တူမောင်ညို ● အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၁၃)


တူမောင်ညို ● အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၁၃)
(ပြောင်းလဲချိန်တန်ပြီမှ ပြည်သူနဲ့အတူသို့)
ဧပြီ ၂၊ ၂၀၁၇

“ပြည်သူ” ဆိုတဲ့စကားကို ပြည်သူတွေက စိတ်နာနေကြတာကြာလှပါပြီ။ “ပြည်သူ့အောင်သံပြဇာတ်” ခင်းသွားတဲ့ဆရာကြီး တွေလည်း ကွယ်လွန်ကုန်ကြပါပြီ။ “ပြည်သူပိုင်၊ ပြည်သူ့ဆိုင်၊ ပြည်သူ့လွှတ်တော်၊ ပြည်သူ့ကောင်စီ” ဆိုပြီး “ဆိုရှယ်လစ်အတု” တံဆိပ်ကပ်ပြီး အားလုံးကို လုယက်မောင်ပိုင်စီးခဲ့တဲ့ ဗိုလ်နေဝင်းလည်း သေသွားခဲ့ပြီ။
  
ဗိုလ်ရွှေမန်း ကလည်း သူပိုင် ဖေ့စ်ဘုတ်မဲဆန္ဒနယ်ကနေ “ပြည်သူများနှင့်” ဆိုပြီး စတေးတပ်စ်တွေ ပလူပျံသလို လွှတ်နေပြန် တယ်မဟုတ်လား။

အခုတခါ ဒီချုပ်ပါတီကလည်း “ပြောင်းလဲ ချိန်တန်ပြီ” ဆိုတဲ့ဆောင်ပုဒ် ကနေ “ပြည်သူနဲ့အတူ” ဆိုတဲ့ဆောင်ပုဒ် အသစ် ပြောင်းလဲသွားပါပြီ။ ထင်သာမြင်သာအရှိဆုံး ဆောင်ပုဒ်ဖြစ်ပါတယ်။အစိုးရပိုင် နေ့စဉ်ထုတ်သတင်းစာကြီးတွေ ရှေ့မျက်နှာဖုံးမှာ စာလုံး မည်းကြီးတွေနဲ့ဖော်ပြထားပါတယ်။ စစ်တပ်ပိုင် “မြဝတီသတင်းစာ” ကလွဲရင်ပေါ့။

သူတို့ဟာ “ပြည်သူနဲ့အတူ” မရပ်တည်နိုင်သူတွေဖြစ်ပါတယ်။ ပြည်သူဆိုတာ သူတို့အတွက် ဖိစရာ၊ နှိပ်စရာ လိုအပ်ရင် ညှင်း ပမ်းနှိပ်စက်သတ်ဖြတ်ဖို့ဖြစ်တယ်။ ဒါကြောင့်သူတို့ ပင်ရင်းမူလ ဆောင်ပုဒ်က “သေနတ်သာ အမိ - သေနတ်သာ အဖ”  လေ။ ဒါကို ရွတ် လို့ ဆိုလို့ကောင်းအောင် “တပ်မတော်သာအမိ - တပ်မတော်သာအဖ” လို့ ပြောင်းထားတယ်။ ဒီဆောင်ပုဒ်ကို သူတို့ ခါးဝတ်ပုဆိုးလို စွဲစွဲ မြဲမြဲကျင့်သုံးတယ်။ လိုက်နာတယ်။  အပြောင်းအလဲမရှိ။ ပြောင်းလဲဖို့မရှိ။

သူတို့အဘိုး ဗိုလ်နေဝင်းကသူတို့ကို ဒီအမွေပေးခဲ့တယ်။ ဒီဆိုးမွေကို သူတို့အမွေခံထားတယ်။ “ပစ်ရင်တည့်တည့်ပစ် ” ဆိုတဲ့ စကားကိုမြေဝယ် မကျလိုက်နာ နားထောင်ကြတယ်။ ကျည်ဆံအစစ်နဲ့ပစ်တာပဲဖြစ်ဖြစ်၊ရာဘာကျည်နဲ့ပစ်တာပဲဖြစ်ဖြစ် ပစ်ရင်တည့်တည့် ပစ်တာပဲဖြစ်တယ်။ ဒါကြောင့် (မတ်လ ၂၄ ရက်နေ့က) လက်ပံတောင်းမှာ ရဲက ပစ်လို့  ဒေသခံပြည်သူ တချို့ ဒဏ်ရာရကုန်တယ် မဟုတ်လား။

ဒီမိုကရေစီဆိုတဲ့ ဇာတ်ကားကို ရုံတင်တဲ့အခါတိုင်း“ပြည်သူ”ဟာ ဇာတ်လိုက်ပါလို့ ပါးစပ်ကနေ ပြောကြတာချည်းပါပဲ။

သမိုင်းခေတ်တွေမျိုးစုံ ဖြတ်သန်းကြုံတွေ့လာခဲ့ရဖူးတော့ အမြဲတန်းအလိမ်အညာခံ၊ အလှည့်စားခံ၊ အညှင်းပန်းခံ၊ အဖိနှိပ်ခံရ တဲ့ ပြည်သူ ဆိုတဲ့ ဇာတ်လိုက်မျိုးတော့ ပြည်သူတွေက မဖြစ်ချင်ကြတော့ပါဘူး။ ခါးသီးနာကျည်းနေကြပါပြီး၊ အောကြောလန်နေပါပြီ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီချုပ်ပါတီအစိုးရတာဝန်ယူမှု တစ်နှစ်ပြည့်မိန့်ခွန်းထဲမှာ “ --- ပြည်သူတွေဟာ အစိုးရကို ကြောက်ဖို့ မလိုဘူးဆိုတာ အများကသိလာတယ်လို့ ကျွန်မထင်ပါတယ်၊ ဒီဟာကို တိုးတက်မှုတစ်ခုလို့ပဲ ကျွန်မတော့ ယူဆပါတယ်။ ပြည်သူကနေပြီးအစိုးရကို ကြောက်ဖို့မဟုတ်ပါဘူး” လို့ ထည့်သွင်းပြောကြားသွားပါတယ်။ ကျနော့်အယူအဆကတော့ ဒီလိုပါ။

ပြည်သူတွေက ဘယ်အုပ်စိုးသူ၊ ဘယ်အစိုးရကိုမှ မကြောက်ပါဘူး။ သမိုင်းကိုပြန်ကြည့်ပါ။

ဆက်လက်သည်းခံနိုင်စွမ်းမရှိတော့ဘူးဆိုရင် ဘယ်အစိုးရကိုပဲဖြစ်ဖြစ် လမ်းပေါ်ထွက်၊ လက်သီးလက်မောင်းတန်းပြီး ဆန္ဒပြ မှာပါပဲ။ သမိုင်းခေတ်တိုင်းမှာ ပြည်သူတွေဟာ အုပ်စိုးသူအစိုးရ အဆက်ဆက်အပေါ် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြ၊ တော်လှန်ခဲ့ကြ တာတွေ အမြောက်အများပဲ မဟုတ်ပါလား။ ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ (မဆလ) အစိုးရနဲ့ ၁၉၇၄ အခြေခံဥပဒေဟာ ပြည်သူလူထုတရပ် လုံး အုံကြွဆန္ဒပြခဲ့ကြတဲ့ “၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး” ကြောင့် မရှုမလှပြုကျ ပျက်စီးသွားရတာမဟုတ်ပါလား။

ပြည်သူတွေက ၂၀၁၅ ရွေးကောက်ပွဲ သူတို့ တခဲနက်မဲပေး ရွေးချယ်လိုက်ကြတဲ့ ဒီချုပ်ပါတီအစိုးရအတွက် စိုးရိမ်ပူပန်နေကြ တာသာဖြစ်ပါတယ်။ “ရာနှုန်းပြည့်နိုင်အောင်သာ မဲပေးကြပါ ကျန်တာ ကျမတို့ ကြည့်လုပ်ပါမယ်” ဆိုတာကို စောင့်ကြည့်နေကြတာပါ။

၁၉၉၀ ရွေးကောက်ပွဲမှာလည်း သူတို့ ဒီလိုပဲ တခဲနက်မဲပေးရွေးချယ်ခဲ့ကြတာပဲမဟုတ်လား။ ဘာဖြစ်တွေများဖြစ်လာခဲ့လို့လဲ။ “ပုဒ်မ ၄၃၆” ပြင်မယ်ဆိုတော့လည်း ဆန္ဒမဲ ငါးသန်းနီးပါး ပြည်သူတွေက အားတက်သရောပေးခဲ့ကြတာပဲလေ။ ဒီတုန်းက ဗိုလ်ရွှေမန်းက ပြည်သူများနဲ့အတူဆိုပြီး ဝင်ပြီးလက်မှတ်မထိုး၊ အားမပေးတဲ့ အပြင် အဲဒီပြည်သူဆန္ဒတွေကို ပယ်ချပစ်ခဲ့တယ်မဟုတ်လား။ အခု ဗိုလ်ရွှေမန်း ပလူပျံအောင်ရေးနေတဲ့ “ပြည်သူများနဲ့အတူ”ဆိုတာ မုသာဝါဒပါ။ ဒီမိုကရေစီရုံတင်နေတဲ့ခေတ်မို့ “ပြည်သူ” ဆိုတဲ့ စကားလုံး ကို ဖက်ရှင်လုပ်ပြီးပြောနေ၊ ရေးနေတာပါ။

အခါလည်သား ဒီချုပ်ပါတီအစိုးရအပေါ်ပြည်သူတွေက စိုးရိမ်မှုနဲ့အတူ မျှော်ကြည့်နေကြတာပါ။

တစ်နှစ်ပြည့်မိန့်ခွန်းဆိုတော့ ဒီချုပ်ပါတီအစိုးရကြေညာခဲ့တဲ့ အောက်ပါ မူဝါဒ ၄ ရပ်အကောင်အထည်ဖော်မှုနဲ့ပတ်သက်ပြီး ဘယ်လိုများရှင်းလင်းတင်ပြမလဲ။ ဘယ်လောက်ခရီးရောက်နေပြီလဲ၊ ဘာတွေလိုအပ်ချက်ရှိသလဲ စသဖြင့် ဒီချုပ်ပါတီ အစိုးရရဲ့ တင်ပြ ချက်နဲ့ ဆန်းစစ်ချက်ကို နားစွင့်နေခဲ့ကြတာပါ။ ဒီချုပ်ပါတီအစိုးရက တက်လာတော့ ဒီမူဝါဒ ၄ ရပ်ကို ကြေညာခဲ့တာမဟုတ်လား။

- အမျိုးသားရင်ကြားစေ့ရေး၊
- ပြည်တွင်းငြိမ်းချမ်းရေး၊
- ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေ့ရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက်ရေးနဲ့
- ပြည်သူလူထု အများစုရဲ့ လူနေမှုဘဝအဆင့်အတန်း တိုးတက် မြင့်မားရေး

ဒီမူဝါဒတွေကိုခေါင်းစဉ်အလိုက် ဘယ်နေရာဘယ်အဆင့်ရောက်နေပြီ၊ အခက်အခဲက ဘာ၊ လိုအပ်ချက်ကဘာ စသဖြင့် အစီရင်ခံသင့်တာမဟုတ်လား။ ဒီလိအစီရင်ခံမှသာ ပြည်သူတွေက သိရှိပြီး ဘာလုပ်ရမယ်။ ဘယ်လိုဝန်းရံရမယ်ဆိုတာ ရှင်းလင်း ပီပြင် ကြည်လင်စွာသိနိုင်မှာပါ။ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့မိန့်ခွန်းထဲမှာတော့ “ကိစ္စကြီး သုံးရပ်ကို အဓိကထားတင်ပြသွားချင်ပါတယ်” လို့ ဆိုသော် လည်း အထက်က အစိုးရပေါ်လစီ ၄ ရပ်နဲ့ပတ်သက်ပြီး ရှင်းလင်း တိကျစွာ မိန့်ကြားသွားချင်းမရှိပါဘူး။

စစ်တပ်နဲ့အမျိုးသားပြန်လည်သင့်မြတ်ရေး ဘယ်အဆင့် ဘယ်နေရာရောက်နေပြီလဲ။ ပြည်တွင်းငြိမ်းချမ်းရေး ဘာလဲ - ဘယ်လဲ၊ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေ့ရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုပေါ်ပေါက်ရေး ဘယ်လိုအခြေ အနေ ရှိသလဲ။ ဘာတွေဘယ်မှာတစ်ဆို့နေသလဲ ဒါတွေကို ပြည်သူတွေက သိချင်ကြပါတယ်။ ကြားချင်ကြပါတယ်။ ဘယ်လောက် ခရီးရောက် သလဲ သိချင်ကြားချင်ကြတာပါ။ ပြည်သူတွေဘက်က ဒီလိုသိချင်တာ ကြားချင်တာ မလွန်ပါဘူး။ အင်မတန်မှ သဘာဝကျပါတယ်။ သူတို့ အနှစ်နှစ်အလလ လိုလား တောင့်တနေခဲ့ကြတဲ့ ဆန္ဒတွေဖြစ်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်က “ပြောင်းလဲတယ်ဆိုတာ အဓိကအားဖြင့် စနစ်ကိုပြောင်းလဲခြင်းနဲ့ စိတ်ဓာတ်ကိုပြောင်းလဲခြင်း နှစ်ခု ဖြစ် ပါတယ်၊ ဒီနှစ်ခုစလုံးမှာ ပြည်သူရော အစိုးရရောပါဝင်ရပါတယ်။ ပြည်သူချည်းပဲလည်းလုပ်လို့ မရပါဘူး။ အစိုးရချည်းပဲ လည်းလုပ်လို့ မရ ပါဘူး။ ဒါပေမယ့် စနစ်နဲ့ပတ်သက်လို့ကတော့ အစိုးရကနေပြီးတော့ ဦးဆောင်သွားရမှာ ဖြစ်ပါတယ်” လို့ ထည့်သွင်းပြောဆိုသွား ပါတယ်။

ပြည်သူတွေကတော့ ဖိနှိပ်အုပ်စိုးသူတွေကို ဆက်လက်သည်းမခံနိုင်တဲ့အခါ တွန်းလှန်ပစ်မယ်ဆိုတဲ့စိတ်ဓာတ်တွေ စုစည်း လာပြီး လူထုအုံကြွမှု (ဝါ) လူထုတော်လှန်ရေးတွေအဖြစ် ပြောင်းလဲပစ်ခဲ့ကြတာပါပဲ။ ဒီချုပ်ပါတီကို ၂၀၁၅ မှာပြည်သူလူထုက တခဲနက် မဲပေး ခဲ့တာလည်း အပြောင်းအလဲကို မျှော်လင့်ပြီး မဲပေးခဲ့တာလေ။ ဒါဟာ ပြည်သူတွေဘက်က အပြောင်းအလဲလို့ဆိုရမှာဖြစ်ပါတယ်။

တစ်ဖက်က ဒီလိုအကောင်းမြင်မျှော်လင့်ကြသော်လည်း အခြားတစ်ဖက်ဖြစ်တဲ့ “၂၀၀၈ အခြေခံဥပဒေ”ဆိုင်ရာ အကန့် အသတ်တွေ၊ စစ်အုပ်စုက အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်နဲ့စီးပွားရေးနယ်ပယ်ပေါင်းစုံမှာ လွှမ်းမိုးချုပ်ကိုင်ထားတွေရှိနေတာကို သိထား တော့ ဒီချုပ်ပါတီအစိုးရအတွက် ပြည်သူတွေက စိုးရိမ်ကြတယ်။

မတ်လ ၂၇ ရက်က ကာချုပ်ပြောတဲ့ မိန့်ခွန်းထဲမှာ “ရွေးချယ်ခံ အစိုးရ”လို့ သုံးနှုန်းသွားတာကို ပြည်သူတွေက အောင့်သက် သက်နဲ့ ဒေါသထွက်နေကြတာပါ။ ကာချုပ်က ဒီလိုသုံးစွဲတာဟာ “ရွေးချယ်ခံ” အစိုးရအထက်မှာ ဒို့ “စစ်အုပ်စု (ဝါ) စစ်အစိုးရ” ထာဝရရှိ နေတယ်ဆိုတဲ့ ဖုံးကွယ်ထားတဲ့အချက်ကို ပြည်သူတွေက သိမြင်သဘောပေါက်နေကြလို့ ဒီချုပ်ပါတီအစိုးရဘက်ကနေ စိုးရိမ်ဒေါသထွက် ကြတာပါ။ အစိုးရဆိုတာ သက်ဆိုင်ရာမဲဆန္ဒနယ်တွေမှာ ပြည်သူလူထုဆန္ဒမဲနဲ့  ရွေးချယ်တင်မြှောက်ထားသူတွေနဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါ တယ်။ ပြီးတော့ ဒီလို ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရအထက်မှာ ဘယ်သူမရှိစေရဘူး။

ဒီတော့ ဒီအခါလည်တစ်နှစ်တာကာလအတွင်းမှာ ဒီချုပ်အစိုးရချမှတ်ထားတဲ့မူဝါ ၄ ရပ်အတွက် အစိုးရဘက်က စနစ် ပြောင်းလဲရေးမှာ ဘယ်လို ဦဆောင်မှုတွေပေးနေပါသလဲ။ ပြည်သူလူထုနေ့စဉ်ဘဝမှာ သွားလာနေထိုင်စရိတ်နဲ့ ကုန်ဈေးနှုန်းတွေ နှိုင်း ယှဉ်ချက်အရ ကျဆင်းသွားသလား သို့တည်းမဟုတ် ပြည်သူလူထု လုပ်ခလစာဝင်ငွေတွေ နှိုင်းယှဉ်ချက်အရ တိုးတက်လာသလား စသဖြင့် ဖော်ပြသင့်တာပါ။ ဒီလိုပြောတဲ့အခါမှာလည်း နှစ်ပေါင်း ၅၀ အခြေကျနေတဲ့၊ အခုထိလည်း ဗျူရိုကရက်ဟောင်းတွေဆက်လက် ချုပ်ကိုင်ထားတဲ့ ယန္တရားကြီးနဲ့ခုတ်မောင်းနေရတာပါ။ စိတ်သွားတိုင်းကိုယ် မပါနိုင်ဘူး။ ခုရေတွင်းတူး ခု ရေကြည်သောက်လို့မရနိုင်ဘူး ဆိုတဲ့စကားတွေနဲ့ ပြန်ပက်ကြတာပဲ မဟုတ်လား။

တိုးတက်မှုတွေကို နိုင်ငံခြားဧည့်သည်တွေပြောတဲ့စကားနဲ့ တိုင်းတာပြတာလည်းမဖြစ်သင့်ပါဘူး။ ဧည့်သည်တို့၊ သံတမန်တို့ သဘာဝဆိုတာ အိမ်ရှင်ကျေနပ်အောင် သိပ်ပြောတတ်ကြတဲ့လူစားတွေမဟုတ်လား။ ငြိမ်းချမ်းရေးစင်တာအတွက် “ကျပ် ၁၄ ဘီလီယံ ”  ရတယ်ဆိုတဲ့ အလှူငွေထက် ဒီချုပ်ပါတီ အစိုးရရဲ့ငြိမ်းချမ်းရေးပေါ်လစီ တိတိကျကျကို သိလိုကြတာပါ။ (NCA) ဘောင်အတွင်း ဇွတ်အတင်းသွတ်သွင်းနေတာမျိုးတော့ မဖြစ်သင့်ပါဘူး။

 အခုလည်း (UNFC) အဖွဲ့ဝင် ငါးဖွဲ့ (NCA) လက်မှတ်ထိုးမယ်ဆိုတဲ့ “ဖြည့်စွက် သတင်းစကား” က ပြောစရာ ဆိုစရာဖြစ်နေပါ တယ်။ ပြောခွင့်ရ ဗိုလ်ဇော်ဋ္ဌေး (RFA) ကိုပေးတဲ့ ဖြေရှင်းချက်က “မသီတာထွေးကိစ္စ” မှာ တုန်းကလိုပဲ တမင်ယုတ်မာတဲ့ ဗိုလ်ဇော်ဋ္ဌေး ရဲ့ သန္ဓေပါအမူအကျင့်ကို ထပ်မံဖော်ပြလိုက်တာပါပဲ။

ပြည်သူတွေကတော့ သူတို့ရွေးချယ်ထားတဲ့ အစိုးရအပေါ် စာနာမှုနဲ့ နားလည်မှုပေးမှာပါ။ ဝေဖန်စရာရှိရင်လည်း ဝေဖန်ကြ မှာပါ။ ဝန်းရံမှုဆိုတာ ထိရောက်တဲ့ ဝေဖန်ဆန်းစစ်မှုနဲ့ယှဉ်တဲ့ ဝန်းရံမှုမျိုးကိုခေါ်တာပါ။ ဝေလေလေ ဝန်းရံမှုမျိုးဘယ်လိုမှ မဖြစ်သင့်ပါဘူး။ အခုတွေ့နေရတာတော့ ဝေလေလေဝန်းရံမှုတွေပဲဖြစ်ပါတယ်။

မေတ္တာထားတယ်/သစ္စာစောင့်တယ်ဆိုတာ ပြည်သူတွေနဲ့ တိုင်းပြည်အပေါ်မှာပဲဖြစ်သင့်တာပါ။ ပြည်သူတွေနဲ့ တိုင်းပြည် အပေါ်နှစ်ပေါင်းများစွာ ဖိနှိပ်အကြမ်းဖက်၊ကောက်ကျစ်ယုတ်မာခဲ့ကြသူလူပုဂ္ဂိုလ်တွေ၊ အုပ်စုတွေအပေါ်တော့ မေတ္တာမထားသင့်ပါဘူး။ နိုင်ငံရေးကိစ္စတွေမှာ ဘာသာရေးစကားလုံးတွေ သုံးစွဲနေတာကို ဆင်ခြင်ဖို့ သင့်ပါတယ်။

ဒီလိုအပြုအမူဟာ ဒီမိုကရေစီသမားတွေရဲ့ တိုင်ပင်မထားဘဲ တူညီနေတဲ့ဖက်ရှင်ပဲလားတော့မသိပါဘူး။ ဦးနုလည်း ဒီလိုပဲသုံး ခဲ့တာပါပဲ။ နောက်တော့ ထိုင်းနယ်စပ်သွားပြီး “လက်နက်ကိုင်တော်လှန်ရေး” ကို ခေါင်းဆောင်တယ်။  စပါးကောင်းကောင်းသန်စွမ်းဖို့ များများထွက်ဖို့ ပေါင်းပင်တွေနဲ့ ပိုးမွှားတွေအပေါ် မေတ္တာထားနေလို့မဖြစ်နိုင်သလိုပါပဲ။ နိုင်ငံရေးမှာလည်း မကောင်းတဲ့ (လူ+မူ+စနစ်) ပြတ်ပြတ်သားသားဖယ်ရှင်းပစ်ဖို့ လိုပါတယ်။ မကောင်းတဲ့ (လူ+မူ+စနစ်) ကို မဖက်တွယ်တော့ပါဘူး။ ကွာရှင်းပြတ်စဲပြီးပါကြောင်း တိတိလင်းလင်းကြေညာထုတ်ဖော်သူတွေကိုတော့ မေတ္တာထားကြိုဆိုရမှာပါ။

အတိုင်ပင်ခံပုဂ္ဂိလ်ပြောခဲ့တဲ့အောက်ပါစကားနဲ့ပဲ နိဂုံးချုပ်ပါရစေ ....

“လုပ်သင့်လုပ်ထိုက်တာကို မလုပ်ရဲလို့ရှိရင် နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်ရေးကို တာဝန်မယူသင့်ပါဘူး ” တဲ့။

လုပ်သင့်လုပ်ထိုက်တာတွေကို တန်းစီလိုက်ရင် နံပတ်တစ်က “၂၀၀၈ အခြေခံဥပဒေ” ကို ကိုင်တွယ်ဖို့ပါပဲ။ ဒီချုပ်အစိုးရက ဒီကိစ္စကို နောက်ဆုံးပို့ထားတယ်။ ပထမတနှစ်တာတော့ လွန်မြောက်ခဲ့ပြီ။ နောက်နှစ်တွေမှာလည်း အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သော လမ်းမှာ “စစ်အုပ်စုနဲ့ ၂၀၀၈ အခြေခံဥပဒေ” က မနားမနေ ဖန်တီးကြအုံးမယ့် အတားအဆီးတွေ၊ အနှောင်အယှက်တွေ၊ ကမောက်ကမှု တွေကြုံရဦးမှာပါ။

ဆက်ရေးပါအုံးမယ်။

ညွန်း
(၃၁-၃-၂၀၁၇) မြန်မာ့အလင်းသတင်းစာ - အတိုင်ပင်ခံပုဂ္ဂိုလ်၏ အစိုးရတာဝန်ယူမှုတစ်နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်း
 photo credit : AP