သားကြီးမောင်ဇေယျ ● ဘာသာမပြန်နိုင်သော ဝေဒနာများ

သားကြီးမောင်ဇေယျ ● ဘာသာမပြန်နိုင်သော ဝေဒနာများ
(မိုးမခ) ဧပြီ ၂၀၊ ၂၀၁၇

၂ဝ၁ဝ ဧပြီလ၊ သင်္ကြန်အတက်နေ့ ညနေ

ကန်တော်ကြီး ဗုံးပေါက်ကွဲမှုကို DVB အတွက် သတင်းသွားယူခဲ့တာနဲ့ပတ်သက်ပြီး ကျွန်တော်တို့သားအဖနှစ်ယောက်ကို ရဲထောက်လှန်းရေးက ဖမ်းဆီးခဲ့ပြီး  အင်မတန်မြင့်မားခန့်ညားတဲ့ ကိုလိုနီဆောက်အဦကြီးရဲ့အပေါ်ဆုံးထပ်မှာ လျှို့ဝှက် အ စစ် ဆေးခံခဲ့ရပါတယ်။ လူမသိ၊ သူမသိ၊ နေ့မအိပ်၊ ညမအိပ် အစစ်ခံနေခဲ့ရတာပါ။

ပူပြင်းလှတဲ့ နွေရာသီမှာ အပူလှိုင်းဖြတ်ချိန်နဲ့ ကြုံကြိုက်နေတာမို့ ကျွန်တော့်ခန္ဓာကိုယ်ဟာ  မီးကင်ထားသလို အသားတွေ ကျက်ကျက်ပူနေပါတယ်။

စစ်ကြောရေးရဲအရာရှိက ကျွန်တော့်နောက်ခံအကြောင်းကိုမေးရင်း ကျွန်တော့် အဖေအကြောင်းကို ရောက်သွားပါတယ်။ ကျွန်တော်ဟာ အိပ်မက်ထဲလမ်းလျှောက်နေသလို၊ ကွယ်လွန်သွားတဲ့ ကျွန်တော့်အဖေကိုယ်တိုင် ကျွန်တော်နားမှာ ထိုင်နေ သလိုလို၊ အာရုံတွေ ဝေဝါးနေပါတယ်။

တဖက်ခန်းက ကျွန်တော့်သားရဲ့ မချိမဆန့်ခံစားနေရတဲ့အော်သံကို ကြားနေရပါတယ်။

‘ကျွန်တော်အခု ဘယ်ရောက်နေတာလဲ’

ကျွန်တော့်ကို စစ်မေးတဲ့ရဲအရာရှိကို ချိနဲ့နေတဲ့လေသံနဲ့ မေးမိပါတယ်။

ကျွန်တော့်ကိုစစ်ဆေးတဲ့ရဲအရာရှိကလေးဟာ ဘေးဘီကို မျက်လုံးတောင်းမှောက်ကြည့်ရင်း ...

‘ဘားလမ်းက ....’

သူ့အသံက တိုးလွန်းနေတာကြောင့် ကျွန်တော် ကောင်းကောင်းမကြားလိုက်ပါ။ ဘားလမ်းဆိုတာလောက်ကိုပဲ မသဲမကွဲ ကြားလိုက်ရပါတယ်။

ကျွန်တော် နောက်တကြိမ် ထပ်မေးဖို့ကြိုးစားနေတုန်းမှာပဲ ကျွန်တော့်နောက်ကျောက တံခါးဖွင့်သံကြားလိုက်ရပြီး ရဲအရှိ လေးဟာ ရုတ်တရက် အမူအယာပြောင်းကာ ဝုန်းကနဲ စားပွဲကိုလက်သီးနဲ့ထုလိုက်ပြီး မတ်တပ်ထရပ်လိုက်ပါတယ်။

‘ခင်ဗျားအဖေအကြောင်း မေးနေတာ’

သူ့အသံက ကျားဟိန်းသလို ဟိန်းထွက်လာပါ။ ကျွန်တော့်မှာ ထိတ်လန့်စရာ အင်အားလည်းမရှိတော့သလို ပြန်လည် တုန့် ပြန်ဖို့ ခွန်အားလည်းမရှိပါ။ သြော် သူတို့ နောက်တယောက် ဂျူတီချိန်းပြီကိုးဆိုတဲ့အသိကလေးပဲ သိလိုက်မိပါတယ်။

စစ်ဆေးတဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်၊  ရက်တွေကလည်း တရက်ပြီးတရက်၊ နေ့ညတွေကလည်း တနေ့ပြီး တ နေ့၊ တညပြီး တည။ နေလား ညလား ခွဲခြားမသိနိုင်တော့။

ဘားလမ်း … ဘားလမ်း … ဘားလမ်း

ဒီစကားလုံးကို ကိုစိတ်ထဲမှာ ကြားဖူးသလိုလို။
x x x

"မင်းအဖေနဲ့လိုက်ချင်ရင် ဟိုဆိုင်မှာရေးထားတဲh စာလုံးကိုပေါင်းပြ"

ဖေဖေ ဆရာလည်းဖြစ် မိတ်ဆွေရင်းချာလည်းဖြစ်တဲ့ မုံရွာသား စာရေးဆရာဦးဘဝင်းက မျက်မှန်ထူကြီးပင့်၊ သူ့ငွေသွားတွေ ပေါ်အောင်ပြုံးရင်း ကျွန်တော့်ကို စိန်ခေါ်လိုက်ပါတယ်။ ကျွန်တော်ကလည်း LKG (မူကြို) တက်ခါစ၊ အေဘီစီ တင်ကာစ။ ဒါပေမယ့်စာလုံးပေါင်းတော့ မဖတ်တတ်သေး။

‘ဘီ၊ အေ၊ အာရ် ... ဘီ အေ အာရ်’

အက္ခရာတလုံးချင်း ဖတ်နိုင်ပေမဲ့ စာလုံးပေါင်းတော့ မဖတ်နိုင်သေးပါ။

‘ဘီအေအာရ် ဘာအသံထွက်လဲ’

‘ဘီအေအာရ် ဘီအေအာရ်   အင်း ... ဖေဖေသောက်တဲ့အရက်ဆိုင်’

ကျွန်တော်က စာလုံးမပေါင်းတတ်ပေမယ့် ချက်ချင်းဘာသာပြန်လိုက်ပါတယ်။

ဆရာဦးဘဝင်းက တဟားဟားရယ်ရင်း ...

‘မင်းဘာသာပြန် တော်တော် တော်တာပဲကွ ရော့ ၁ဝ ပြား’

ကျွန်တော့်ဘဝမှာ ပထမဆုံးနဲ့ ဘာသာပြန်ခ ၁ဝ ပြားကို ဝမ်းသာအားရဆုပ်ရင်း တရုတ်မုန့် ၁ဝ ပြားတန် ပြေးဝယ်ပါတော့ တယ်။

ကျွန်တော်အရွယ်ရောက်လို့ အင်္ဂလိပ်မြန်မာ အဘိဓာန် ကိုကြည့်မိတိုင်း BAR ဆိုတဲ့ စကားလုံးကလေးကို မကြာခဏ မျက်စိ ရောက်သွားလေ့ရှိပါတယ်။

Bar  ပျော်ပွဲစားရုံ၊ ဟိုတယ်
Bar code  ကွန်ပြူတာဖြင့်ဖတ်ရသည့် ရောင်းကုန်ပေါ်က အစင်းအမှတ်အသား
Bar council  ရှေ့နေများကောင်စီ
Coffee bar  ကော်ဖီရနိုင်သောနေရာ
Beer bar ဘီယာရနိုင်သောနေရာ
Behind bar ထောင်ထဲမှာ
Gold bar ရွှေချောင်း
Bar  ဝတ်လုံတော်ရ၊ ရှေ့နေ
Bar  စည်းဝါးကန့်သတ်ချက်ကိုပြသောမျဉ်း

စသည်ဖြင့် ဘားနဲ့ပတ်သက်တဲ့ဝေါဟာရတွေ၊ အသုံးအနှုန်းတွေကို ခရီးသွားဟန်လွှဲ လေ့လာမိပါတယ်။

ကျွန်တော် တက္ကသိုလ်ကျောင်းသားဘဝ ဉာဏ်ပေါ် (မင်းလူ)၊ မျိုးရာဇာညွန့်တို့ရှိရာ ကျွန်တော်တို့အမြဲထိုင်တဲ့ ဘားလမ်း မုတ်ဆိပ် လက်ဖက်ရည်ဆိုင်ရောက်တိုင်းလည်း BAR ဆိုတဲ့စကားလုံးကို သတိတရ ရှိလှပါတယ်။

ဘာလမ်းကို ဘာကြောင့် ဘားလမ်းလို့ခေါ်တာလဲ။ ပျော်ပွဲစားရုံတွေ အများကြီးရှိလို့လား။ နာမည်ကြီး ဘားလမ်းအချုပ် ရှိလို့ လား။ ရှေ့နေတွေ စုဝေးရာနေရာဖြစ်လို့လား။ ဒါမှမဟုတ် တရားရုံးကို အစွဲပြုလို့လား။ ဖြစ်နိုင်ခြေအများဆုံးကတော့ တရား ရုံးရှိတဲ့လမ်းမို့ Bar street  ဘားလမ်းလို့ခေါ်တာဖြစ်မယ်လို့ ကိုယ်ဖာသာကိုယ် မှန်းဆအတည်ပြုလိုက်ပါတယ်။ ကျွန်တော့် အတွေးက ဟိုရောက်ဒီရောက်မို့ ဘယ်သူကိုမှမမေးမိပါဘူး။

ခုလို  ကမ်းနားလမ်းနဲ့ဘားလမ်းဆုံရာမှာရှိတဲ့ ခန့်ညားထည်ဝါတဲ့ ကိုလိုနီအဆောက်အဦအပေါ်ဆုံးထပ်မှာ လူမသိ သူမသိ စစ်ကြောခံနေချိန်မှာတော့ ဒီအတွေးတွေ ဝင်လာတာပါ။ နောက်မှ သူများပြောလို့သိရတာက အဲဒီအဆောက်အဦဟာ ကို လိုနီခေတ်ပုလိပ်ရုံးကြီးတဲ့။

စစ်ကြောရေးမှာ ....

‘မင်းနဲ့ ဆရာဦးဝင်းတင် ဘယ်တုန်းကသိတာလဲ’

‘ဘာကြောင့် သူနဲ့တွေ့ရတာလဲ’

ကျွန်တော့်အဖေရဲ့ မိတ်ဆွေ ဆရာဦးဝင်းတင်အကြောင်းကို အဓိကထားမေးတဲ့အခါ ကွယ်လွန်သွားတဲ့ ကျွန်တော့်အဖေကို သတိရမိပါတယ်။

ကျွန်တော် ၈ တန်းကျောင်းသားဘဝ နွေရာသီ ကျောင်းပိတ်ရက်မှာ ထုံးစံအတိုင်း မိသားစုနဲ့အတူ ခရီးထွက်ပါတယ်။ အဲဒီနှစ် က မော်လမြိုင်၊ ဘိတ်၊ ထားဝယ်ဖက်ကို ခရီးထွက်ကြပါတယ်။ အောင်ဇေယျသင်္ဘောနဲ့ ခရီသွားရမှာမို့ အတော်ကလေး ပျော်မိပါတယ်။ ရန်ကုန်ကျန်းမာရေးဆိပ်ကမ်းမှာ သင်္ဘောဆိုက်ထားတုန်း အခြားစက်လှေကြီးတွေလည်း အဲဒီဆိပ်ကမ်းမှာ ဆိုက်ထားတာတွေ့ရပါတယ်။

ကျွန်တော်တို့သင်္ဘောနဲ့ မလှမ်းမကမ်းမှာ ရပ်ထားတဲ့ သစ်သားကိုယ်ထည် စက်လှေကြီးတစ်စီးမှာ OCEAN QUEEN ဆိုတဲ့ နာမည်ရေးထိုးထားပါတယ်။ အဲဒီသစ်သားစက်လှေကြီးကိုငေးကြည့်နေတုန်း ဖေဖေက ...

‘မင်း အဲဒီနာမည် ဖတ်ပြစမ်း’ လို့ ခိုင်းပါတယ်။

ကျွန်တော်က မဆိုင်းမတွပဲ ‘အိုးရှင်းကွင်း’ လို့ အသံထွက်ဖတ်လိုက်ပါတယ်။

‘ဘာသာပြန်စမ်းကွာ’

ဖေဖေက နောက်တဆင့်တက် စိန်ခေါ်ပါတယ်။

‘အိုးရှင်းက သမုဒ္ဒရာ၊ ကွင်းက ဘုရင်မ အဲဒီတော့ သမုဒ္ဒရာဘုရင်မပေါ့’ လို့ ခပ်သွက်သွက် ဘာသာပြန်လိုက်ပါတယ်။

ဖေဖေက ကျွန်တော့်ခေါင်းကို မနာအောင်တချက်ထုလိုက်ပြီး

‘အဏ္ဏဝါဒေဝီလို့ ပြန်ရတယ်ကွ’ တဲ့။

သြော် ဘာသာပြန်ဆိုတာ ဒီလိုပါလား။  ပါဋ္ဌိဘာသာနဲ့ပြန်ရင် ပိုခန့်ညားတတ်ပါလားဆိုတဲ့အသိလေး ရလိုက်ပါတယ်။

နောက်ပိုင်းကျွန်တော်ကြီးပြင်းလာတဲ့အခါ လမ်းမှာတွေ့တဲ့ ဆိုင်းဘုတ်တွေ၊ နာမည်တွေကိုငေးရင်း မြန်မာဘာသာ နဲ့တွေ့ လျှင်  အင်္ဂလိပ်လိုပြန်ကြည့်လိုက်၊ အင်္ဂလိပ်လိုတွေ့လျှင် မြန်မာဘာသာနဲ့ ပြန်ကြည့်လိုက်နဲ့ မြင်မြင်သမျှ ဆိုင်းဘုတ်တွေ စာတန်းတွေ အားလုံးကို ဘာသာပြန်တမ်းကစား နေမိပါတယ်။

စစ်ကြောရေးနဲ့ ရင်ဆိုင်နေရတဲ့ အဲဒီလိုအချိန်မှာတောင် ကျွန်တော့်ကို ဖမ်းဆီးနှိပ်စက်နေတာကို torture လို့ ဘာသာပြန်ရင် ကောင်းမလား  ill-treat ဘာသာပြန်ရင်ကောင်းမလား၊ persecute လို့ ဘာသာပြန်ရင်ကောင်းမလားလို့ စဉ်းစားနေမိပါ သေးတယ်။

ဒါပေမယ့် အဲဒီတုန်းက သူတို့ပြုမူဆက်ဆံပုံနဲ့ ကျွန်တော်ခံစားရတဲ့ဝေဒနာကို မြန်မာဝေါဟာရနဲ့တောင် ရေရေရာရာ မဖေါ်ပြ နိုင်တာမို့ အင်္ဂလိပ်လို ဘာသာပြန်ဖို့ဆိုတာ ဝေလာဝေးခဲ့ပါတယ်။

သားကြီးမောင်ဇေယျ
ဧပြီ ၁၇၊ ၂၀၁၇