ေ အ ာ င္ ေ ဝ း ● ယ က် ဗ် တူ ရှ င် ကို အ တွ က် က ဗျာ တ စ် ပု ဒ်

ေ အာ င်ေ ဝး ● ယ က် ဗ် တူ ရှ င် ကို အ တွ က် က ဗျာ တ စ် ပု ဒ်
(မိုးမခ) ဧပြီ ၅၊ ၂၀၁၇

ထမင်းကျွေးတဲ့လက်ကို ကိုက်တဲ့ခွေးက
ထမင်း မကျွေးတဲ့လက်ကို လျက်တယ်။

"လူငယ်တွေကို မုသားပြောတာ မှားတယ်
မုသားတွေကို မှန်တယ်လို့ သက်သေပြတာလည်းမှားတယ်
လူငယ်တွေဟာ ပြည်သူတွေပဲ"
ခင်ဗျား ဒီလိုပြောခဲ့တယ် ယက်ဗ်တူရှင်ကို။

ထမင်း မကျွေးတဲ့လက်ကို လျက်တဲ့ခွေးက
ထမင်းကျွေးတဲ့လက်ကို ကိုက်တယ် ယက်ဗ်တူရှင်ကို။

ဖက်ဒရယ်အိမ်ကြီးပေါ် ဖွတ်တက်လာတယ်
ပြည်ထောင်စုရုံတော်ကြီးမှာ ဒီနေ့တင်ဆက်မယ့်ပြဇာတ်ကတော့
"ကျန်စစ်သား ငါ့ကိုခိုးတယ်"
ဆိုဗီယက်ယူနီယံပြိုကွဲသွားတော့
ခင်ဗျား ဘယ်ရောက်သွားလဲ ယက်ဗ်တူရှင်ကို။

ခင်ဗျားဟာ တော်လှန်ကဗျာဆရာလား
ဝါဒဖြန့်သမားလား
ခင်ဗျားသေတော့မှ
ဗမာပြည်က ကောင်လေးတွေက မေးနေကြတယ်။

သူတို့ဟာ ဇာပန်းကွက်ထဲပဲ ပန်းတွေထပ်ထပ်တိုးနေတဲ့
ကောင်လေးတွေပေါ့။

သူတို့ နှင်းတောထဲက ချမ်းနေတဲ့သူတွေဆီ
ကျောက်မီးသွေးတစ်ခဲ ပို့ခဲ့ဖူးသလား
ခင်ဗျားမေးကြည့်ပါလား ယက်ဗတူရှင်ကို။

အို- ယက်ဗ်တူရှင်ကိုရဲ့
မော်စီတုန်းကတော့
အနုပညာအားလုံးဟာ ဝါဒဖြန့်တာပဲတဲ့။

ကျနော်လည်း ဒေါ်အောင်ဆန်းစုကြည်အတွက်
ကဗျာရေးတဲ့အခါ ရေးတာပဲ
(သူ့ကိုဝေဖန်တဲ့အခါလည်း ဝေဖန်တာပေါ့)
ကျနော့်ကို N L D တပ်ဦးက ကဗျာဆရာလို့
ခေတ်ပြိုင်ဖြစ်တဲ့ ကဗျာဆရာမြတ်လှိုင်းကပြောတယ်။

ကျနော့်ကဗျာတွေဟာ
လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးကို
ဝါဒဖြန့်တာပေါ့။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဝါဒဖြန့်
စစ်အာဏာရှင်စနစ် အပြီးတိုင်ကျဆုံးသွားမယ့်
အနာဂတ်ကိုဝါဒဖြန့်
ဒီလိုနဲ့
အောင်ဝေးဟာ ဝါဒဖြန့်ချိရေးသမားဖြစ်ရောလား။

ယက်ဗ်တူရှင်ကို
ကျနော် ကျနော့်နိုင်ငံကိုချစ်တယ်
ခင်ဗျားလည်း ခင်ဗျားနိုင်ငံကိုချစ်မှာပဲ။

နိုင်ငံချစ်စိတ်နဲ့ ကဗျာတွေရေးခဲ့ကြ
ကဗျာတွေရေးပြီး နိုင်ငံကိုချစ်ခဲ့ကြ။

နောက်ဆုံးတော့လည်း
ခင်ဗျားက အမေရိကမှာ ခေါင်းချရ
ကျနော်လည်း မစ်ရှီဂန်မှာ ပြည်ပြေးဘဝ
ဒါနဲ့ပဲ ကျနော်တို့ဟာ
နိုင်ငံမဲ့ကဗျာဆရာတွေ ဖြစ်ရတော့မှာလား။

အို- ယက်ဗ်တူရှင်ကိုငဲ့
ထမင်းကျွေးတဲ့လက်ကို ကိုက်တဲ့ခွေးက
ထမင်း မကျွေးတဲ့လက်ကို လျက်တယ်။

( ဆ က် ပါ ဦး မ ည် )
အောင်ဝေး။
၎-၄-၁၇။