စံလှကြီး - အတိတ်သမိုင်းများအား မျက်မှောက်ခေတ် အတွေးအမြင် အသိဖြင့် ...



စံလှကြီး - အတိတ်သမိုင်းများအား မျက်မှောက်ခေတ် အတွေးအမြင် အသိဖြင့် ဝေဖန်အကဲဖြတ်သော်
(မိုးမခ) မေ ၄၊ ၂၀၁၇

"ကိုယ် ချစ်နေတဲ့ မိန်းကလေးဆီက ဓာတ်ပုံလေး တစ်ပုံရရင် ဘဝတစ်ခုလုံး ရလိုက်သလို ခံစားရတဲ့ ဖီလင်ကို ဒီခေတ် ကောင်လေးတွေ မခံစားတတ်တော့ပါဘူးဗျာ။ ကိုယ့်တုန်းကတော့ တကယ်ပါ။ ဓာတ်ပုံလေးကို ဟိုနားဖွက်ရကောင်းနိုး ဒီနားသိမ်းရကောင်းနိုးနဲ့ တကယ် ဘဝ တစ်ခုလုံး ရလိုက်သလိုပါပဲ"

အသိ တစ်ယောက်၏ သူ့ငယ်စဉ်ဘဝကို လွမ်းဆွတ်စွာ ပြောသံ ဖြစ်ပါသည်။ သူက ၁၉၉၀ ခန့် ပတ်ဝန်းကျင်တွင် အရွယ်ရောက်ခဲ့သူ ဖြစ်သည်။ အဲဒီ အချိန်တုန်းက အခုကာလလို ကင်မရာပါသော လက်ကိုင်ဖုန်းတွေ မပေါ်သေး။ ဓာတ်ပုံ ရိုက်လိုလျှင် ဓာတ်ပုံဆိုင်သို့ တကူးတက သွားရသည်။ ဒစ်ဂျစ်တယ် ကင်မရာတွေလည်း မရှိ ဖလင်လိပ်ထည့်ပြီး ရိုက်ရသော ကင်မရာတွေသာ ရှိသည်။ ကင်မရာကြီးတွေကလည်း အကြီးကြီး ရိုက်လိုက်လျှင် မီးရောင်က တဖျပ်ဖျပ် လင်းသေးသည်။ လူတစ်ယောက်ကို သူမသိပဲ ဓာတ်ပုံခိုးရိုက်ဖို့ သိပ်မလွယ်။ ပြီးတော့ ကင်မရာကလည်း လူတိုင်းမှာ မရှိ။ ထို့ကြောင့် ဓာတ်ပုံဆိုတာ ရှားပါး ပစ္စည်းလို ဖြစ်ခဲ့သည်။ ယောကျာ်းပျို တစ်ဦး အနေဖြင့် သူနှစ်သက်စွဲလမ်းသော မိန်းမပျို၏ ဓာတ်ပုံကို ရဖို့ အတော်ခက်သည်။ ဒီတော့ မိန်းကလေးတွေကလည်း သူတို့ ဓာတ်ပုံကို လုံလုံခြုံခြုံ သိမ်းသည်။ အဲဒီအချိန်ကတော့ ယောကျာ်းလေး တစ်ယောက်သည် သူကြိုးစားနေသော မိန်းကလေး၏ ဓာတ်ပုံကို ရပြီဆိုလျှင် လက်ခမောင်း ခတ်ပေရော့။ ဒီလိုနှင့် တကယ်ပဲ ဘဝတစ်ခုလုံး လက်တွဲသွားရသူတွေလည်း ရှိခဲ့ဖူးသည်။

သို့သော် ဒီဘက်ခေတ် ၂၁ ရာစုဦးမှာ အရွယ်ရောက်သူ အဖို့ကတော့ ဓာတ်ပုံ ဆိုသည်မှာ ရှားပါးပစ္စည်း မဟုတ်တော့ပြီ။ လူတိုင်းလို လက်ကိုင်ဖုန်းရှိပြီး ကင်မရာလည်း ပါပြီးသား ဖြစ်သည်။ လက်ကိုင်ဖုန်းလေးတွေကလည်း သေးသေးလေးတွေ ဖလင်လည်း ထည့်စရာမလို။ ဒီတော့ လူတစ်ယောက်၏ ဓာတ်ပုံကို ခိုးရိုက်ဖို့ ဆိုတာ လုံးဝ မခက်တော့ဟု ဆိုနိုင်သည်။ ဓာတ်ပုံ ခိုးရိုက်ဖို့တောင် မလိုတော့ပြီ။ ၂၁ ရာစု၏ သမီးပျိုများက သူတို့၏ facebook စာမျက်နှာများတွင် အလှဓာတ်ပုံများကို နာရီနှင့်အမျှ တင်နေသည် မဟုတ်လား။ တခါတရံ ဓာတ်ပုံအောက်တွင် "စမီးလှလား ကြည့်ကြပါဦး အောဖျန့်တို့" ဟူသော စာသားများပင် ရေးထားပေဦးမည်။ ဓာတ်ပုံ ဆိုတာ ရှားပါးပစ္စည်းမှ မဟုတ်တော့ပဲလေ အဘယ်အကြောင်းကြောင့် လုံခြုံစွာ သိမ်းနေတော့အံ့နည်း။

ဒီတော့ ၂၀ ရာစု နှောင်းပိုင်းကလူက သူ့တုန်းက ဓာတ်ပုံလေး ရလိုက်တာ ဘဝတစ်ခုလုံး ရလိုက်သလို ပျော်ခဲ့ရတယ်ဟု ပြောတာကို ၂၁ ရာစု ကာလသားသမီးတွေက နားမလည်တာ မဆန်းတော့ပြီ။ ခေတ်တွေ ပြောင်းသည်နှင့်အမျှ ရုပ်ဝတ္ထုပစ္စည်းတွေ လူတွေရဲ့ ခံယူချက်တွေ အကုန်ပြောင်းခဲ့လေပြီ။

၁၉၈၈ မတိုင်မီ ဆိုရှယ်လစ်ခေတ်ကို မီလိုက်သူက "ကိုယ်တို့တုန်းက နို့ဆီတို့ ငါးသေတ္တာဗူးတို့ ဆိုတာ အလွယ်တကူ ဝယ်လို့ မရဘူး။ ပြည်သူ့ဆိုင်မှာ ခွဲတမ်းနဲ့ ထုတ်ရတာ။ အဲဒီတုန်းက ဓာတ်ဗူးဆိုတာ ဗီအိုင်ပီ ပစ္စည်းပဲ မဲတောင် ဖောက်ယူရတယ်" ဟုပြောသည့် အခါ ၂၁ ရာစုလူသားက နားမလည်နိုင်။ ဟုတ်မှ ဟုတ်ရဲ့လားဟုပင် တွေးကောင်းတွေးမည်။ သူ့ခေတ်တွင် နို့ဆီ၊ ငါးသေတ္တာဗူး၊ ဓာတ်ဗူး ဆိုတာတွေက နေရာတကာမှာ ဝယ်၍ ရနိုင်သည်ကိုး။

ကြည့်စမ်း။ မျိုးဆက် တစ်ခုသာ ခြားနားသော အချိန် ၂၀ ရာစုနှောင်းပိုင်းနှင့် ၂၁ ရာစုဦးမှာပင် ဤမျှ ကွာခြားခဲ့သည်။ နောက်မျိုးဆက်က သူ့ရှေ့မှ မျိုးဆက်ကို အချို့နေရာတွင် လုံးဝ နားမလည်နိုင်။ ရင်ဆိုင် ကြုံတွေ့ရသော ခေတ်အခြေအနေက လုံးဝ ခြားနားသောကြောင့် ဖြစ်သည်။

မျိုးဆက် တစ်ခုနှင့် တစ်ခု အနှစ် ၂၀ ကျော် ၃၀ ခန့်သာ ကွာခြားသော အချိန်တွင်ပင် ဤသို့ နားမလည်နိုင် ဖြစ်သည် ဆိုပါက ရှေ့မှ ရာစုနှစ်ပေါင်းများစွာ ကွာခြားခဲ့သော လူသားများကို ကိုယ့်ခေတ်၏ အမြင်၊ အတွေး၊ အတွေ့အကြုံတို့ဖြင့် သွားရောက် အကဲဖြတ်ပါက မည်သို့ရှိမည်နည်း။ ပို၍ ဆိုးပေမည်။ အချို့နေရာတွင် တူတာတွေ ရှိမည်။ လုံးဝ ခြားနားတာတွေလည်း ရှိမည်။ အရာခပ်သိမ်းကို ကိုယ့်ခေတ်ရဲ့ အမြင်တွေနဲ့ သွားကြည့်လို့ မရနိုင်။ သို့ကြောင့်ပင် သမိုင်းပညာရှင်များက ကိုယ်နှင့် ခေတ်မတူသော သမိုင်းထဲက လူသားများကို နားလည်ဖို့ ဆိုသည်မှာ သူတို့ခေတ်၏ အခြေအနေများကို နားလည်မှ ရမည်ဟု ဆိုကြခြင်း ဖြစ်ပေမည်။

ပုဂံ ရာဇဝင်ထဲမှ သူရဲကောင်း အုတ်လှငယ်၏ အကြောင်းကို လူတိုင်းလိုလို ကြားဖူးကြသည်သာ ဖြစ်သည်။ အကျဉ်းချုပ်ရလျှင် ဘုရင့်ထံသို့ အရေးကြီး စစ်သတင်း တင်လျှောက်ရန် တမန်အဖြစ် လာသည်။ ဘုရင်ကိုယ်တိုင်ကလည်း ထိုသတင်း မျှော်နေသူ ဖြစ်သဖြင့် သူ့ကို မြင်မြင်ခြင်း အခြေအနေမေးရန် ခြေမြန်တော်တွေ လွှတ်သည်။ သူက အထွေအထူး မပြော အုတ်လှငယ် လာသည်ဟုသာ ဆိုသည်။ သည်တွင် ဘုရင် ဖြစ်သူ ဒေါမာန်ထကာ သတ်စေ အမိန့်ထုတ်သည်။ သူက စစ်သတင်းကို ဘုရင့်ထံ သံတော်ဦး တင်ပရစေဟု ဆို၍ ဘုရင့်ရှေ့သို့ရောက်မှ သူ့ဦးခေါင်းကို ပေါင်းထားသော ပဝါကို ဖြည်သည်။ နေ့မအိပ် ညမအိပ် ဆန်တက်လာရသဖြင့် ဆံပင်များပင် ဆွေးမြည့်ကာ အထွေးထွေး ကျလေသည်။ အုတ်လှငယ် တင်လျှောက်တာက "အရှင့် အမှုတော်ကို ဦးဆွေးဆံမြည့် ထမ်းပါသည်ကို အရှင်မြင်တော်မမူ၊ လွယ်လင့်တကူ မလျှောက်သာသောကြောင့် ကျွန်တော် မလျှောက်လိုက်ပေသည်" တဲ့။ အုတ်လှငယ် တင်လျှောက်သော စကားတွင် "အရှင့်အမှုတော်ကို ဦးဆွေးဆံမြည့် ထမ်းပါသည်" ဆိုတာကို အထူးပြုပြီး ပြောသွားတာ တွေ့ရမည်။ တိုင်းပြည်အတွက်လို့ မဆို၊ လူမျိုးအတွက်လို့လည်း မပြော အရှင့်အမှုတော်ကို ဦးဆွေးဆံမြည့် ထမ်းပါသည်တဲ့။

အင်းဝခေတ် အင်းဝ-ဟံသာဝတီ စစ်ပွဲတွင်လည်း ဤဖြစ်ရပ်မျိုးကို တွေ့ရသည်။ ဟံသာဝတီမှ သူရဲကောင်း လဂွန်းအိမ်မှာ တိုက်ပွဲတွင် ဒဏ်ရာရသည်။ ဒဏ်ရာမှာ ပြင်းထန်လှပြီး အသက် သေနိုင်သော ဒဏ်ရာ ဖြစ်သည်။ အင်းဝမှ အိမ်ရှေ့မင်းသား မင်းရဲကျော်စွာက "မင်းကို ငါမစမည်၊ သူကောင်းပြုမည်။ ဘာမျှ မစိုးရိမ် မကြောင့်ကြနှင့်" ဟု အားပေးသည်။ လဂွန်းအိန်က "ကျွန်ုပ် လူဖြစ်နိုင်တော့မည် မဟုတ်ပါ။ အနာသည်းလှသည်" ဟု ဆိုသည်။ မင်းရဲကျော်စွာက လဂွန်းအိမ်ကို ထမင်းစားမည်လောဟု မေးသောအခါ လဂွန်းအိန်က "အရှင် တစ်ယောက်၏ ထမင်းကိုသာ ကျွန်ုပ်ဝမ်းသို့ ဝင်စေမည်။ အရှင်နှစ်ယောက်တို့၏ ထမင်းကို ကျွန်ုပ်ဝမ်းသို့ မသွင်းပါ" ဟု ဆိုသည်။ ယနေ့ခေတ် အမြင်နှင့် ကြည့်သော် လဂွန်းအိန်က မွန်လူမျိုး ဖြစ်သည်။ မင်းရဲကျော်စွာမှာ ရှမ်း-မြန်မာ ဖြစ်သည်။ သို့သော် အဖဘက်မှ အမျိုးကိုသာ အလေးအမြတ်ပြုသော ခေတ်တွင် သူသည် မြန်မာမင်းသား အဖြစ်သာ မှတ်တမ်းဝင်ခဲ့သည်။ လဂွန်းအိန်သည် သေအံ့မူးမူ အချိန်တွင်ပင် ယနေ့ခေတ်လူများ ပြောကြမည် ဖြစ်သော လူမျိုးရေး မုန်းတီးမှု စကားများကို မပြော။ သူတို့ခေတ်က ထိုအတွေးများလည်း မရှိ။ ရှမ်းတွေ မြန်မာတွေ မွန်တွေ မရှိ။ ဘယ်ဘုရင်ကို သစ္စာခံသလဲ ဆိုတာသာ အရေးကြီးသည်။ သူပြောတာက ရှင်းရှင်းလေး အရှင်တစ်ယောက်၏ ထမင်းကိုသာ ဝမ်းသို့ဝင်စေမည်တဲ့။ တိုင်းပြည်ဆိုတာလည်း မပြော၊ လူမျိုးဆိုတာလည်း လေသံပင် မဟ အရှင့်အတွက်ဟုသာ ပြောသွားလေသည်။ (သိသာစေရန် လူမျိုး အမည်များ ထည့်ရသော်လည်း လူမျိုးရေး အစွဲဖြင့် မကြည့်ရန် လိုပေသည်။)

ကုန်းဘောင်ခေတ်တွင်လည်း ထို့အတူပင်။ အလောင်းမင်းတရား ဦးအောင်ဇေယျ စံနေသော ရွှေဘိုသို့ ရန်သူတပ်များ လာဝိုင်းကြသည်။ ရန်သူက အလွန် အင်အားကြီးပြီး ဦးအောင်ဇေယျက အင်အားနည်းသည်။ ဒီတော့ ဦးအောင်ဇေယျက ရန်သူကို ဘယ်လိုတိုက်မလဲ ဆိုတာကို သူ့ရဲမက်တွေ ကျေးကျွန်ရင်းတွေကို ခေါ်၍ တိုင်ပင်သည်။ ဦးအောင်ဇေယျ၏ ရဲမက်များ ပြောသော စကား အနှစ်ချုပ်မှာ "ကျွန်တော်တို့မှာ အလုံးအရင်း နည်းသော်လည်း အရှင့်အရေး ကိုယ့်အရေး ဖြစ်၍ တယောက်ကို တရာမတန် အမှုတော်ကို သက်စွန့်ကြိုးပမ်း ထမ်းရွက်ကြမည်ချည်း ဖြစ်ပါသည်" တဲ့။ အားလုံးက "အရှင့်အရေး ကိုယ့်အရေး" ဟူသော စကားကိုသာ ပြောကြသည်။ ဦးအောင်ဇေယျတွင် ငသိုက်စပ် ဟူသော ရဲမက်တော် လူရင်း တစ်ယောက်လည်း ရှိသည်။ ယနေ့ခေတ် အသုံးအနှုန်း အရ ဆိုလျှင် ငသိုက်စပ်က မွန်လူမျိုး ဖြစ်သည်။ ဦးအောင်ဇေယျကို လာဝိုင်းသော ရန်သူ ဟံသာဝတီတပ်များတွင်လည်း မွန်လူမျိုးများ ဦးဆောင်လာသည်။ တိုက်ကြ ခိုက်ကြတော့ ရန်သူက ညအမှောင်ကို အားပြုကာ ညတိုက်ပွဲ ဆင်သည်။ သူတို့ခေတ်တွင် ညတိုက်ပွဲက ထိုးစစ်ဆင်သူ အတွက် တပန်းမက သာဟန် ရှိသည်။ အဘယ်ကြောင့် ဆိုသော် ယနေ့ခေတ်လို မောင်းပြန်သေနတ်တွေ စက်သေနတ်တွေ မပေါ်သေး တက်လာသော ရန်သူကို မကောင်းသူထိပ် ကောင်းသူထိပ် ရမ်းပစ်လို့ မရ။ သူတို့ခေတ်က မီးပေါက်သေနတ်တွေက တစ်ချက်ပစ်ပြီးမှ နောက်တစ်ချက် ပစ်လို့ရသည်။ မသေချာပဲ လုံးဝ ပစ်လို့မရ တစ်ချက်ပစ်ဖို့လည်း တော်တော်ကြာသည်။ ဒီတော့ ညအမှောင်မှာ သေနတ်သမားများသည် လုံးဝ သုံးလို့မရသလောက် ဖြစ်နေသည်။ ရန်သူကလည်း ဤအချက်ကို အားပြုကာ ညဖက် တိုက်ခြင်း ဖြစ်သည်။ လုံးထွေး တိုက်ခိုက်နေတုန်းမှာ ငသိုက်စပ်က အမှတ်တမဲ့နှင့် ရန်သူအုပ်ထဲ ရောဝင်သွားသည်။ ရန်သူများနှင့် အမှတ်တမဲ့ စကားဝင်ပြောတော့ သူတို့လူ ထင်သဖြင့် ငြိမ်နေကြတုန်းမှာ ရန်သူတွန်းလာသော လှည်းတွေပေါ်က ကောက်ရိုးတွေကို ငသိုက်စပ်က မီးတင်ရှို့လိုက်သည်။ မီးရောင်တွင် ရန်သူတွေကို ထင်ထင်လင်းလင်း မြင်လိုက်ရပြီ ဖြစ်သော သေနတ်သမားများက စိတ်ကြိုက် ပစ်ခတ်ရာ ရွှေဘိုတပ်သားများ အောင်ပွဲခံနိုင်တော့သည်။ တိုက်ပွဲပြီးတော့ ဦးအောင်ဇေယျက သူ့ကျွန်ယုံတော်ကို သမိန်ပရမ်းဟူသော ဘွဲ့ဖြင့် ချီးမြှင့်သည်။

ဤသည်ကို ကြည့်သည်နှင့် သူတို့ခေတ်က လူများ၏ စိတ်နေစိတ်ထားကို မြင်နိုင်သည်။ သူတို့မှာ လူမျိုးရေး ဆိုတာ မရှိသလောက်ဟု ဆိုနိုင်သည်။ အရှင့်အတွက် ဆိုတာက ပိုအရေးကြီးသည်။ သူတို့ခေတ်နှင့် သူတို့ကျတော့လည်း မမှား။ ဦးအောင်ဇေယျ ရှုံးနိမ့်လျှင် သူ့ရဲမက် ကျေးကျွန်ရင်းများလည်း အကုန် ရှင်းလင်းခံရမည်။ ရန်သူအနေဖြင့်လည်း ငသိုက်စပ်လို လူကို လူမျိုးတူတာတွေ စကားတူတာတွေ ကြည့်နေမှာ မဟုတ်။ သူသည် ဦးအောင်ဇေယျ၏ လူသာ ဖြစ်သည်ဟု မြင်လိမ့်မည်။ သူတင်မက သူ့မိသားစုပါ ရှင်းလင်းခံရဖို့ သေချာသလောက် ရှိသည်။ ဒီတော့ အားလုံးက အရှင့်အရေး ကိုယ့်အရေးဟု သဘောထားပေမည်ပေါ့။

ယနေ့ခေတ်လူတွေ ပြောနေကြသော လူမျိုးကြီးဝါဒဖြင့် အနိုင်ကျင့်သော သမိုင်းဆိုသည်မှာ အဘယ်မှာနည်းဟု မေးရမလိုပင်။ လူမျိုးကြီးဝါဒတို့ ဘာတို့ ဆိုတာ ဟိုခေတ်က လူတွေက သိတောင် သိမှာမဟုတ်။ ဘာလူမျိုးလဲ ဆိုတာ တွေးတောင် တွေးမိမည် မထင် အရှင့်အတွက်ဟူသော စိတ်ထားဖြင့်သာ တိုက်ကြ ခိုက်ကြခြင်း ဖြစ်သည်။ သူတို့ ပတ်ဝန်းကျင်တွင်လည်း အရှင့်အရေး ကိုယ့်အရေး၊ အရှင်ဘုန်းကြီး ကျွန်ဓားပြီး၊ အရှင်မွေးတော့ နေ့ချင်းကြီး၊ အရှင်သုံးတော့ ဓားမတုံးထက် ဆိုတဲ့ စကားပုံများသာ ရှင်သန်ခဲ့သည်။ ဒီတော့ ဟိုခေတ်က စစ်ပွဲတွေကို ကိုယ်က ဒီဘက်ခေတ် လူမျိုးစွဲ အမြင်ဖြင့် ကြည့်သော် မှန်ပါဦးမည်လား။

အင်အားကြီးမားသော တပင်ရွှေထီး၊ ဘုရင့်နောင်ကဲ့သို့သော ဘုရင်များ လက်ထက်တွင် မြန်မာတို့သည် လက်ရှိ နယ်နမိတ်ကိုပင် ကျော်ကာ အင်ဒိုချိုင်းနား ကျွန်းဆွယ်နိုင်ငံများကို တိုက်ခိုက်ခဲ့ဖူးသည်။ ထူးခြားသည်မှာ ချီတက်ရာ လမ်းတလျှောက်ရှိ မြို့ရွာများတွင် ရန်သူ့ နိုင်ငံသားများကိုပါ စစ်သားအဖြစ် စုဆောင်း သိမ်းသွင်းသွားခြင်း ဖြစ်သည်။ တခါတရံ ရန်သူဘုရင်၏ ညီတော် သားမက်တော် စသည့် သွေးသားရင်းချာများကိုပါ စုဆောင်း သိမ်းသွင်းခဲ့သည်။ ယနေ့ခေတ် ဆိုလျှင်တော့ လုပ်ဝံ့မည် မဟုတ်။ ရန်သူ၏ သွေးသားရင်းချာများကို ကိုယ့်အနီးမှာ နေစေဖို့ ဆိုသည်မှာ အန္တရာယ် များလှသည်။ သို့သော် သူတို့ခေတ်က လူမျိုးတို့ တိုင်းပြည်တို့ ဆိုသော သဘောတရားများ မရှိ။ ရန်သူဘက်မှလည်း သူတို့ကို အုပ်ချုပ်သော အယုဒ္ဓယဘုရင်၊ ဇင်းမယ်ဘုရင်တို့ကို မနှစ်သက်လျှင် တောင်ငူဘုရင်၊ ဟံသာဝတီဘုရင် တို့ထံ ပြောင်းလဲ သစ္စာခံမည် ဟူသော သဘောထားသာ ရှိသည်။ ဒါကိုပင် ယနေ့ခေတ်ကျတော့ အမျိုးသားရေးစိတ်ဓာတ် နှိုးဆွဖို့ အတွက် တို့လူမျိုးတွေကို တခြား လူမျိုးတွေက လာအနိုင်ကျင့်သွားသည်ဟု ရေးချင် ရေးကြလိမ့်မည်။

ဟိုရှေးခေတ်က လူတွေက စစ်တိုက်တာက အရှင့်အတွက် ဟူသော စိတ်ထားဖြင့် တိုက်သည်။ ယနေ့ခေတ် လူများကျတော့ ရှေးခေတ် စစ်ပွဲများကို အမျိုးသားရေး စိတ်ဓာတ် တက်ကြွဖို့ အတွက် လူမျိုးရေး အမြင်ဖြင့် ကြည့်သည်။ အတော်တော့ အဆီအငေါ် မတည့်သော ကိစ္စ ဖြစ်သည်။ ခေတ်ချင်း မတူသော လူသားများကို နားလည်ဖို့ ဆိုသည်မှာ တခါတရံ ခက်လှပေသည်။

လူ့သမိုင်းကား အစဉ်တစိုက် ပြောင်းလဲလျှက်သာ နေသည်။ ၂၁ ရာစု မြန်မာနိုင်ငံသားများ၏ တွေးပုံ၊ လုပ်ပုံ၊ ပြောဆိုပုံ တို့ကိုရော နောက်ရာစုနှစ်များမှ မျိုးဆက်သစ်များက မည်သို့ အကဲဖြတ်ကြမည်နည်း။ အလွန်တော်သည်ဟု ပြောကြမည်လား အလွန်ရှော်သည်ဟု ကဲ့ရဲ့ကြမည်လား။ နောင်လာမည့် မျိုးဆက်သစ်များက ကိုယ့်ကို အကောင်းမြင်စေရန် အတွက် အားလုံးတွင် တာဝန်ရှိနေပေသည်။

မှီငြမ်း

ဦးကုလားမဟာရာဇဝင်ကြီး(ပထမတွဲ)

ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း(နိုင်ပန်းလှ)

ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး(ဦးမောင်မောင်တင်)

(မေ ၁ ရက်နေ့ ၂၀၁၇ ထုတ် ဒီလှိုင်းဂျာနယ် အတွဲ (၆) အမှတ် (၁၆) တွင် ပုံနှိပ် ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)