![]() |
နရီမင်း ● ယဲ့ဗ်တူရှင်ကိုက တော်လှန်ရေး
ကဗျာဆရာလား .... ဝါဒဖြန့်ချိရေးသမားလား ....
(မိုးမခ) ဧပြီ ၃၊ ၂၀၁၇
|
ဆိုဗီယက် ရုရှားကဗျာဆရာ ယဲ့ဗ်ဂျန်နီ
ယဲ့ဗ်တူရှင်ကိုဟာ ဧပြီ ၁ ရက် အသက် ၈၄ နှစ်အရွယ်မှာ ကွယ်လွန် သွားပါပြီ။
စတာလင်
ဝါဒခေတ်လွန် ပျော့ပျောင်းလာတဲ့ကာလမှာ သူဟာ ရှေးရိုးစွဲဝါဒမဟုတ်တဲ့အတွက် ပြည်တွင်းမှာ ပါမက ပြည်ပမှာပါ လေးစားဂုဏ်ပြုခံရတဲ့ကဗျာဆရာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့
ဆိုဗီယက်အစိုးရရဲ့ ၀ါဒဖြန့်ချိရေး ထောက်တိုင်ဖြစ်လာတာမို့ လူတော်တော်များများကို
တုန်လှုပ်စေခဲ့ပါတယ်။
ယဲ့ဗ်တူရှင်ကိုရဲ့ကဗျာတွေကို ၁၉၆၀
ပြည့်လွန်နှစ်တွေကတည်းက မောင်သာနိုးဘာသာပြန်ပြီး ရှင်းလင်းတဲ့ “ထင်းရူးပင်ရိပ်”
စာအုပ်မှာထည့်သွင်းခဲ့တာမို့ မြန်မာနိုင်ငံမှာတောင်လူကြိုက်များတဲ့
ကဗျာဆရာတဦး ဖြစ်ခဲ့ ပါတယ်။ ထူးအိမ်သင်ရဲ့နာမည်ကြီးတဲ့ “အမေ့ရဲ့ဒုက္ခအိုးလေး” သီချင်းစာသားတွေမှာတောင် ယဲ့ဗ်တူရှင်ကို ရဲ့ကဗျာစာသားထဲက အရိပ်တွေ လွှမ်းနေတာ တွေ့ရပါတယ်။
မြသန်းတင့်က မောင်သစ်တည်ဆိုတဲ့ကလောင်နာမည်နဲ့ ယဲ့ဗ်တူရှင်ကိုရဲ့ နာမည်ကြီးလှတဲ့ဇာတ်ကြောင်း ပြော ကဗျာရှည် “ဇီမာလမ်းဆုံ” (၁၉၅၆) ကို တပုဒ်လုံး
ဘာသာပြန်ပေးခဲ့တာမို့ ယဲ့ဗ်တူရှင်ကိုဟာ မြန်မာစာ ဖတ်ပရိသတ်တွေနဲ့
ပိုပြီးရင်းနှီးလာခဲ့ပါတယ်။
၁၉၈၈ အရေးတော်ပုံမတိုင်မီက ယဲ့ဗ်တူရှင်ကိုဟာ
မြန်မာနိုင်ငံကို လူကိုယ်တိုင် လာရောက်ဖူးသူလည်း ဖြစ် ပါတယ်။ အဲဒီတုန်းက ရုရှားသံရုံးမှာလုပ်တဲ့ပွဲကို မောင်သာနိုးတို့၊ မောင်သော်က တို့လို စာရေးဆရာကြီး တွေတက်ရောက်ခဲ့ပြီး မောင်သော်က,
ကယဲ့ဗ်တူရှင်ကိုရဲ့ “ရုရှားများစစ်ကို
လိုလားပါသလား” ဆိုတဲ့ ကဗျာ ကို ဘာသာပြန်ရွတ်ဆိုပြခဲ့တာမို့ ယဲ့ဗ်တူရှင်ကိုက သူ့ကို
ဖက်နမ်းသွားတယ်လို့ ဆိုပါတယ်။
ယဲ့ဗ်တူရှင်ကိုရဲ့နာမည်ကြီးလှတဲ့
ဇာတ်ကြောင်းပြောကဗျာရှည်တွေဖြစ်တဲ့ Zima
Junction (1956) နဲ့ Babi Yar (1961) တို့ နှစ်ပုဒ်စလုံးဟာ
သူအသက် ၃၀ မပြည့်မီက ထုတ်ဝေခဲ့တဲ့ကဗျာတွေဖြစ်ပြီး စတာလင်ကို ဆက်ခံတဲ့
နီကီတာခရူးရှက်ဗ်က ကာလတိုလေးအဖြစ် ယာယီခွင့်ပြုခဲ့တဲ့အနုပညာဆိုင်ရာပွင့်လင်းမှု ကာ လအတွင်း နည်းနည်းပေါ်ပေါ်ထင်ထင်ဖြစ်လာတဲ့ ဆိုဗီယက်လစ်ဘရယ်ဝါဒီတွေကြားမှာ
သူ့ကိုသူရဲကောင်း ဖြစ်လာစေခဲ့ပါတယ်။
ယဲ့ဗ်တူရှင်ကိုဟာ အနုပညာဆိုင်ရာ လွတ်လပ်ခွင့်ပိုပေးဖို့ တောင်းဆိုမှုတွေနဲ့အတူ စတာလင်ဝါဒနဲ့ ဆိုဗီ ယက် ဗျူရိုကရေစီစနစ်ကို ထိုးနှက်တိုက်ခိုက်ခဲ့ပြီး သူရဲ့ “စတာလင်ကို ဆက်ခံကြသူများ” (၁၉၆၂)
ကဗျာ မှာ အထွတ်အထိပ်ကို ရောက်လာပါတယ်။ ဒါပေမဲ့ ကွန်မြူနစ်ပါတီက မသိမသာနားလည်မှုနဲ့ ခွင့်ပြုခဲ့ပြီး
သူ ဟာ ပြည်ပမှာ နေရာအနှံ့ ခရီးသွားလာဖို့တောင် ခွင့်ပြုခံရပါတယ်။ ယဲ့ဗ်တူရှင်ကိုဟာ
ကမ္ဘာအနှံ့လျှောက် သွားပြီး သူ့ကိုအလွန်ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေရှေ့မှောက်မှာ
ကဗျာရွတ်ခွင့်ရခဲ့ပါတယ်။
သူ့ရဲ့ကလေးဆန်တဲ့ မျက်နှာအသွင်အပြင်ရယ်၊ အတိတ်ရဲ့ဝန်ထုပ်ဝန်ပိုးတွေကို ဆန့်ကျင်တော်လှန်မယ်ဆို တဲ့ မက်ဆေ့ခ်ျတွေရယ်နဲ့အတူ ယဲ့ဗ်တူရှင်ကိုဟာ ဆယ်စုနှစ်ချီကြာအောင် ကြီးမားတဲ့ပုံရိပ်တခု ဖြစ်ခဲ့ပါ တယ်။
သူ့ရဲ့လက်ရာတွေကို ဘာသာစကားပေါင်း
များစွာနဲ့ ဘာသာပြန်ဆိုကြပြီး ကမ္ဘာတလွှားမှာ သူ့စာအုပ်တွေ သန်းပေါင်းများစွာ
ရောင်းချခဲ့ရပါတယ်။
သူ့ရဲ့အယူအဆကိုဖော်ပြတဲ့
သူ့စာကြောင်းတွေထဲကတကြောင်းကတော့ “ရုရှားက ကဗျာဆရာတယောက် ကဗျာဆရာတယောက်အဖြစ်ထက်ပိုပါတယ်” ဆိုတာပါပဲ။ ကဗျာဆရာဟာ ခေတ်တခေတ်ကို ကိုယ်စားပြု လို့
နိုင်ငံတော်ရဲ့စိတ်ကူးကိုဖော်ပြပြီး မျှော်လင့်ချက်တွေကို သယ်ဆောင်ပေးတယ်လို့
ဆိုပါ တယ်။
ဒါပေမဲ့ ၁၉၆၃ ခုနှစ်အတွင်း ခရူးရှက်ဗ်ဖယ်ရှားခံလိုက်ရပြီးတဲ့နောက်မှာတော့ ယဲ့ဗ်တူရှင်ကိုရဲ့အတိုက်အခံ စိတ်ဓာတ်မီးတောက်က မှေးမှိန်သွားပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေအရောက်မှာတော့
ယဲ့ဗ်တူရှင်ကို ဟာ ဆိုဗီယက်ရှေးရိုးဝါဒထံ ကိုယ့်ကိုယ်ကိုယ် ရောင်းစားလိုက်တယ်လို့
အမြဲတမ်းလိုလို စွပ်စွဲဝေဖန်ခံနေ ရပါတော့တယ်။
ယဲ့ဗ်တူရှင်ကိုကို ၁၉၃၃ ခုနှစ်မှာ အီရာကုစ်မြို့အနီးက
ဇီမာမြို့ကလေးမှာ မွေးခဲ့ပါတယ်။ ယူကရိန်းက ထွက်ခွာလာတဲ့ အဆက်အနွှယ်တွေရဲ့စတုတ္ထမြောက် မျိုးဆက်ပါ။
သူဟာ ၁၉၄၄ ခုနှစ်မှာ မော်စကို,ကို ပြောင်းလာခဲ့ပြီး ၁၉၄၉ - ၅၀ ခုနှစ်အတွင်း
သူ့အဖေနဲ့အတူ ကာဇက် စတန်နဲ့ အယ်တိုင်းဒေသတွေကို ပထ၀ီရေမြေလေ့လာရေးအဖြစ် လျှောက်သွားနေခဲ့ပါတယ်။
သူဟာ ၁၉၅၁ ခုနှစ်ကနေ၁၉၅၄ ခုနှစ်အထိ မော်စကိုမြို့က
ဂေါ်ကီတက္ကသိုလ်မှာ စာပေဘာသာကို သင်ယူ ခဲ့ပါတယ်။ အဲဒီမှာသူဟာ ကဗျာတွေစပြီးရေးသားလာရာမှာ တော်လှန်ကဗျာဆရာ ဗလာဒီမာမာယာ ကော့ဗ် စကီးရဲ့သြဇာတွေ သိသိသာသာ
ပါဝင်နေခဲ့ပါတယ်။
သူရဲ့ Babi
Yar ကဗျာရှည်မှာ ၁၉၄၁ ခုနှစ် စက်တင်ဘာလအတွင်းက ကိဗ်မြို့အပြင်ဘက် လျှိုမြောင်တခု အတွင်းမှာ
ယူကရိန်းက ဂျူးတွေ အစုလိုက်အပြုံလိုက်အသတ်ခံရတဲ့အကြောင်း စိတ်ခံစားမှုပြင်းပြင်းနဲ့ ရေးထားပါတယ်။ သူဟာ ဂျာမန်တွေကိုသာမက ဆိုဗီယက်ရဲ့ဂျူးဆန့်ကျင်ရေး
သဘောထားကိုပါ ပြစ်တင် ရှုတ်ချခဲ့ပါတယ်။ အဲဒီကဗျာကြောင့် ယဲ့ဗ်တူရှင်ကို,ကို ကမ္ဘာတလွှားက ပရိသတ်တွေ သိလာကြတာပါ။
ယဲ့ဗ်တူရှင်ကိုဟာ
ဆိုဗီယက်ယူနီယံတလွှားလျှောက်သွားပြီး ကဗျာတွေရွတ်တယ်။ များသောအားဖြင့်
သူ ကဗျာရွတ်တာဟာ ဘောလုံးကွင်းတွေထဲမှာ ဖြစ်တတ်ပြီး လူတွေပြည့်နှက်နေတတ်ပါတယ်။
သူ့ကဗျာစကား လုံးတွေကို ၁၃ ခုမြောက် ဆင်ဖိုနီဆိုတဲ့
တေးဂီတရဲ့တစိတ်တပိုင်းအဖြစ် ဒီမီထရီရှိုစတာကိုဗစ်ခ်ျက ဂီတနဲ့ တွဲဖက်ခဲ့ပါသေးတယ်။
စတာလင်လက်သစ်ဝါဒီ အစိုးရဖြစ်တဲ့
လီယိုနစ်ဘရက်ဇညက် လက်အောက်မှာ ယဲ့ဗ်တူရှင်ကိုဟာ ပွင့်ပွင့် လင်းလင်းပြောဆိုမှုတွေ
ဆက်လုပ်ပါသေးတယ်။ အထင်အရှားဆုံးက ရန်သူပတ်လည်ဝိုင်းနေတဲ့ အတိုက် အခံစာရေးဆရာ အလက်ဇန်းဒါးဆိုချင်နစ်ဇင်ကို
အကာအကွယ်ပေးခဲ့တာပါပဲ။ ဒါပေမဲ့ သူရဲ့ပွင့်ပွင့်လင်း လင်း ပြောဆိုမှုက တဖြည်းဖြည်း
အကြိမ်နည်းပါးကျဲပါးလို့ သွားပါတော့တယ်။
သူ့ကိုလေးစားခဲ့တဲ့သူတွေ
တုန်လှုပ်မိလာတာကတော့ ယဲ့ဗ်တူရှင်ကိုဟာ တဖြည်းဖြည်းနဲ့ ဆိုဗီယက်
ရှေးရိုး စွဲဝါဒနဲ့အညီ ဖြစ်လာတာပါပဲ။ သူဟာ ရေအားလျှပ်စစ်ထုတ်တဲ့ ဆည်တွေနဲ့
ကုန်တင်ကားစက်ရုံတွေ ကို ချီးမွမ်းခန်းဖွင့်တဲ့သီချင်းတွေဆိုတယ်။ အဲဒီ ကဗျာတွေမှာ
သူ့ရဲ့အဆင့်က ကာရန်နဲ့သီထားတဲ့ အစီရင်ခံစာ အဆင့်အထိ လျှောကျလို့ သွားပါတော့တယ်။
ဒါ့အပြင် ဆိုဗီယက်ဝါဒဖြန့်ချိရေးကို ဆန့်ကျင်ခဲ့တဲ့အတွက် ၁၉၆၀ ပြည့်လွန်နှစ်တွေအတွင်း ထောင်ထဲထည့် ခံထားရတဲ့
အတိုက်အခံစာရေးဆရာတွေဖြစ်တဲ့ ယူလီဒင်နီယယ်နဲ့အင်ဒရေစင်ယက်စကီးတို့ကိုလည်း ယဲ့ဗ် တူရှင်ကိုက
ဝေဖန်ခဲ့ပါသေးတယ်။
ယဲ့ဗ်တူရှင်ကိုဟာ မော်စကိုယဉ်ကျေးမှု အီလစ်အသိုင်းအ၀ိုင်းမှာ
အခွင့်ထူးခံတဦးအဖြစ် ဆက်ရပ်တည်နေ တုန်းမှာပဲ သူ့ရင်ထဲကသူပုန်စိတ်က
တခါတလေမှာတော့ လျစ်ခနဲထွက်လာတာမျိုးတွေတော့ ရှိတတ်ပါ တယ်။ အတိုက်အခံလုပ်တဲ့သဘောတွေ ထွက်လာတတ်ပါတယ်။ သူ့ရဲ့ဖန်တီးနိုင်တဲ့အရည်အသွေးက လည်း အမျိုးအစား
ခွဲထွက်စပြုလာပါတယ်။
သူဟာ ဓာတ်ပုံရိုက်ကူးခြင်းနဲ့သရုပ်ဆောင်ခြင်းတွေကိုလုပ်လာပါတယ်။ ဒုံးပျံ ရှေ့ပြေးပုဂ္ဂိုလ်ဖြစ်တဲ့
ကွန် စတန်တင်စီယို ကော့ဗ်စကီးအကြောင်းရိုက်ကူးတဲ့
Ascent (၁၉၇၈) ရုပ်ရှင်ကားထဲမှာ ပါဝင်သရုပ်ဆောင် ခဲ့ပါတယ်။
သူ့ရဲ့ကိုယ်ပိုင်အတိတ်ကာလအကြောင်း
အများကြီးယူထားတဲ့ Wild Berries ဆိုတဲ့ဝတ္ထုရှည်တပုဒ်နဲ့
ပြဇာတ်တပုဒ်ကိုရေးခဲ့ပြီး ရုပ်ရှင်နှစ်ကား ရိုက်ကူးခဲ့ပါတယ်။ အဲဒီထဲမှာ Kindergarten
ဆိုတဲ့ ကားက ထင် ရှားပါတယ်။
၁၉၈၃ ခုနှစ် ပြင်သစ်မီဒီယာတစ်ခုနဲ့
ပြုလုပ်တဲ့ အင်တာဗျူးမှာ ယဲ့ဗ်တူရှင်ကိုက ဘရက်ဇညက်အစိုးရ လက် အောက်မှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ပြောခဲ့တဲ့အထိ ဆိုးရွားလွန်းခဲ့ပါတယ်။
မစ်ခေးဂေါ်ဘာချက်ရဲ့ပယ်ရီစထရိုင်ကာဆိုတဲ့ သဘောထားပွင့်လန်းလာမှုက ယဲ့ဗ်တူရှင်ကို, ကို သူပစ်မှတ် ထားခဲ့ဖူးတဲ့ အရာအတွေအပေါ်
ပြန်လည်ဝေဖန်ဖို့ ခွင့်ပြုခဲ့ပါတယ်။ အထူးသဖြင့် အတိတ်ကာလ စတာလင် ခေတ်လွန်က
ပစ်မှတ်တွေပဲပေါ့။
ဒါပေမဲ့ ယဲ့ဗ်တူရှင်ကိုဟာ
အာဏာပိုင်တွေခွင့်ပြုတဲ့ နယ်နိမိတ်အတွင်းမှာပဲ ဆက်လက်နေထိုင်ခဲ့ပါတယ်။
ကွန်မြူနစ်ပါတီကို တိုက်ရိုက်ဝေဖန်တာမျိုးကို သိသိသာသာ ရှောင်ရှားခဲ့ပါတယ်။
သူကိုယ်တိုင်က ကဗျာတပုဒ်ထဲမှာ “လူတွေက ကျွန်တော့်ကို ပြောတယ်၊ ခင်ဗျားက
သတ္တိရှိသူလို့။ မမှန်ပါ ဘူး။ ကျွန်တော်ဟာ ဘယ်တုန်းကမှ သတ္တိမရှိခဲ့ပါဘူး။ ကျွန်တော့်
လုပ်ဖော်ကိုင်ဖက်တွေရဲ့ သတ္တိကြောင်မှု ဆီကို ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလိုက်တဲ့
ဂုဏ်သိက္ခာမရှိတဲ့အရာပဲလို့ ဒါကိုကျွန်တော် တွေးမိရုံပါ” လို့ သူ့ ကိုယ်သူ
ရေးထားပါတယ်။
ကွန်မြူနစ်ဝါဒ ပြိုလဲသွားပြီးတဲ့နောက်
ယဲ့ဗ်တူရှင်ကိုဟာ KGB ဌာနချုပ်နဲ့
မျက်နှာချင်းဆိုင်မှာ စတာလင် ၀ါဒ ရဲ့သားကောင်ဖြစ်ခဲ့ရသူတွေအတွက် အထိမ်းအမှတ်အဆောက်အအုံတရပ်ကို ထူထောင်ဖို့စည်းရုံး လှုပ်ရှား ရာမှာ ပါဝင်ကူညီခဲ့ပါတယ်။
ကွန်မြူနစ် ခေတ်လွန်ကမ္ဘာကြီးမှာ ယဲ့ဗ်တူရှင်ကိုဟာလည်း
တခြားဆိုဗီယက်ခေတ်က စာရေးဆရာများစွာ လိုပဲ အတားအဆီးမဲ့ ဈေးကွက်အင်အားစုလောကထဲခေတ်နဲ့အံမ၀င်တော့ပါဘူး။ ဒါပေမဲ့ သူကတော့ ကဗျာ ဆက်ရေးတာနဲ့ ကဗျာတွေစုစည်းထုတ်ဝေတာတွေ
လုပ်တုန်းပါပဲ။ သူကိုယ်တိုင်ရဲ့ လက်ရာပေါင်းချုပ်ကို တည်းဖြတ်ထုတ်ဝေတဲ့စာအုပ်နဲ့
၂၀ ရာစု ရုရှားကဗျာဆရာများဆိုတဲ့ စာအုပ်တွေက ထင်ရှားပါတယ်။
သူဟာ ၁၉၉၁ ခုနှစ် ဂေါ်ဘာချက်လက်
ထက်မအောင်မြင်တဲ့အာဏာသိမ်းမှုအကြောင်း Don’t
Die Before You’re Dead ဆိုတဲ့ ၀တ္ထုရှည်တပုဒ်ကိုလည်း
ရေးခဲ့ပါသေးတယ်။
ယဲ့ဗ်တူရှင်ကိုဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အမေရိကန်ကို ရွှေ့ပြောင်းသွားပြီး အိုကလာဟိုးမား ပြည် နယ်က
တယ်ဆာတက္ကသိုလ်မှာ ရုပ်ရှင်နဲ့ကဗျာအကြောင်း သင်ကြားပို့ချပေးမှု ပြုလုပ်ပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ အဲဒီတုန်းက
သမ္မတဖြစ်တဲ့ ဒီမီထရီမက်ဗီဒက်က ယဲ့ဗ်တူရှင်ကိုကို ကရင်မလင်မှာ ယဉ် ကျေးမှုဖွံ့ဖြိုးရေးဆိုင်ရာ
နိုင်ငံတော်ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါတယ်။ ယဲ့ဗ်တူရှင်ကိုဟာ ရုရှားကိုပြန်ပြန် သွားလေ့ရှိ ပြီး စာပေအခမ်းအနားတွေမှာ ရွတ်ဆိုမှုတွေလုပ်ပါတယ်။
နောက်ဆုံးအနေနဲ့ ၂၀၁၆ ခုနှစ် ရင်ပြင်နီမှာ လုပ်တဲ့ စာပေပွဲမှာ ပါဝင်ခဲ့ပါတယ်။
မကြာသေးမီနှစ်တွေအတွင်း
ယဲ့ဗ်တူရှင်ကိုဟာ ကျန်းမာရေးဆိုးရွားလာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ခြေထောက် တဖက်
ဖြတ်ခဲ့ရပါတယ်။
ယဲ့ဗ်တူရှင်ကိုဟာ လေးကြိမ်တိုင်တိုင်လက်ထပ်ခဲ့ပြီး သားငါးယောက်ရှိပါတယ်။ သူ့ပထမဆုံးဇနီး ဘယ်လာ အက်ခမာဒူလီနာဟာလည်း
ထင်ရှားတဲ့ ကဗျာဆရာမဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။
နရီမင်း