တူမောင်ညို - “ (NCA) လမ်းကြောင်း” နဲ့ “ပန်ခမ်းလမ်းကြောင်း”



တူမောင်ညို - “ (NCA) လမ်းကြောင်း” နဲ့ “ပန်ခမ်းလမ်းကြောင်း”
(မိုးမခ) ဧပြီ ၂၂၊ ၂၀၁၇

ဧပြီလ ၁၉ ရက်နေ့စွဲနဲ့ “ စတုတ္တအကြိမ်ပန်ခမ်းကြေညာချက်” ဆိုတာ ထွက်ပေါ်လာပါတယ်။ ဒီကြေညာချက်ထဲမှာ အချက် ၈ ချက်ပါရှိပြီး အောက်ပါ အချက် ၃ ချက်ဟာ အဲဒီကြေညာချက်ရဲ့အဓိက အကြောင်းအရာဖြစ်မယ်လို့ ယူဆပါတယ်။


“ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ” ဖွဲ့စည်းအတည်ပြုခြင်း

“ နိုင်ငံရေးဆွေးနွေးမှုအပေါ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ အထွေထွေမူဝါဒနှင့် ရပ်တည် ချက်” ကို အတည်ပြုပြီး” ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှင့် ဆွေးနွေး ညှိနှိုင်းမည့် ဘုံစာတမ်းအဖြစ် အတည်ပြု။"

“ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ” ၏ အဖွဲ့ဝင်အဖွဲ့အစည်းများသည် နောင်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် ဆွေးနွေးသည့်အခါ တစ်ဖွဲ့ချင်း ဆွေးနွေးခြင်းမပြုဘဲ၊ ၎င်းကော်မတီအမည်ဖြင့်သာ တညီတညွတ်တည်းဆောင်ရွက်သွားမည်။

ဒီကြေညာချက်ထွက်ပေါ်လာတဲ့အပေါ် သမ္မတရုံးပြောခွင့်ရဦးဇော်ဋ္ဌေးက “ဘုံစာတမ်း” ဆိုတာကို မဖတ်ရသေးတဲ့အတွက် တိတိကျကျ ဘာမှမပြောမသွားပဲ အစိုးရရဲ့ လက်ရှိသဘောထားဖြစ်တဲ့ လက်ရှိသွားနေတဲ့ “၂၁ ရာစုပင်လုံ လမ်းကြောင်းမှာ ပါဝင်လိုရင် (NCA) စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးရမယ်”လို့ ပြောသွားတာ BBC နဲ့ (၂၀ -၄ -၂၀၁၇ ) မေးမြန်းရာမှာ ဖြေသွားတာကို ကြားလိုက်ရပါတယ်။

ဒီမေးမြန်းမှုထဲမှာ ပြောခွင့်ရဦးဇော်ဋ္ဌေးဘက်က ဒီကြေညာချက်နဲ့ပတ်သက်လို့ “ (NCA) ပြင်ပ လမ်းကြောင်း”ဆိုတဲ့ ပြောဆိုနေမှုနဲ့ပတ်သက်ပြီးလည်း အစိုးရအနေနဲ့ လက်ခံတယ်/ လက်မခံဘူးဆိုတဲ့ ဘယ်လိုအဖြေမှ ပေးမသွားပါဘူး။ “ဘုံစာတမ်း” ဘာလဲ သေချာ မသိရ၊ အသေးစိတ်မသိဘဲနဲ့ သဘောထားပြောရခက်တယ်လို့သာ စသဖြင့် ပြောသွားတာပါ။ ဒါပေမယ့် (BBC) မြန်မာဝဘ်ဆိုဒ်က အဲဒီ သတင်းကို အခုလို ခေါင်းစဉ်တပ်ဖော်ပြထားပါတယ်။

“ပန်ခန်းဆုံးဖြတ်ချက် အစိုးရလက်မခံ”

ဒီလိုမျိုးခေါင်းစဉ် (BBC) က မရေးသင့်ပါဘူး။ မတပ်သင့်ပါဘူး။ (BBC) မြန်မာဌာန အနေနဲ့ ကိုယ့်သိက္ခာကိုယ်ငဲ့ညှာသင့်ပါ တယ်။ ထားပါတော့။

သေချာတာတော့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၇) ဖွဲ့ဘက်က ခြေလှမ်းသစ်တစ်ခုလှမ်းလာခဲ့ပြီ။ ဒီခြေလှမ်းသစ်ရဲ့ နိုင်ငံရေး နောက်ခံကြောရိုးက “ နိုင်ငံရေးဆွေးနွေးမှုအပေါ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ အထွေထွေမူဝါဒနှင့် ရပ်တည်ချက်စာတမ်း” ဆိုတာပဲဖြစ်ပါတယ်။

ဒီ “စာတမ်း” ကို တတိယအကြိမ် ပန်ခမ်းအစည်းအဝေး ( ၂၂ - ၂၄ ဖေဖေါ်ဝါရီ ၂၀၁၇) )မတိုင်မီက အဖွဲ့အစည်းတိုင်းကို ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ တုန်းက ဒီစာတမ်းအမည်က “တတိယအကြိမ် ပန်ခမ်းထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ‘ဝ’ ပြည်နယ်နှင့် တိုင်းရင်းသားအဖွဲ့အစည်းများ ညှိနှိုင်း ဆွေးနွေးသည့် စာတမ်း ” လို့ အမည်တပ်ထားပြီး၊ ဝပြည်နယ်အစိုးရစာအမှတ်၊ ၀၀၁ (၂၀၁၇) လို့ အမှတ်အသားပြုထားပြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့စွဲတပ်ထားပါတယ်။ ဒီစာတမ်းဟာ (NCA) လက်မှတ်မထိုးရေးကို ရပ်တည်ကိုင်စွဲထားတဲ့ အခြေခံပေါ်မှာ “ဝ” အဖွဲ့ (UWSP/UWSA) ရဲ့နိုင်ငံရေးအမြင်သဘောထားကို အောက်ပါ အချက်လေးချက်ထိုးပြီး စာတမ်းထဲမှာ အကျယ်တဝင့်ရှင်းပြ ထားတာဖြစ်ပါတယ်။

၁။ “ပင်လုံစိတ်ဓာတ်” အပေါ်အဓိပ္ပာယ်ဖွင့်ဆိုချက်

၂။ နိုင်ငံရေးဆွေးနွေးမှုတွေင် အရေးကြီးအခရာကျသော ဝေါဟာရအချို့ရဲ့ အဓိပ္ပာယ်သတ်မှတ်ဖွင့်ဆိုချက်

၃။ အဆင့် ၃ ဆင့် ငြိမ်းချမ်းရေးစာချုပ်နှင့် NCA အပေါ် ရပ်တည်ချက် ညှိနှိုင်းရေးကိစ္စ

၎။ နောက်နောင် မြန်မာတို့နှင့် နိုင်ငံရေးဆွေးနွေးကြမည့် နည်းဗျူဟာများကိစ္စ ဟူ၍ဖြစ်ပါတယ်။

“ဝ” ရဲ့ (NCA) အပေါ်ရပ်တည်ချက် က “လက်မှတ်မထိုးဘူး” ဆိုတဲ့ရပ်တည်ချက်ဖြစ်ပါတယ်။ (NCA) စာချုပ်ဟာ “စစ်ရေး အရလည်း လက်တွေ့အကောင်မဖော်နိုင် - နိုင်ငံရေးသဘောတူညီချက် လို့လည်း သတ်မှတ်လို့မရ ” မြန်မာတွေဘက်က လိုရာဆွဲ အဓိပ္ပာယ်ဖွင့်ဆိုနိုင်တဲ့ စာချုပ်သာဖြစ်တယ်။ (NCA) စာချုပ်ကိုဝင်ရောက်လက်မှတ်ထိုးရင် “၁၉၄၇ ပင်လုံစာချုပ်ကို မိမိတို့ကိုယ်တိုင် ပယ်ဖျက်ခြင်းပင်ဖြစ်တယ်” လို့ ဆိုပါတယ်။

“ဝ” ရဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးမှုက “အပစ်ရပ်တာနဲ့ နိုင်ငံရေးသဘောတူညီချက် သဘောသဘာဝ လုံးဝ မတူ ” ဒါကြောင့် တိတိကျကျခွဲခြားသတ်မှတ်ရမယ်။ အဆင့် ၂ ဆင့်နဲ့သွားရမယ်လို့ စာတမ်းထဲမှာ ဆိုထားတယ်။

အပစ်အခတ်ရပ်စဲရေးက နိုင်ငံရေးဆွေးနွေးမှုကို အာမခံနိုင်တဲ့ အကျိုးသက်ရောက်မှုရှိရမယ်ဆိုတဲ့ အခြေခံအပေါ်မှာ ပထမ အဆင့် အပစ်ရပ်ရေးအကောင်အထည်ဖော်ဖို့ဖြစ်ရမယ်။ ဒီအဆင့်မှာ နှစ်ဖက်တိုက်ပွဲများထပ်မံဖြစ်ပွားခြင်းမရှိကြောင်း အာမခံနိုင် တဲ့ စစ်ရေးသဘောတူညီချက်ဖြစ်ရမယ်။

ဒုတိယဆင့် အမှန်တကယ် အပစ်ရပ်ထားတဲ့ ငြိမ်းချမ်းသော အနေအထားပေါ်မူတည်ပြီး နိုင်ငံရေးဆွေးနွေးရန် လို့ ပါရှိပါတယ်။

ဒါ့အပြင် “ဒီမိုကရေစီ၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသားပြည်ထောင်စုစနစ် ” စတဲ့ ဝေါဟာရများ နဲ့ပတ်သက်ပြီး နိုင်ငံရေးအဓိပ္ပာယ်ဖွင့်ဆိုချက်တွေဟာ (တချို့စကားလုံးတွေ မရှင်းလင်းတာမှအပ) စိတ်ဝင်စားစရာကောင်းပါတယ်။ တရုတ်ပြည်က လူမျိုးစုပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရဲ့ စုဖွဲ့မှုမျိုးနဲ့ အခွင့်အလမ်းမျိုးကို တောင်းဆိုတာပါ။

“ပင်လုံစိတ်ဓာတ်” နဲ့ပတ်သက်ပြီး နိုင်ငံရေးဖွင့်ဆိုချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ ရှင်းလင်းတဲ့ဖွင့်ဆိုချက် မရှိဘူးလို့ ဝေဖန်ထားပြီး၊ ပြည်ထောင်စုမှ နုတ်ထွက်နိုင်သည့် သတ်မှတ်ချက်မရှိ ဆိုတော့ပြောဆိုချက်ကြောင့် ဒီသဘောက ပင်လုံ စာချုပ်ရဲ့အနှစ်သာရကို လုံးဝအသိအမှတ်မပြုတဲ့ သဘော၊ လက်တွေ့အားဖြင့် တိုင်းရင်းသားလူနည်းစုတွေ ရဲ့လွတ်လပ်စွာရပ်တည်ခွင့် ကို အသိအမှတ်မပြုတာဖြစ်တယ်လို့ စွပ်စွဲပြစ်တင်ထားတာတွေ့ရပါတယ်။

ဒီစာတမ်းကို စတုတ္တအကြိမ်ပန်ခမ်းအစည်းအဝေးမှာ တိုင်းရင်းသား ၇ ဖွဲ့က ဆွေးနွေးညှိနှိုင်းပြီး “ဘုံစာတမ်း” အဖြစ်အတည်ပြု ခဲ့ကြပြီ၊ အစိုးရထံလည်းပို့ပေးထားတယ်လို့ဆိုပါတယ်။ ဒီစာတမ်းကိုစွဲကိုင်ပြီး ဆွေးနွေးမယ့် “ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်း ရေးကော်မတီ” ကိုလည်း ဖွဲ့စည်းခဲ့ကြပြီ။ နောင်အစိုးရနဲ့ဆွေးနွေးမယ့် ညှိနှိုင်းဆွေးနွေးမှုတွေမှာ “ တစ်ဖွဲ့ချင်း မဆွေးနွေးဘဲ ဒီကော်မတီ နဲ့သာ ဆွေးနွေးသွားမယ်” လို့ အတိအအကျအခိုင်အမာထုတ်ပြန်ခဲ့ကြပြီဖြစ်ပါတယ်။ ဒါကြောင့် “ မြောက်ပိုင်း ၃ ဖွဲ့” နဲ့တွေ့ရေးဆိုတာဟာ ဒီကြေညာချက်ပါ သဘောထားအရဆိုရင် “ပျက်ပျယ်နေပြီ” ဆိုတဲ့ သဘောသက်ရောက်နေပါပြီ။

ဒီစာတမ်းအပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်၊ စစ်တပ်၊ အစိုးရနဲ့ငြိမ်းချမ်းရေးကော်မရှင်တို့က သူတို့ရဲ့သဘောထားအမြင်ကို ပြန်လည် ပေးကြရတော့မှာပါ။

သေချာတာတော့ ၇ ဖွဲ့ဟာ ဆက်လက်ကျင်းပမယ်ဆိုတဲ့ ဒုတိယအကြိမ် “၂၁ ရာစုပင်လုံညီလာခံ” တက်ဖို့မဖြစ်နိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ ဒါ့အပြင် လက်ရှိ ၇ ဖွဲ့ရဲ့ စုစည်းညီညွတ်မှုဘယ်လောက် ခိုင်မာတောင့်တင်းမှုရှိသလဲဆိုတဲ့အချက်ကိုလည်း ရှေ့လာမယ့် ဖြစ်ရပ်တွေထဲမှာ စမ်းသပ်စစ်ဆေးခံရမှာဖြစ်ပါတယ်။

“ (NCA) လမ်းကြောင်း” နဲ့ “ပန်ခမ်းလမ်းကြောင်း” ထိပ်တိုက်တွေ့နေပါပြီ။

“ဝ” အဖွဲ့ (UWSP/UWSA) ဟာ သူ့ရဲ့ “စာတမ်း” နဲ့ မြန်မာ့နိုင်ငံရေးမှာ ပထမဆုံးနိုင်ငံရေးခြေလှမ်း စတင်လှမ်းလိုက်ပြီ။

ညွန်း

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ခေါင်းဆောင်များ စတုတ္တအကြိမ် မျက်နှာစုံညီ ပန်ခမ်းအစည်းအဝေး ထုတ်ပြန်ကြေညာချက် (၁၉-၄-၀၁၇)
“တတိယအကြိမ် ပန်ခမ်းထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ‘ဝ’ ပြည်နယ်နှင့်တိုင်းရင်းသားအဖွဲ့အစည်းများ ညှိနှိုင်း ဆွေးနွေးသည့် စာတမ်း ” (၁၅-၁-၂၀၁၇)
(BBC) မြန်မာဝဘ်ဆိုဒ်သတင်း - “ပန်ခန်းဆုံးဖြတ်ချက် အစိုးရလက်မခံ” (၂၀-၄-၂၀၁၇)