မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၂၁)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၂၁)
(မိုးမခ) မေ ၁၊ ၂၀၁၇

● ချီတက်ခြင်း
အရှေ့မြောက်အခြေခံဒေသသို့ရောက်ရှိပြီး မန်ရှိုးမှ မုန်းကိုးသို့ နှစ်ရက်လမ်းလျှောက်ခြင်းမှ စစ်ချီတက်ခြင်းအစပြုသည်။ ထို စဉ်က သေနတ်တွေ ကျည်ဆံတွေ လက်ပစ်ဗုံးတွေမပါသေးသဖြင့် ပေါ့ပါးသေးသည်ဟု ဆိုရမည်။ ယခုအကြိမ်မှစ၍ စစ် လက်နက်ပစ္စည်း ချပ်ဝတ်တန်ဆာအစုံနှင့်ဆိုတော့ သိပ်မသက်သာလှပေ။ ထို့အပြင် တပ်ဖွဲ့နှင့်ဆိုတော့ တပ်ဖွဲ့ရည်မှန်းချက် ပြည့်အောင် အမှီလိုက်ရတော့သည်။ မလျှောက်နိုင်လည်း ရောက်အောင်လျှောက်ရတော့သည်။

စတင်ထွက်ခွါသည့်နေ့က မုန်းယားတွင် ညအိပ်သည်။ ဒုတိယနေ့ကမုန်းဟောင်အကျော်က ရွာတရွာတွင်ဖြစ်သည်။ CPB တပ်ဖွဲ့ထုံးစံက မနက်မိုးလင်းသည်နှင့် ထမင်းချက်စားသည်။ ပြီးသည် စတင်ထွက်ခွာသည်။ ညနေ ၃ နာရီ ၄ နာရီခန့်မှ နား၍ ထမင်းချက်စားသည်။ ရွာစဉ်နီးလျှင် လမ်းသာလျှင် ဆက်ထွက်ပြီး မိုးချုပ်မှ နားတတ်သည်။ သို့မဟုတ်ပါကလည်း ည နေထမင်းချက်စားပြီးနောက် အနားယူတော့သည်။ လမ်းခရီးတွင် တနာရီလျှောက်ပြီးတိုင်း အနည်းဆုံး ၅ မိနစ်ခန့် အနား ပေးတတ်သည်။ ၂ ရက်လောက် လမ်းလျှောက်ချီတက်ပြီးနောက် တပ်ဖွဲ့ချီတက်ခြင်းသဘောကို အနည်းငယ်သဘော ပေါက်လာသည်။

ခရီးစဉ်တလျောက် မိုးရေထဲ ရွံ့ဗွက်ထဲတွင် တဘိုင်းဘိုင်းလဲရင်း တောင်ဆင်းတောင်တက်များစွာ စတင်ချီတက်ရသည့် မိမိတို့အတွက် သိပ်မသက်လှ။ မနက်ပိုင်းတွင် အများနှင့်နည်းတူ လျှောက်နိုင်သော်လည်း တဖြည်းဖြည်းကျလာပြီး နာသည့် နေရာ ထမင်းစားမည့်နေရာသို့ နောက်ဆုံးမှသာရောက်တော့သည်။ မိမိတို့အား အတွေ့ကြုံ မရှိသေးသည့်ရဲဘော်သစ်များဖြစ် ၍ ထမင်းချက်တာဝန်မှ ယာယီကင်းလွတ်ခွင့်ပေးထား၍ တော်သေးသည်။ ညနေတွင် နောက်ဆုံးမှ နားသည့်နေရာသို့ ရောက်သည်နှင့် ရောက်သည်နှင့် မလှုပ်နိုင် နံရံမှီ၍ နားနေရသည်။ ခြေထောက်များလည်း နာကျင်နေပြီ။ ရောက်သည်နှင့် ရေစိုနေသည့် စစ်ဖိနပ်နှင့် စစ်ခြေအိတ်ကို ဆွဲချွတ်လိုက်ရသည်။ ဖိနပ် ခြေအိတ်နှင့် ခြေဖဝါးမှ အတော်ဆိုးဝါးသည့် အနံ့ကိုရ သည်။ အခြားသူမပြောနှင့် ကိုယ်ဘာသာကိုယ်တောင် မခံနိုင်ပေ။

မိုးတစိမ့်စိမ့်ရွာနေသည်အောက်တွင် ရေစိုနေသည့် ဖိနပ်နှင့်ခြေအိတ်ကို ခြောက်သွေ့အောင် မီးကင်ရသည်။ အတွေ့အကြုံရှိ ရဲဘော်များ ပြောပြသည့်အတိုင်း အိမ်ရှင်ထံမှ ဇလုံတလုံးငှား ရေနွေးပူပူကို ဆားထည့်ရေအေးစပ်၍ နာကျင်နေသော ခြေ ထောက်ကို စိမ်ရသည်။ ရေနွေးစိမ်ပြီးလျှင်တော့ အတော်လေး ပေါ့ပါးသက်သာသွားသည်။ နောက်တနေ့မနက်အတွက် ခွန်အားပြန်ဖြစ်သည်။ တနေကုန်ပင်ပမ်းလာ၍ ညဘက်အိပ်လိုက်ရင်တော့ တုန်းကနဲအိပ်ပျော်သည်။ အလားတူပင် ပင်ပမ်း နေ၍ အသားမပါ ဆီမပါအသီးအရွက်ဟင်းနှင့် စား၍လည်းကောင်းကောင်းစားဝင်သည်။

တတိယနေ့တွင် တပ်ဖွဲ့ဝင်များ သိပ်နောက်မကျန်ရန် သတိပေးပါသည်။ မိမိတို့ဖြတ်သွားမည့်လမ်းမှာ တာမိုးညဲ နားလယ် အပေါ်ဘက်မှ ကပ်သွားရမည်ဖြစ်ရာ မဆလအစိုးရ စစ်ကြောင်းတပ်စွဲထားရာနေရာများနှင့် နီးကပ်နေပြီး အစိုးရစစ်ကြောင်း များ ရံဖန်ရံခါ ဝင်ရောက်လှုပ်ရှားသည့်လမ်းကြောင်းပေါ်မှဖြတ်သွားရမည်ဖြစ်သည်။ မိမိတို့က နောက်တန်းမှ ရှေ့တန်းသို့ အင်အားဖြည့်အဖွဲ့သာဖြစ်ရာ အင်အား ၁ဝ ယောက်ကျော်သာ ရှိသည်။ တပ်ဖွဲ့ကို တာဝန်ယူသူများကတော့ ရွာလူကြီးများ ထံမှ သတင်းရယူထားပြီးဖြစ်ပုံရသည်။

မိုးဖွဲဖွဲက ရွာလိုက်တိတ်လိုက်နှင့်ဖြစ်သည်။ မိုးတိတ်သော်လည်း မိုးမြူနှင်းများက ဖွေးဖွေးလှုပ်နေ၍ ရှေ့တလံအကွာ လောက်သာ တွေ့ရသည်။ ပိန်းပိတ်အောင် ဆွတ်ဆွတ်ဖြူနေသော မြူနှင်းကိုဖောက်၍ အဝေးကိုမမြင်ရ။ သို့သော် တချက် တချက် မိုးနှင်းမြူအုပ်တို့ လွင့်ပါးသွားပါက ခပ်လှမ်းလှမ်းသို့ရိပ်ကနဲလှမ်းမြင်ရသည်။ သို့သော် သိပ်မကြာလိုက်မီ နောက်မြူ နှင်းဖြူ ဖြူအုပ်က တိုး၍ဝင်လာပြန်သည်။ ထိုသို့သောရာသီဥတုနှင့် အစိုးရတပ်လှုပ်ရှားမှုအခြေအနေအောက်တွင် လူသိပ်မ ပြတ်ရဲခဲ့။ တတ်နိုင်သလောက်ကပ်လိုက်ရသည်။ တော်သေးသည်မှာ ထိုနေ့က ဖြတ်လျှောက်ရသည့် တောင်ကြော၏ မြေ သားမှာ မာသည်။ ကျောက်တောင်သဖွယ် တောင်ကြောဖြစ်၍ ဗွက်ရုန်းစရာမလိုခဲ့ပေ။

ထိုအခိုက် မိမိတို့ရှေ့မှ သေနတ်သံတချက် ပေါ်ထွက်ခဲ့သည်။ တိတ်ဆိတ်နေသော တောင်ကြောတလျောက် သေနတ်သံက ဟိန်း၍ ပဲ့တင်ရိုက်သွားသည်။ တပ်ရင်းမှူးက မိမိတို့ လက်ဟန်ဖြင့် ရပ်တန့်ရန် အချက်ပြလိုက်ပြီး သူ့ဘေးနားမှ ရဲဘော်တ ယောက်၏ အမ် ၂၂ သေနတ်ကိုယူ၍ ရှေ့သို့တက်သွားသည်။ နောက်မှာကျန်ခဲ့သော မိမိတို့ကတော့ သေနတ်ကိုတင်းတင်းဆုပ်၍တောင်စောင်းတွင်ကပ်ကာ ရှေ့ကိုအာရုံစိုက်နေကြသည်။ မြူနှင်းများပိတ်နေ၍ ဘာမှမမြင်ရ၍ ထွက်လာသည့်အသံကို သာ နားစွင့်နေရသည်။ ရင်တို့တဒိတ်ဒိတ် ခုန်နေတော့၏။ ၁၉၇၄ ဇွန် ၆ ရက်နေ့ သမိုင်းဘာတာရှေ့က သေနတ်များကို သတိရမိသည်။ ထိုတုန်းက ပြေးလွှားခဲ့ရသည်ကို သတိရမိသည်။ ခုတော့ ပြေးဖို့မလိုတော့။ မိမိလက်ထဲရှိ သေနတ်ကို ဆုပ်ကိုင်ပြီး ရှေ့ကို ရဲရဲကြည့်နိုင်ပေပြီ။

အတန်ငယ်ကြာမှ ရှေ့မှစကားပြောသံများကြားရပြီး ရှေ့သို့ဆက်လာရန် အဆင့်ဆင့်အချက်ပြကြသည်။ သို့နှင့် ရှေ့အကွေ့ ရောက်တော့ လမ်းအပေါ်တောင်စောင်းမှ ရဲဘော်တယောက် အကောင်တကောင်ဆွဲချလာသည်ကို တွေ့ရသည်။ အလွန် တောက်ပသည့် စိမ်းဖန့်ဖန့်မျက်လုံးနှင့် ဝဖီးနေသော တောခွေးတကောင်ဖြစ်သည်။ ဝံပုလွေနှင့် ခပ်ဆင်ဆင်တူသည်။ ရှေ့မှ ပွိုင့်သွားနေသောရဲဘော်မှ တောင်စောင်းရှိ တောခွေးတကောင်ကို တွေ့၍ ပစ်ချ လိုက်ခြင်းဖြစ်သည်။ ရဲဘော်အားလုံးအတွက် အသားဟင်းတခွက်တော့ရချေ ပြီဖြစ်သည်။

ထိုနေ့က နေ့လည် ၂ နာရီခန့်တွင်နားပြီး ထမင်းချက်စားသည်။ ထိုရွာ တွင်အိပ်မည်မဟုတ်သဖြင့် ရွာပြင်က ဘုန်းကြီးကျောင်း ဇရပ်ပျက်တဆောင်တွင် ခေတ္တနားပြီး ထမင်းချက်စားကြသည်။ ရဲဘော်တယောက်က တောခွေးကို လျင်မြန်စွာဖျက်ပြီး လိုက်ဝေသည်။ ခက်သည်က မိုးက ရက်ဆက်ရွာထားသဖြင့် ခဏတဖြုတ်အတွင်း ထင်းခြောက်ရှာမရကြ။ ထင်းစိုတွေနှင့် မီးခိုးတအူအူနှင့် ထမင်းချက်ရသည်။ တောခွေးသားကို ဆားနယ်ပြီး တုတ်ထိုးကာ ထိုမီး မတောက်တတောက် မီးဖိုဘေးတွင် ကင်ရသည်။ ခဏနေထွက်မည်ဆိုတော့ ကမန်းကတမ်း ထမင်းစားရသည်။ ထမင်းက ကျက်သည်ဆိုရုံဖြစ်၍ တော်သေး သည်။ အသားကင်ကတော့ ကိုက်လိုက်တော့ အသားတုံအလယ်တွင် သွေးတရဲရဲနှင့်။ ဘိုဆန်လွန်းပေစွဟုသာ ဆိုရပေမည်။

တကယ်တော့ တပ်ရင်းမှူးနှင့်အဖွဲ့က ရှေ့တန်းတွင် ကျင့်သားရနေ၍မြန်ဆန်သည်။ မိမိတို့ကို ကိုမြအောင်နှင့် စားအိုးတွဲပေး ထားရာ မိမိတို့က လည်းအတွေ့အကြုံ မရှိ။ ကိုမြအောင်နှင့် သူရဲဘော်များကလည်း နောက်တန်းတွင် အနေကြာနေသည်ဖြစ် ရာ လေးလံနှေးကွေးနေခြင်း ဖြစ်သည်။ အတွေ့ အကြုံနှင့် အလေ့အကျင့်သည် ရှေ့တန်းစစ်မျက်နှာတွင် အလွန်ပင် အရေး ပါလှသည်။

ထိုညက ညနေစောင်းမှ ပလောင်ရွာလေးတရွာသို့ရောက်ပြီး ညအိပ်သည်။ ထိုရွာကလေးအား မမှတ်မိတော့သော်လည်း မှတ်မှတ်ရရ မြင်ကွင်းတခုတော့ ကြုံခဲ့ရသည်။ ထိုပလောင်အိမ်လေး၏ ဧည့်ခန်းမီးဖိုဘေးတွင်မီးလှုံရင်း ခြေအိတ်များ ဖိနပ် များမီးကင်ရင်း ရေနွေးကြမ်းသောက်ရင်း မိမိတို့ ထွေရာလေးပါးပြောဆိုကြသည်။ ထိုစဉ် အိမ်ရှင်မိသားစုက ထမင်းစားရန်ပြင် ဆင်ပြီး မိမိတို့အား ထမင်းစားခေါ်သေးသည်။ ဘာသာစကားကမပေါက်သဖြင့် ခြေဟန်လက်ဟန်နှင့်ပင် မိမိတို့စားပြီးကြောင်း ပြောလိုက်ရသည်။

မီးခွက်လေးတလုံး၏ဘေးတွင် ပလောင်မိသားစု ထမင်းဝိုင်းကြသည်။ လင်မယား ၂ ယောက် ၁ဝ နှစ် အောက်ခန့် သားငယ် သမီးငယ် ၂ ယောက် ပေါင်း ၄ ယောက်သည် နှီးဒေါင်းလန်းတခုအား ဝိုင်းထိုင်လိုက်ကြသည်။ နှီးဒေါင်းလန်းထဲတွင် ထမင်း ရော ဟင်းရော ထည့်ပုံထားပြီး မိသားစုလေး ယောက်လက်ဆုံနှိုက်စားသည့်မြင်ကွင်းသည့် မိမိအတွက် ပထမဆုံးမြင် ဘူး ခဲ့သောမြင်ကွင်းဖြစ်သည်။ နှီးဒေါင်းလန်းထဲတွင် မည်သည့်ပန်းကန်လုံးမှမပါ။ ဇွန်းတချောင်းမပါ။ ချက်ထားသော ထမင်းဟင်း များကို နှီးဒေါင်းလန်းထဲတွင်ထည့်၍ မိသားစုလေးယောက် ဝိုင်းဖွဲ့စားသောက်ကြခြင်းဖြစ်သည်။ လက်ရေတပြင်တည်း နှီး ဒေါင်းလန်းကြီးရဲ့အလယ်။ လက်ရည်တပြင်တည်း ရှေးကထက် ပိုချစ်ကြတယ်ဆိုသည့် သီချင်းစာသားကို ယခုမှပင် လက် တွေ့ မြင်ရ သဘောပေါက်နားလည်ခဲ့ရပေသည်။

မနက်မိုးလင်းတော့ အိမ်ကပြင်ထွက်လိုက်တော့ မိုးသားများအုံ့နေသော်လည်း မြူကင်းရှင်းနေ၍ မြင်ကွင်းကရှင်းနေသည်။ မိမိတို့ညအိပ်သည့်ပလောင်ရွာကလေးက တောင်ကြောတဖက်ထိပ်တွင်ရှိသည်။ ရွာ၏အောက်ဖက် တောင်တလျောက်ကွေ့ ဝိုက် နိမ့်ဆင်းသွား လှေခါးထစ်လယ်များကို တွေ့ရသည်။ တဖက်တောင်ကြောမှလည်း လှေခါးထစ်လယ်များ တွေ့ရသည်။ တဝေါဝေါထိုးစီးနေသည့် တောင်ကျချောင်းများကို တောင်ကြားများတွင်တွေ့ရသည်။ မိုးတွင်ချိန်ခါဖြစ်၍ ရေစီးက မညင်သာ လှပေ။

သို့နှင့် ထိုရွာမှထွက်သည်နှင့် တောင်ဆင်းဖြစ်သည်။ ပြီးလျင်နောက်တတောင်ပြန်တက်ရသည်။ ဤသို့နှင့် တတောင်ဆင်း တတောင်တက်ဖြင့် စတုတ္ထနေ့ခရီးဆက်ရသည်။ နေ့လည်ပိုင်းတွင် တောင်ကြောပေါ်က ကချင်ရွာ တွာသို့ ရောက်သည်။ ထိုရွာတွင် မိမိတို့ CPB တပ်မဟာ ၂ မှတပ်ဖွဲ့ဝင်တချို့ကို တွေ့ရသည်။ အသားဖြူ ဖြူ ကိုယ်လုံးကိုယ်ပေါက် ခပ်တောင့်တောင့် စစ်ယူနီဖေါင်း စစ်ချပ်တံဆာများကို သေသပ်စွာဝတ်စားထားပြီး အမ် ၂၂ တလက်လွယ်ထားသည့် ရဲဘော်တယောက်က ရွာလယ်လမ်းကစောင့်၍ မိမိတို့အားနှုတ်ဆက်သည်။

"ဗမာရဲဘော်တွေပါတယ်ဆိုလို့ စောင့်နေတာဗျ။ ကျနော့နာမည် ဉာဏ်ထွန်းပါ" ဟု ဆိုသည်။ မိမိတို့အား ဝမ်းသာအားရ လက်ဆွဲနှုတ်ဆက်ပြီး "အေးဗျာ နောက်မှ အေးအေးဆေးဆေး စကားပြောကြတာပေါ့။ သိပ်မကြာတော့ပါဘူး။ နောက်တနာ ရီဆိုရင် ခင်ဗျားတို့ တပ်မဟာရုံးရောက်ပါပြီ" ဟု ဆိုပါသည်။ သူတို့တပ်ခွဲကား တပ်မဟာရုံးစိုက်ရာနှင့် တနာရီအကွာတွင် ကာကင်းယူထားသည့်အဖွဲ့ ဖြစ်သည်။ တပ်မဟာ ၂ တွင် ရှိသော ရဲဘော်အများစုကြီးမှာ ဒေသခံရဲဘော်များသာဖြစ်လေရာ မိမိတို့ ဗမာရဲဘော်များနှင့်တွေ့၍ ဝမ်းသာနေဟန်တူသည်။ မိမိတို့လည်း တလမ်းလုံးရွာများတွင် ဘာသာစကားမပေါက်ခဲ့၍ ဗမာလိုပြော၍ရသူနှင့်တွေ့၍ ဝမ်းသာမိသည်။ မိမိတို့အား လက်ပြ၍ ကျန်ရစ်ခဲ့သော ရဲဘော်ဉာဏ်ထွန်းအား မိမိတို့ ပထမ ဆုံးနှင့်နောက်ဆုံးဆုံတွေ့ခဲ့ခြင်းဖြစ်သည်ကို မိမိတို့ ထိုစဉ်ကမသိခဲ့ပါ။

ရဲဘော်ဥာဏ်ထွန်းပြောလိုက်သည့်အတိုင်းပင် နောက်တနာရီခန့်ကြာသော တောင်ကြောကြီးတခု၏ထိပ်တွင်ရှိသော ရွာကြီးတရွာသို့ရောက်သည်။ဆိုက်ခေါင်ဟုခေါ်သော ပလောင်ရွာကြီးဖြစ်သည်။ ရွာထဲဝင်သွားသည်နှင့်အိမ်တိုင်းအိမ်တိုင်းတွင် ယူနီဖေါင်း မိမိတို့တပ်မှရဲဘော်များကို တွေ့ရသည်။တပ်ရင်းမှူးနှင့်အဖွဲ့ကို သိကြသဖြင့် နှုတ်ဆက်ကြသည်။ စကားသံများ ဆူညံနေသည်။ မိမိတို့ကိုတော့ ရဲဘော်သစ်များအဖြစ် ပြုံး၍နှုတ်ဆက်ကြသည်။ သို့နှင့် မုန်းကိုးမှ ၄ ရက်တိတိလမ်းလျောက် ချီတက်ပြီးသကာလ တပ်မဟာ ၂ ရှေ့တန်းရုံးသို့ ချောချောမောမော ရောက်ရှိသွားပေတော့သည်။ ထို့အတူ ထိုအချိန်မှစ၍ မရပ်မနား လမ်းလျှောက်ရသော အချိန်ကာလများ စတင်ပါတော့သည်။

● တပ်မဟာ ၂ ရှေ့တန်း
ထိုစဉ်က တပ်မဟာ ၂ ရှေ့တန်းရုံးစိုက်သည့် ဆိုက်ခေါင်ရွာကြီးသည် မုန်းကျီး (မုန်းစီး) နားလယ်နှင့် မလှမ်းမကမ်း သံလွင် မြစ်အနီးတွင် ရှိသည်။ ဆိုက်ခေါင်တွင် တပ်မဟာ ၂ ရုံးအဖွဲ့ ဆေးအဖွဲ့ လက်နက်ကြီးတပ်ခွဲ တပ်မဟာ အရန်တပ်ခွဲနှင့် အထူးတပ်ရင်းတို့ အခြေပြုနေသည်။ ကျန်တပ်ရင်းတပ်ခွဲများကို ပတ်ဝန်းကျင်ရွာများတွင် ဖြန့်ခွဲထားသည်။ တပ်မဟာ အရန် တပ်ခွဲတွင် ကင်းတပ်စု ဖေါက်ခွဲရေးတပ်စုနှင့် ပွို င့် ၅ တပ်စုစသည့် တပ်စု ၃ စု ပါဝင်သည်။ ထို့ပြင် တပ်မဟာ ထောက်ပံ့ရေးဌာန လည်း ဖွဲ့စည်းထားရှိသည်။

ကင်းတပ်စုက တပ်မဟာရုံးလုံခြုံ ရေးတာဝန်ယူသည်။ ဖေါက်ခွဲရေးတပ်စုကတော့ စခန်းသိမ်းတိုက်ပွဲတွင် စခန်းတပ်စည်းရိုး မိုင်းကွင်းများကိုဖျက်ဆီးရာတွင်လည်းကောင်း၊ ဆက်သွယ်လမ်းကြောင်းများကို ဖြတ်တောက်ရန် စစ်ကူဟန့်တားရန် လမ်း တံတားများ ဖေါက်ခွဲဖျက်ဆီးရန် တာဝန်ယူသည်။ ပွိုင့် ၅ တပ်စုကတော့ လေကြောင်းရန်ကာကွယ်ရေးအတွက်ဖြစ်သည်။ ပွိုင့် ၅ ကို တရုတ်ဘာသာဖြင့် ဂေါက်ကျီးချမ်းဟုခေါ်ပေရာ အလွယ်တကူ ဂေါက်ကြီးဟု ခေါ်ကြသည်။ အဆိုပါတပ်စုတွင် ပွိုင့် ၅ ခေါ် ဂေါက်ကြီး ၂ လက် ပါဝင်သည်။

လက်နက်ကြီးတပ်ခွဲတွင် ၈၂ မမ တပ်စုတစု ၅၇ မမတပ်စုတစု ပါဝင်ပြီး ၈၂ မမ မော်တာ ၃ လက် ၅၇ မမ နောက်ပွင့် ၃ လက်ပါဝင်သည်။ ဂေါက်ကြီးတပ်စုနှင့် လက်နက်ကြီးတပ်ခွဲက ဝန်လေးသဖြင့် လားများတွဲဖက်ထားရသည်။ လားပေါ်တင် သည့် ပစ္စည်းတင်ပြီး ရဲဘော်များကလည်း တနိုင်ထမ်းကြရသည်။ ထိုအရပ်တွင် ပစ္စည်းတင်ရန် မြင်းသုံးသည့် အလေ့နည်း သည်။ လားကို အများစုသုံးကြသည်။ လားက အကောင်လည်းထွားပြီး အလေးအပင် တင်နိုင်သည်။ လားဆိုသည့်အကောင်က သူဘာသာမျိုးမပွါးနိုင် မြည်းအထီးနှင့်မြင်းမကိုစပ်၍ သားဖေါက်ကြရသည်။ မြည်းက အကောင်သေးသော်လည်းဝန်ထမ်းနိုင် စွမ်းရှိသည်။ မြင်းက အကောင်ကြီးသော်လည်း ဝန်သိပ်မထမ်းနိုင်။ မြည်ထီးနှင့်မြင်းမ သားစပ်လိုက်သောအခါ အကောင် လည်းကြီး ဝန်လည်းထမ်းနိုင်သည့် အသုံးဝင်သည့် လားများရရှိသည်။

အဆိုပါမြင်းလားများကို တပ်မဟာရုံးအဖွဲ့ ဆေးရုံအဖွဲ့ထောက်ပံ့ရေးအဖွဲ့များတွင်လည်းသုံးသည်။ ထို့ပြင် တပ်ရင်းကေဒါ ( ရင်းနိုင်ငံရေးမှူး/ရင်းမှူး) တပ်မဟာကေဒါ (တပ်မဟာနိုင်ငံရေးမှူး/ တပ်မဟာမှူး) များအတွက် စီးမြင်းများလည်း ပေး ထားသည်။ ထို့ကြောင့် တပ်ဖွဲ့များအတွင်း တိုက်ခိုက်ရေးရဲဘော်များသာမက မြင်းထိန်းရဲဘော်အဖြစ် တာဝန်ယူရသူများ လည်းရှိသည်။

တပ်မဟာ ၂ လက်အောက်ခံအဖြစ် တပ်ရင်း ၄ ရင်း ရှိသည်။ ရင်း ၃ဝ၃၁ အားအထူးတပ်ရင်း ရင်း ၃ဝ၃၃ အား ရင်း ၁ ရင်း၃ဝ၃၇ အား ရင်း၃ အဖြစ်အလွယ်ခေါ်ကြသည်။ တပ်ဖွဲ့စည်းပုံက ၃ ယောက်တဖွဲ့၊ ၃ ဖွဲ့ တစိတ်၊ ၃ စိတ် တစု၊ ၃ စု တခွဲ ၊ ၃ ခွဲ တရင်းဖြစ်သည်။ ဖွဲ့စည်းပုံအပြည့်ဆိုလျှင် တရင်းလျှင် အင်အား ၃ဝဝ ခန့်ရှိရမည်ဖြစ်သော်လည်း မိမိရောက်သည့်အချိန်
မှာတော့ တခွဲလျှင် လူ ၆ဝ ခန့်နှင့် တရင်းလျှင် ၂ဝဝ မပြည့်တတ်တော့ပေ။ တပ်မဟာ ၂ လက်အောက်ခံ ၄ ရင်းဖြစ်သော်လည်း ရင်း ၁ဝ၇ ကိုတော့အစိုးရခံစစ်ကြောင်းနောက်ဘက်သို့ တရင်းထဲ စေလွှတ်လှုပ်ရှားခိုင်းထားရာ လက်ရှိအခြေခံဒေသတွင်း တပ်ရင်း ၃ ရင်းသာရှိသည်ဟု ဆိုပါသည်။

ထိုသို့အင်အားစုဖွဲ့မှုနှင့် တပ်မဟာ ၂ ရှေ့တန်းသို့ မိမိရောက်လာချိန်၌ တပ်မဟာ ၂ လက်ရှိလှုပ်ရှားနေသည့်နေရာသည် မိမိဘက်မှ အခိုင်အမာစခန်းများမရှိဘဲ အစိုးရတပ်စခန်းများ အစိုးရစစ်ကြောင်းများနှင့် နီးကပ်စွာ လှုပ်ရှားနေသည့်နေရာ ဖြစ်ပေရာ စိတ်လှုပ်ရှားဘွယ်အခြေအနေဟု ဆိုရပါမည်။ ထို့ပြင် စိမ်းမြမြတောင်တန်းများ မြူနှင်းဖြူများ အေးမြသော မိုးရေ စက်တို့နှင့်အတူ အတွေ့အကြုံသစ်များအား တွေ့ကြုံ ရတော့မည် မဟုတ်ပါလော။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး (Mg Mg Soe)

photo ကျန်းစစ်မင် ခေါ် ကိုကြည်မြင့်
ရင်း ၃ဝ၃၁ ခေါ် အထူးတပ်ရင်းမှူး (၁၉၇၆)၊ ယခု မိုင်းလားအဖွဲ့ အတွင်းရေးမှူး