
သူသူမေ (မော်ကျွန်း) ● ကျွန်မနှင့် သင်္ချိုင်းများ၊ ထိုသူများ ....
(မိုးမခ) ဧပြီ ၁၊ ၂၀၁၇
(မိုးမခ) ဧပြီ ၁၊ ၂၀၁၇
လူ့ဘဝဟူသည် ငြင်းပယ်ခွင့်မရှိသည့်ကမ်းလှမ်းမှုမျိုးဖြစ်သလို သင်္ချိုင်းဆိုသည်မှာလည်း ရှောင်ဖယ်၍ မရသော မိုင်တိုင်များဟု ဆိုရလေမည်လား။ သံသရာတွင်လည်နေသမျှမူ သင်္ချိုင်းများစွာအား ဖြတ်သန်းကြရ မည်ဖြစ်သည်။ နေ့စဉ်လျှောက်နေကျလမ်းသည်ပင်လျှင် သင်္ချိုင်းသို့မရောက်မချင်း သွားနေရသည့်အလား နုပျိုမှုများ တဖြုတ်ဖြုတ်ကြွေကျ သေဆုံးနေကြရပေသည်။
ကျွန်မတို့ အားလုံးသည် သင်္ချိုင်းဟူသောစကားရပ် အား လူ့သက်တမ်းတခုအတွင်း တချိန်မဟုတ် တချိန်တွင် စတင်သိရှိ ကြပေလိမ့်မည်။ ကျွန်မအနေဖြင့်မူ မည်သည့်အရွယ်က စတင်သိရှိသည်ကိုပင် မပြောနိုင်အောင် သိတတ်စမှစ၍ သင်္ချိုင်းသို့ ခရီးစဉ်များအား နေ့စဉ်မြင် နေတွေ့နေခဲ့ရဖူးပါသည်။ ယခင်က သင်္ချိုင်းမှာ ကျွန်မတို့လမ်းနှင့်နီးသဖြင့်လည်း အသုဘချလျှင် ကျွန်မတို့လမ်းမှသာသွားကြသည်ကများ၍ဖြစ်သည်။ အချို့ဆိုလျှင် အသုဘချသည့်လမ်းဟုပင် ပြောစမှတ်ပြုကြပါသည်။ ထို့ပြင် ဖခင်ဖြစ်သူမှာ ကျွန်မ ၅ နှစ်သမီးအရွယ်တွင် ဆုံးပါးခဲ့သည်လည်းဖြစ်၍ သင်္ချိုင်းဟူသည်အား ပထမအရွယ်၏မူလဘူတမှပင် ရင်းရင်းနှီးနှီး ရှိလှပါသည်။ ထိုစဉ်ကတော့ မရောက်ဖူးခဲ့ပါ။
ပထမဆုံးအကြိမ်အဖြစ် ကျွန်မအသက် ၁၂ နှစ်အရွယ်ခန့်တွင် အနေဝေးသည့် အစ်ကိုဝမ်းကွဲတဦးဆုံးပါး၍ သင်္ချိုင်းသို့ အမေနှင့် အတူလိုက်ရပါ ပို့ဆောင်ရပါသည်။ ထိုစဉ်ကာလက လူများသေလျှင်ဓာတ်ပုံမှတ်တမ်း တင်ခြင်း ခေတ်စားနေသည့်အချိန်ဖြစ်၍ ထိုအစ်ကို၏ ရုပ်အလောင်းအား ကျန်ရစ်သူ အဒေါ်မိသားစုမှ သင်္ချိုင်းကုန်းတွင်ပင် ဓာတ်ပုံဆရာခေါ်ယူ၍ မှတ်တမ်းတင်ကြပါသည်။ ကျွန်မမှာ ကလေးပင်ဖြစ်သော်လည်း ထိုအပြုအမူအား စိတ်တွင်းမှ မနှစ်မြို့ခဲ့ပါ။ သေလွန်သွားပြီးမှ ဘာအကြောင်းတရားများ ထူးဦးမည်လဲ ဟု တွေးလိုက်ပါသေးသည်။ အမေ၏ပြောစကားအရ အစ်ကိုဝမ်းကွဲမှာ အလွန်ချောမောသူဟု ဆိုပါသည်။ သင်္ချိုင်းတွင် ဓာတ်ပုံရိုက်ရန် အခေါင်းဖွင့်ချိန်တွင်တော့ အနီးပတ်ဝန်းကျင်မှ ကလေးများအုံတိုးကြည့်ကြပြီး ကလေးများမှ "မသာက ချောလိုက်တာ" ဟု အော်ဟစ်ပြောဆိုသွားကြသံကြားပါသည်။
နောက်တဖန်တွင်တော့ ကျွန်မ၏ဆွေမျိုးနီးစပ် အဘွားလေးတဦးကွယ်လွန်၍ လိုက်ပို့ရပါသေးသည်။ ထိုအဘွားလေးမှာဆွေမျိုးရင်းချာမရှိသဖြင့် ဘိုးဘွားရိပ်သာတွင်နေရင်း အသက် (၇၇) နှစ် နှင့်ဆုံးပါးရခြင်း ဖြစ်ပါသည်။ ကျွန်မ မှတ်မိပါသေးသည်။ အဘွားလေးကွယ်လွန်သည့်ကာလများက နှစ်လုံးချဲထီများ ခေတ်စားနေချိန်ဖြစ်သည့်အပြင် မိသားစုဝင်များမှသေဆုံး သူ၏အသက်ဂဏန်းအား ချဲဂဏန်းအဖြစ်လိုက်လံ ထိုးနေကြသည့်ကာလဖြစ်ပါသည်။ အဘွားလေးမှာတော့ ဆွေမျိုးရင်း ချာမရှိသဖြင့် အဖွားလေး၏အသက်ဂဏန်းအား နှစ်လုံးဂဏန်းအဖြစ် ထိုးမည့်သူမရှိပါ။ ကျွန်မ၏ အမေအစ်မများမှာလည်း နှစ်လုံးထီဝါသနာ မပါကြ၍ ထိုသို့ထိုးရန်အသိလည်းမရှိ၊ သတိလည်း မရကြပါ။ကျွန်မကတော့ ဟိုဟိုဒီဒီ ကြားဖူးနားဝရှိနေ၍ တချက်သတိထားလိုက်မိသော်လည်း လူကြီးများအား မပြောဖြစ်ခဲ့ပါ။
တိုက်ဆိုင်စွာပင် နောက်တနေ့တွင် အဘွားလေး၏အသက် (၇၇) မှာ နှစ်လုံးထီပေါက် ဂဏန်းဖြစ်လာခဲ့ပါ သည်။ အဘွားလေး၏အသက်သည် ပေါက်ဂဏန်းပင်ဖြစ်လိုက်ပါသော်ငြား အဘွားလေးကဲ့သို့ပင် ခြွေရံ သင်းပင်းကင်းစွာ တိတ်တဆိတ်ထွက်သွားရရှာပါသည်။
ကျွန်မသည် ကလေးဘဝတွင်မူ သင်္ချိုင်းကုန်းအား ထိုနှစ်ခေါက်သာရောက်ခဲ့ဖူးပါသည်။ တက္ကသိုလ်ဝင်တန်းပြီးစတွင်တော့ ကျွန်မဆယ်တန်းကျောင်းသူဘဝတွင် သင်ကြားခဲ့ရဖူးသော မြန်မာစာဆရာ ဆုံးပါး၍ လိုက်ပို့ခဲ့ရဖူးပါသည်။ ဆရာမှာ ပညာ ဂုဏ်၊ ရိုးဂုဏ်ဖြင့် ကျော်ဇောသူဖြစ်ပြီး လူအများက လေးစား ရသောဆရာတဦးဖြစ်ပါသည်။
ဆရာ့၏နောက်ဆုံးခရီးမှာကား အလွန်စည်ကား ခဲ့ပါသည်။ ဆရာ့အား လိုက်ပို့သည့် လူအုပ်ကြီးမှာ များစွာ ရှည်လျားပြီး အားလုံး၏ရင်တွင်းတွင်မိသားစုနှင့်ထပ်တူ ဝမ်းနည်းခြင်း၊ နှမျောတသ ဖြစ်ခြင်းများဖြင့် စုတ်တသသဖြစ်ကြရသည်။
ဆရာ၏ဆုံးပါးခြင်းသည် ကျွန်မတို့မြို့နယ်လေးအတွက်မူ ကြီးမားသောဆုံးရှုံးမှုဟု ဆို၍ရပါသည်။ ကျွန်မ၏လောဘဖြင့်ပြောရလျှင် မြန်မာစာပေလောက၏ ပညာတတ်တဦးဆုံးရှုံးခြင်းဟု ဆိုချင်ပါသည်။ လူတဦးတယောက်၏ ဆုံးပါးခြင်းတွင် တစ်ဦးနှင့်တစ်ဦးဆုံးရှုံးမှုတန်ဖိုးခြင်း မတူကြပါပေ။ ဆရာသည်သူ၏ နောက်ဆုံးခရီးဖြင့်ပင် ဤသို့ပြောဆိုသွားခဲ့ပါသည်။
ကျောင်းပြီး၍ အလုပ်လုပ်သည့် နယ်ပယ်သို့ကူးပြီးနောက်မှ အသိအဘတဦးကွယ်လွန်၍ ရေဝေးသုသာန်သို့ တခါလိုက်ပို့ဖူးပါသည်။ ထိုအဘမှာ ကျွန်မအလုပ်လုပ်ရာအိမ်၏ ဘေးအိမ်တွင်နေသူဖြစ်ပြီး သားသမီး မြေး မြစ်များစွာခြံရံလျက် မတောင့်မတနေနိုင်သူဖြစ်သည်။ ကျွန်မအလုပ်မှ အသွားအပြန်ထွက်တိုင်း အဘမှာ အိမ်ပြင်ထွက်ထိုင်နေလျှက်ရှိပြီး အသွားအပြန်နှုတ်ဆက်နေရင်း ရင်းနှီးသွားရခြင်းဖြစ်သည်။ ထိုစဉ်က အဘအား အသုဘလိုက်ပို့ဖြစ်ရင်း မီးသင်္ဂြိုလ်စက်အတွင်း ရုပ်အလောင်းအားသွင်းသည်ကို ကြည့်ရင်း၊ တလက်စတည်းထွက်လာသည့် စက်ခေါင်းတိုင်မှမီးခိုးများအားကြည့်ရင်း အိပ်မက်ပမာ အဘရုပ်သွင်နှင့် လူ့ ဘဝအား အနည်းငယ်မျှ စိတ်ပျက်မိပါသည်။ အပြန်တွင် ထိုအခြင်းအရာများတဝဲလည်လည်ရင်း မျက်ရည်စို့မိ၏။ ထို့နောက် မည်သည့်အချိန်တွင် ကျွန်မ၏သံဝေဂများ လွင့်စင်သွားသည်ကိုမူ သတိမပြုမိတော့ ပါ။ သေချာပါသည်။ အလွန်တိုတောင်းလိမ့်မည်သာဖြစ်သည်။
ကျွန်မဘဝတွင် နာရေးပို့ခဲ့ဖူးသည်မှာသွားခဲ့ရသည့် သာရေးထက် များစွာနည်းပါးလှပါသည်။ ကျွန်မတို့ သည် အသက်ကြီးလာသည်နှင့်အမျှ ပေါင်းသင်းဆက်ဆံမှုနယ်ပယ်ကျယ်ဝန်းလာကြ၍ သင်္ချိုင်းသို့ အကြိမ်ရေများစွာလိုက်ပါပို့ဆောင်ကြရဦး မည်ဖြစ်သလို မိမိကိုယ်တိုင်လည်း တခေါက်မျှသွားကြရပါဦးမည်။ မည်သို့သွားရမည်ကို ကြိုတင်မသိနိုင်ပေ။ မည်မျှအထိ ဆုံးရှုံးမှုမျိုး ဖြစ်နိုင်သည်ဆိုခြင်းကိုမူ ကျွန်မတို့ အားလုံး ပြဆိုနိုင်မည်ဖြစ်သည်။ လူတော်လူကောင်းများရေးခြစ်ခဲ့သောသမိုင်းဟူသည် အထပ်ထပ်ပြိုလဲ သွားသော သက္ကရာဇ်များကြား တောင့်တင်းခိုင်မာသည့် စံနမူနာများအဖြစ် တွင်ကျန်ရစ်နေလိမ့်ပေမည်။
တွေးချိန်ချင့်စရာပင်။ မလွဲမသွေသွားရမည့် ဤခရီးတွင် ကျွန်မတို့ မည်သို့သွားကြပါမည်နည်း။