ဝင်းမြင့် ● မေ့နေသော မေ့ဆေးသမားရဲ့ အိပ်မက်အကျန်များ

 ဝင်းမြင့် ● မေ့နေသော မေ့ဆေးသမားရဲ့ အိပ်မက်အကျန်များ
(မိုးမခ) ဧပြီ ၅၊ ၂၀၁၇

သူဋ္ဌေးတို့ရပ်ကွက်မှာ
မျှော်လင့်ချက်တစုံတခုများ
ကောက်ရလိုက်လေမလားလို့
ဦးခေါင်းငိုက်စိုက်
လမ်းလျှောက်လာပုံနဲ့တူပါတယ်။

လူ့ကျင့်ဝတ်သိက္ခာဆိုသည်လည်း
အပူလွန်လာတဲ့အခါ
ဝါယာရှော့ရသလို ညှော်နံ့ထွက်လာတယ်။

ဆိုးဝါးတဲ့ နိမိတ်ပုံဆိုရင်လည်း
လေချွန်နေလိုက်ပါကွယ်။

သာယာလိုက်တဲ့ညနေခင်း
ချိန်ခွင်လျှာဇောက်ထိုးဆွဲ ထိုးကျသွားသလို
နေလုံးဟာ
အမှောင်ဘက်ကို ဆွဲချလို့။

လမ်းမပေါ်မှာ
ပြားကပ်နေတဲ့အရိပ်တခုကတော့
ကျွတ်ကျွတ်အိတ်ကို
ဝါးနေတယ် ။  ။

ဝင်းမြင့်
၂၂-၁၁-၂၀၁၆


(မိုးမခမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၂၊ ၂၀၁၇ ဖေဖော်ဝါရီလထုတ် ဖော်ပြခဲ့သည့်ကဗျာဖြစ်သည်)