သာထက်အောင် ● အတုဝင်္ကပါထဲမှာ


သာထက်အောင် ● အတုဝင်္ကပါထဲမှာ
(မိုးမခ) ဧပြီ ၂၃၊ ၂၀၁၇

၁၉၉၃ ခု ဒီဇင်ဘာလထုတ် “ ချယ်ရီ” မဂ္ဂ္ဂဇင်းမှာ “နှမြောတသ” ဆိုတဲ့ ဝတ္ထုတိုလေးတပုဒ် ကျွန်တော် ရေးခဲ့ဖူးပါတယ်။ ဝတ္ထု ကြောင်းလေးက ကျွန်တော်တို့ လေထန်ကုန်းမှာဆုံတတ်ကြတဲ့ စာပေလောကသားတွေ အရက်အတုတွေ မှီဝဲနေရတဲ့ အ ကြောင်းလေးကို ဟာသနှောရေးထားပြီး အဆုံးမှာ ခါးပိုက်နှိုက်အစစ်မဟုတ်တဲ့ မရှိလို့၊ လွယ်လွယ်ရလို့ နှိုက်တတ်တဲ့ “ခါး ပိုက်နှိုက်အတု” ဆိုတာတောင် ရှိတဲ့အကြောင်းခေတ်ကို သရော်ထာတဲ့ ဝတ္ထုတိုလေးပါ။ သက္ကရာဇ်ကို တွက်စစ်ကြည့် တော့ ဝတ္ထုတိုလေးရဲ့ သက်တမ်းက ၂၄နှစ်ပြည့်ပါတော့တယ်။

ဆယ်စုနှစ်ပေါင်းများစွာ အရက်အတုနဲ့ နှစ်ပါးသွားခဲ့ရတဲ့ ကျွန်တော်တို့ မြန်မာတွေဘဝဟာ တွေးကြည့်ရင် တော်တော်ဝမ်းနည်းဖို့ကောင်းပါတယ်။ ရှာရခက်လှတဲ့ နွမ်းနွမ်းဖတ်ဖတ် ညစ်ညစ်ပတ်ပတ် ငွေစက္ကူလေး အချို့ရဖို့ နဖူးကချွေး ခြေမကျအောင် လှုပ်ရှားရုန်းကန်ခံရပြီး ရလာတဲ့အဿပြာလေးထဲက အချို့အဝက်ကို အပမ်းဖြေ အမောပြေတခွက်တဖလားချတော့ အတုနဲ့ အားရတဲ့ အဖြစ်ဟာ တကယ်တော့ ဆိုးဝါးလှပါတယ်။ ဟိုတုန်းကတော့ ဘီအီထဲ တောအရက်ရောတဲ့ ဘီအီးအတု၊ နောက် ရမ်အတု၊ ဒီဘက်ခေတ်ရောက်လာတော့ တတ်နိုင်သူများက ပြည်တွင်းဖြစ်အရက်ကို အယုံအကြည်မရှိကြတော့ စကော့ ဝစကီမှီဝဲလာကြပြီး အတင့်အသင့်ရှိတဲ့ လူတွေကလည်း ပြည်တွင်းဖြစ်ကိုရှောင်… အနိမ့်ဆုံး ဂျော်နီလမ်းလျှောက် အနီ အနက်လောက်မှ အရက်လို့ထင်တဲ့ခေတ်ကိုရောက်လာပါတယ်။

ဈေးကြီးအရက်ကို အင်ထုရတာ သူ့အတွက် ပိုတွက်ခြေကိုက်လေတော့ စီးပွားရေးသမား ဘနဖူးသိုက်တူးခဲ့သူတွေ ရမ် လောက်ကိုမတုကြတော့ပဲ ချီးဗားစ်၊ ဘလက်လေဘယ်တို့ တုရတာပိုအကျိုးအမြတ်များလေတော့ ရွှေပြည်ကြီးမှာ ငွေယား လေးရှိလို့ ချီဗားစ်သောက်တယ်။ ဘလက်သောက်တယ်ဆိုရင်တော့ ဘုရားသ တပေတော့၊ ရွှေပြည်ကြီးမှာ အတု ၂ ခါ မိခဲ့ဖူးပါတယ်။

ဒီနှစ် နှစ်ဆန်းပိုင်းက ရွှေပြည်ကြီးကို အလည်ပြန်သွားတဲ့ တူမတစ်ယောက်က ရန်ကုန်ပြန်လက်ဆောင်အဖြစ် ဘလက်လေ ဘယ် လီတာပုလင်းတလုံး လက်ဆောင်ပေးပါတယ်။ ညည်း ဘယ်ကဝယ်ခဲ့တာလဲလို့လဲ မမေးမိပါဘူး။ မေ့မေ့ပျောက်ပျောက်နဲ့ တစ်လောလေးက သတိရလို့ ဖောက်သောက်ကြည့်တော့ “အတု” ဆိုတာကြီးနဲ့ တည့်တည့်တိုးပါလေရော။ ဒါနဲ့ တူမဖြစ်သူ ကို နင် အရက်ပုလင်း ဘယ်ကဝယ်ခဲ့တာလည်းမေးတော့ ရန်ကုန်ကတဲ့၊ မင်္ဂလာဆောင်ဧည့်ခံပွဲမှာပိုနေလို့ ဦးလေးအတွက် တလုံးယူလာပေးတာတဲ့၊ ဘာဖြစ်လို့တုန်းဆိုတော့ စိတ်မကောင်းဖြစ်မှာစိုးလို့ ဘာမှမဖြစ်ပါဘူးကွာဆိုပြီး ဖုံးချလိုက်ရပါတယ်။

ကျွန်တော်ဆိုလိုချင်တာက ဒီအရက်အတု ဆိုတာကြီးက အတုပေါင်းများစွာ ရှိတဲ့ ရွှေပြည်ကြီးမှာ သူဟာသက်တမ်းအရှည်ဆုံးနဲ့ လူကို ဒုက္ခအပေးဆုံးမို့ ဒါကို ကွယ်ပျောက်သွားအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ ဝိုင်းဝန်းစဉ်းစားဖို့လိုပါပြီ။ အရက်တုတွေ ကိုမှီဝဲရင်း အရွယ်မတိုင်ခင် ကိစ္စချောကုန်ကြလို့ “မအိုဆေး” လို့ အမည်တစ်မျိုးနဲ့ ထင်ရှားနေတဲ့ အရက်အတုကို အမျိုးသား ရေးပြဿနာအဖြစ် ရှုမြင်ပြီး ဥပဒေနဲ့စနစ်တကျ ကိုင်တွယ်ဖြေရှင်းဖို့လိုပါပြီ။

ဒါပေမယ့် စိတ်ပျက်ဖို့ကောင်းတာက ဒီကိစ္စကိုဖြေရှင်းဖို့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးဆိုတဲ့သူက အရက်ကို နိုင်ငံခြားကတင်သွင်းဖို့ဆိုတာက ဗုဒ္ဓဘာသာနိုင်ငံဖြစ်နေတော့ လုပ်ရကိုင်ရခက်တယ်လို့  ဖေ့ဘွတ်ထဲမှာ ဖတ် လိုက်ရပါတယ်။ သူ့စကားအသွားအလာအရဆိုရင် ဗုဒ္ဓဘာသာနိုင်ငံဖြစ်နေတဲ့အတွက် အရက်စစ် အရက်မှန်ကို နိုင်ငံခြားက မတင်သွင်းပဲ အရက်အတုကို အစစ်ဈေးပေးသောက်ပြီး မရဏစခန်းမြန်းကြပေရော့၊ ဘယ်သူသေသေငတေမာဖို့လောက် သိတဲ့ ဘနဖူးသိုက်တူးမယ့် အတုလုပ်ငန်းရှင်တွေ ကြီးပွားတာကို လက်ပိုက်ကြည့်နေကြရမယ့်ပုံပဲ။

ပြဿနာက အတွေးအခေါ်ပြဿနာပါ။ အယောင်ဆောင်ဗုဒ္ဓဘာသာတွေ အတော်များများရှိတဲ့ ရွှေပြည်ကြီးမှာ ကိစ္စတခုကို ရှုမြင်သုံးသပ်ကြရာမှာ လူအထင်ကြီးခံချင်တဲ့အတ္တကြောင့် လက်တွေ့ကျသလား မကျသလားမစဉ်းစားအားတော့ပဲ ကိုယ့် ကိုယ်ကိုယ် သူတော်စင်ကြီး၊ ဘာသာရေးကိုင်းရှိုင်းသူကြီးအဖြစ် မြင်အောင် ထင်အောင် ကြိုးစားတတ်ကြပါတယ်။ လော ကီနဲ့ ဘာသာရေး ရောထွေးဆဲပါ။

ဘုရားလက်ထက်ကတည်းက ရှိခဲ့တဲ့ ဒီသူရာယဉ်ကျေးမှုဟာ နှစ်ပရိစ္ဆေ ဒကြာညောင်းလှပါပြီ။ မေ့လျော့ခြင်းလိုဖြစ်စေတဲ့အရက်ကို ငါးပါးသီလထဲမှာထည့်ပြီး တားမြစ်ခဲ့တာ အရက်ရဲ့ဆိုးကျိုးကိုသိလို့ ဘုရားက တားတာပါ၊ ဒါ ဘာမှ အငြင်းပွားစ ရာမရှိပါဘူး။ ဒါပေမယ့် ဘုရားလက်ထက်တော်ကစလို့ ခုထိ အရက်ယဉ်ကျေးမှုချုပ်ငြိမ်းသွားပလား၊ ဆထက်ထမ်း ပိုးတိုး လို့တောင် သောက်လာကြပါသေးတယ်။ ကမ္ဘာကြီးတခုလုံး ပုလင်းဖွင့်သံ ဖန်ခွက်ချင်းခတ်သံတွေ မကြားချင်မှ အဆုံးပါ။ ခုဆို အမျိုးသမီးတွေတောင် အရက်ရေစီးကြောင်းထဲ အတော်များများ မျောပါလာကြတာကို တွေ့နေရပါတယ်။

အခုလို ကမ္ဘာနဲ့အဝှမ်း ရွှေပြည်ကြီးအပါအဝင် အရက်ကိုပျော်ပျော်ကြီး သောက်နေကြတဲ့အချိန်မှာ ဘာသာရေးဆရာတွေ ဆေးပညာရှင်တွေ လူမှုရေးပညာရှင်တွေ ရေးသားဟောပြောနေရင်းနဲ့ပဲ အရက်ရဲ့သောက်သုံးမှုဟာ ကြောက်ခမန်းလိလိ တိုးပွားနေပါတယ်။ ဒီအထဲမှာမှ ကျွန်တော်တို့ရွှေပြည်ကြီးက တာဝန်ရှိသူတွေက ပြည်သူတွေ အရက်တုရဲ့ဒဏ်က ကင်း လွတ်အောင်၊ အရက်အစစ်ကို သောက်သုံးနိုင်အောင် ဘယ်လိုကြံဆဆောင်ရွက်မလဲဆိုတာ မစဉ်းစားပဲ တခါလာလဲ ဗုဒ္ဓ ဘာသာ နိုင်ငံဆိုတာကြီးနဲ့ ကွေ့ပတ်ရှောင်ရှားနေတာတော့ စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒီကြားထဲ  အရက်ဆိုတာ ဘုရား လည်း မကြိုက်ပါဘူးလို့ ပြောပါသေးတယ်။ အရက်ဆိုတာ ဘုရားလည်း မကြိုက်ဘူး၊ မယားလည်း မကြိုက်ဘူး၊ ဘယ်မိဘ ကမှလည်း သားသမီးကို အရက်သောက်သင်မပေးဘူး၊ ဘယ်ဘာသာရေးကမှလည်း အရက်သောက်တာကောင်းတယ်လို့ မညွှန်ကြား မဟောပြောခဲ့ဘူး။ ဒါပေမယ့် လက်တွေ့ဘဝမှာတော့ အရက်ဟာ လူမှုကိစ္စ နေရာအတော်များများမှာ နေရာယူ နေတယ်။ အရက်တွင်ကျယ်မှုဟာ ကမ္ဘာ့ကျန်းမာရေးကိုတောင် ခြိမ်းခြောက်နေမှတော့ အရက်အတုသောက်ရတဲ့ မြန်မာ့ ကျန်းမာရေးကတော့ စဉ်းစားရဲစရာတောင်မရှိပါဘူး။

နှစ်ပေါင်းများစွာ ထွန်းကားလာခဲ့တဲ့ အရက်အတုစီးပွားရေးကို ပပျောက်အောင်၊ တိုင်းပြည်ရဲ့ အညွှန့်အဖူးလေးတွေ လူညွှန့် မတုန်းအောင်၊ အရွယ်မတိုင်ခင် လူလောကက စွန့်ခွာမသွားအောင် ဒီ “အရက်အတု” ကို ဥပဒေ နည်းဥပဒေတွေနဲ့ တိတိကျ ကျပြတ်ပြတ်သားသားအရေးမယူပဲ ဗုဒ္ဓဘာသာနိုင်ငံမို့ အရက်ကို နိုင်ငံခြားကမတင်သွင်းပဲ ပြည်တွင်းဖြစ် ဝိသမလောဘ သားတွေရဲ့ အရက်အတု (မအိုဆေး) နဲ့ပဲ စခန်းသွားကြမယ်ဆိုရင်ဖြင့် ... တိုင်းပြည်ရဲ့ အနာဂတ် တွေးသာကြည့်ကြပါတော့။

သူ့အသက်သတ်ခြင်းဆိုတဲ့ ပါဏာတိပါတကံကို ဗုဒ္ဓဘာသာဝင်တိုင်း ကျူးလွန်ရမှာ ကြောက်ပါတယ်။ ဒါပေမယ့် လက်တွေ့ ဘဝမှာတော့ ဘုန်းကြီး ရဟန်း သံဃာတော်တွေအပါအဝင် အသားငါးတွေ စားသုံးနေကြတာပါပဲ။ ငါးပါးသီလထဲမှာ ပြဌာန်းထားတဲ့ သူ့အသက်သတ်ခြင်းကို ဈေးထဲမှာ နေ့စဉ်ရောင်းဝယ်ဖောက်ကားနေတဲ့ အသားငါးများနဲ့ ရောထွေးစဉ်းစားမယ် ဆိုရင်တော့ ရှုပ်ထွေးကုန်ပါလိမ့်မယ်။ အရက်အတုကိစ္စမှာလည်း အရက်သောက်သုံးခြင်းလျော့ကျအောင် အရက်ရဲ့ဆိုးကျိုး အပြစ်တွေဖေါ်ထုတ်မှာက ဘာသာရေး ဆရာတွေ၊ ရဟန်းသံဃာတွေ၊ ဆေးပညာ လူမှုရေးပညာရှင်တွေ လုပ်ပါလိမ့်မယ်။  အဲ ... မလွှဲမရှောင်နိုင်တဲ့ ဒီအရက်သောက်သုံးခြင်းအမှုကို မရပ်တန့်နိုင်တော့ သူ့ဈေးသူ့ဟာနဲ့ အန္တရာယ်မရှိတဲ့ စစ်မှန်တဲ့ အရက်ကို ပြည် သူတွေသောက်သုံးနိုင်အောင် ကြိုးစားရမှာက အုပ်ချုပ်သူအစိုးရရဲ့ တာဝန်သာလျှင်ဖြစ်ပါတယ်။

ခုတော့ ရွှေပြည်ကြီးမှာက အရက်ဝယ်တဲ့အရွယ်၊ အရက်ရောင်းတဲ့အချိန်၊ အရက်အတု ... ဘာကိုမျှ စနစ်တကျ မကိုင် တွယ်တော့ တိုင်းပြည်ရဲ့ လူသားအရင်းအမြစ်တွေ ဆုံးရှုံးပါတယ်။ သြစတျေးလျမှာ အသက် ၁၈ နှစ် မပြည့်သူ အရက်ဝယ် ခွင့်မရှိပါဘူး။ ဘယ်ဘား ဘယ်အရက်ဆိုင်မှ မနက် ၁၀ နာရီမထိုးခင် ဖွင့်ခွင့်မရှိပါဘူး (ကာစီနိုကလွဲလို့)။

ချုပ်ရရင်တော့ ရွှေပြည်ကြီးမှာ ဖင်အတု၊ ရင်အတု၊ အရက်အတု၊ ဆေးဝါး အတု၊ ငွေစက္ကူအတု၊ PhD အတု၊ ဘုန်းကြီးအတု၊ မျိုးချစ်အတု၊ အလှူခံအတု၊ ပဲဆီ စားအုန်းဆီရောတာ၊ ငါးပိထဲ ဟိုဟာဒီဟာတွေရောတာ၊ ငရုတ်သီးမှုန့် မစစ်တာ၊ ဓါတ်ဆီ အရည်အသွေးညံ့တာ ... ထားပါတော့။ ဒါတွေချုပ်ငြိမ်းဖို့ ခု ပြည်သူ့အစိုးရဆိုတာကြီး တက်လာပြီ။ မကြာခင် အတုတွေ ကွယ်ပျောက်တော့မယ်ထင်ပါတယ်။ ဒါပေမယ့် သိပ်အသေအချာကြီး တွက်လို့တော့ မရသေးဘူး။ လွှတ်တော်ထဲမှာလည်း စစ်သားအစိတ်သား အရောခံထားရတယ်။ အစိုးရအဖွဲ့ထဲမှာလည်း ဘောင်ဘီချွတ်အတုတွေ၊ ဒီမိုအယောင်ဆောင်တွေ၊ ပြည်သူနဲ့အတူဆိုပြီး စာတန်းတံဆိပ်အတုကပ်ထားတဲ့ စစ်ခေါင်းဆောင်ဟောင်းတွေ… အင်း … တနေ့နေ့တော့ အတုတွေ ပျောက်တန်ကောင်းပါရဲ့။

သာထက်အောင်