိုတင်သွင်းပြီး ဆွေးနွေးကြပါတယ်။ နောက်ဆုံး အခြေခံဥပဒေအရ ဖြုတ်လို့မရ၊ အသက် ၇ဝ အထိ တာဝန်ထမ်းဆောင်ရမဲ့ တရားသူကြီးချုပ်နဲ့အဖွဲ့ဝင်များကို လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကိုယ်တိုင် တာဝန်ရှိတယ် လို့ ပြတ်သားစွာ ဆုံးဖြတ်လိုက်ပါတယ်။ အခြေခံဥပဒေပြင်ဖို့ကြိုးစားသူ အင်အယ်ဒီဥပဒေအကြံပေး ဦးကိုနီကို ငှက်ကလေးလို လေဆိပ်မှာလုပ်ကြံပြခြင်းနဲ့ အခြေအနေတင်းမာစေခဲ့ပါတယ်။ ဒါပေမဲ့ တင်းမာမှုတွေကို ဖြေရှင်းနိုင်ပါတယ်။ ဥပဒေ ဝန်ထမ်း များဖြစ်တဲ့ ပြည်သူ့ရဲ၊ ယာဉ်ထိန်းရဲ၊ မှုခင်းရဲများနဲ့ တရားရုံးအဆင့်ဆင့်က တရားသူကြီးနဲ့ ဘီလစ်စာရေးများအဆုံး၊ ရပ်ကျေး အုပ်ချုပ်ရေးမှုးများကအစ မြို့နယ်အုပ်ချုပ်ရေး ကော်မတီအဆင့်ဆင့်မှာ တရားမျှတမှုမရှိခြင်းက တနိုင်ငံလုံးအတိုင်းအတာ ဖြစ်နေပါတယ်။ အဂတိလိုက်စားမှုကို လျော့ချနိုင်လာရင် တရားဥပဒေလည်း စိုးမိုးလာမှာ ဖြစ်ပါတယ်။ သက်ငယ်မုဒိမ်းမှု၊ အိမ်ထောင်ရေးအမှုများစွာလည်း နိုင်ငံသားများ ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်ရှားပါးမှုများကြောင့်ဖြစ်ပါတယ်။

ချက်ခြင်း အလုပ်ကိုင်မဖန်တီးနိုင်ပေမဲ့ အလုပ်ကြိုးစားလုပ်ကိုင်သူများ တမဟုတ်ခြင်း၊ (၁) နှစ်၊ (၂) နှစ်အတွင်း ကြီးပွားလာနိုင် ပါတယ်။ မတရားသူများလည်း ကြီးပွားနိုင်ပေမဲ့ တရားဥပဒေအတိုင်း ကြီးပွားတိုးတက်ခြင်းက အကောင်းဆုံးပါ။ ပညာတတ် သူများ ပိုပြီး အလုပ်ကိုင်ကောင်းလာတဲ့အတွက် (နိုင်ငံခြားကုမ္ပဏီများစွာမှာ အလုပ်လစာကောင်းတဲ့အတွက်) ပညာရေး လည်း ကောင်းမွန်လာကြတာ တွေ့ရပါတယ်။

● နိဂုံး (သုံးသပ်ချက်)
.ဒါကြောင့် ပညာရေး၊ ကျန်းမာရေး၊ စွမ်းအင် (လျှပ်စစ်)၊ ဆည်မြောင်း၊ သစ်တော၊ စည်ပင်၊ လ.ဝ.က၊ က.ည.န စတဲ့ ဌာနဆိုင် ရာများမှာ အားနည်းချက်တွေ အဂတိတွေ ရှိနေဆဲဖြစ်ပေမဲ့ ခြုံကြည်ရင်တော့ တိုးတက်လာတာကို မျက်ဝါးထင်ထင် မြင်ရပါ တယ်။ ကလေးအလုပ်သမားများစွာနဲ့ ပညာမသင်နိုင်ဖြစ်နေတာလည်း တဖြေးဖြေး ပျောက်ကွယ်လာမှာပါ။ ကားလမ်း၊ ဖုန်း လိုင်းတွေ ကောင်းလာသလို လျှပ်စစ်မီးထွန်းဖို့လည်း မြို့ပေါ်တွေမှာ အိုကေလာပါတယ်။ နောက်ဆုံး ရပ်ကွက်ထောက်ခံစာ၊ ရဲထောက်ခံစာများ ငွေပေးစရာမလိုတော့ခြင်း၊ ဧည့်စာရင်းတိုင်စရာမလိုတော့ခြင်း၊ မတရားမှုကို တိုင်စာပို့၊ မီဒီယာမှာ တင်ပြ ရင်လည်း အဖမ်းမခံရတော့ခြင်း စတဲ့ လူ့အခွင့်အရေးများစွာကို တွေ့လာရပါတယ်။

ဒါကြောင့် လက်ရှိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်အစိုးရကို ထောက်ခံ၊ နာခံလုပ်ဆောင်ဖို့၊ မတရားမှုကို ငြိမ်မခံပဲ စနစ်တကျ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများကို ကိုယ်တိုင်လက်မှတ်ထိုး တိုင်တန်းကြဖို့ လူကောင်းများစွာ လိုအပ်နေပါတယ် လို့ သုံးသပ်ရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား..။

လေးစားစွာဖြင့်
ဇော်အောင် (မုံရွာ)
ဧပြီလ ၂ဝ၁၇


Photo by Kristi Eaton