ဗိုလ်မှူးကြီးစောလွင် (ခ) ဦးဌေးအောင် (ကယန်းပြည်သစ်ပါတီ) ၏ အထုပ္ပတ္တိအကျဉ်း



ကွယ်လွန်သူ ဗိုလ်မှူးကြီးစောလွင် (ခ) ဦးဌေးအောင် (ကယန်းပြည်သစ်ပါတီ) ၏ အထုပ္ပတ္တိအကျဉ်း
(မိုးမခ) မေ ၁၊ ၂၀၁၇
(ဈာပနာတွင် ဝေသော လက်ကမ်းစာစောင်မှ ကူးယူဖော်ပြသည်)
ကယန်းပြည်သစ်ပါတီ၊ တွဲဖက်အတွင်းရေးမှူး ၁၊ ဗိုလ်မှူးကြီးစောလွင် (ခ) ဦးဌေးအောင် အတွက် ရက်လည်အခမ်းအနားကို သံလျင်မြို့၊ မြို့သစ်ရပ်၊ ပန်းတိမ်တန်းလမ်း အမှတ် ၁၁ နေအိမ်မှာ ကျင်းပခဲ့ပါတယ်။ ဆွေမျိုးမိတ်သင်္ဂဟများ၊ နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်များ လာရောက်ခဲ့ကြပြီး ဗိုလ်မှူးကြီးစောလွင်ရဲ့ အထုပ္ပတ္တိအကျဉ်း လက်ကမ်းစာရွက်ကို ဖြန့်ဝေခဲ့ပါတယ်။

 
ဗိုလ်မှူးကြီးစောလွင် တွဲဖက်အတွင်းရေးမှူး(၁) ကယန်းပြည်သစ်ပါတီ

အမည်ရင်းမှာ ဌေးအောင်ဖြစ်သည်။ အဖ ဦးသန်း အောင် (လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယဆင့်)၊ အမိ ဒေါ်လှညွန့် တို့မှ ၁၉၅၃ မေ ၁၆ ရက်နေ့တွင် သန်လျင်မြို့၌ မွေးဖွားသည်။ မွေးချင်း ၅ ယောက် အနက် ဦးသက်အောင်၊ ဦးယုအောင်၊ (ဦးထင် အောင်)၊ ဒေါ်ညွန့်ညွန့်အောင်တို့၏ အကိုအကြီးဆုံး ဖြစ်သည်။

သူငယ်တန်းမှ ဂ တန်းအထိ သံလျင်မြို့ အလက ၂ ၌ လည်းကောင်း၊ ၉ တန်း နှင့် ၁၀ တန်းကို သံလျင်မြို့ အထက ၁ တွင်လည်းကောင်း ပညာဆည်းပူးခဲ့သည်။ ဂ တန်း၊ ၉တန်း၊ ၁၀ တန်းတွင် လူရည်ချွန်သုံးထပ် ကွမ်း ရရှိခဲ့သူ ဖြစ်သည်။

၁၉၇၀ ခုနှစ်တွင် ၁၀ တန်းအောင်ပြီး ဥပဒေအဓိက ဘာသာရပ်ယူကာ ရန်ကုန်တက္ကသိုလ် တက်ရောက်ခဲ့ သည်။

၁၉၇၄ ဒီဇင်ဘာတွင် ဖြစ်ပွားခဲ့သော ဦးသန့် ကျောင်း သားလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင် လှုပ်ရှားခဲ့သည်။

၁၉၇၅ ဇွန်လတွင် အလုပ်သမားလှုပ်ရှားမှု နှစ်ပတ်လည် ရွှေတိဂုံသပိတ်တွင် ရန်ကုန်တက္ကသိုလ် နောက် ဆုံးနှစ် ဥပဒေ ကျောင်းသားခေါင်းဆောင်အဖြစ် ဦး ဆောင် လှုပ်ရှားခဲ့သည်။

၁၉၇၅ ခုနှစ် သြဂုတ်တွင် မဆလ စစ်ထောက်လှမ်း ရေး၏ ဖမ်းဆီးခြင်းခံရပြီး ထောင်ဒဏ် ဂ နှစ် ချမှတ် ခြင်းခံရသည်။ ထောင်တွင်းတိုက်ပွဲများတွင် ရှေ့တန်းမှ တိုက်ပွဲဝင်ခဲ့သည်။

ထောင်တွင်း ၅ နှစ်ကျော် နေခဲ့ရပြီး ၁၉၈၀ ခုနှစ် နှစ် ဆန်းပိုင်းတွင် ၂/ဂ၀ အထွေထွေ လွတ်ငြိမ်းချမ်းသာ ခွင့်အရ အင်းစိန်ထောင်မှ လွတ်သည်။

၁၉၈၁ ခုနှစ်တွင် တက္ကသိုလ်စာပေးစာယူသင်တန်းမှ ဥပဒေဘွဲ့ရရှိခဲ့သည်။ ၁၉၈၈ ခုနှစ်အထိ ဗဟိုတရားရုံး ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခဲ့သည်။

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကာလ၌သန်လျင် မြို့နယ်သပိတ်ကော်မတီတွင် ပါဝင်ခဲ့သည်။ ဟံသာ ၀တီခရိုင် ဗကသကို ဦးဆောင်ဖွဲ့စည်းပေးခဲ့သည်။

၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ စတင်ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး ၀ါဒဖြန့်ချိရေး ကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ ရန်ကုန်တိုင်း ဥက္ကဌ တာဝန်ယူခဲ့ပြီး ပထမအကြိမ်ညီလာခံကိုယ်စား လှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၈၉ ခုနှစ် ဇူလိုင်တွင် နယ်စပ် တော်လှန်ရေးဒေသ သို့ ထွက်ခွာခဲ့သည်။ ABSDF တွင် တာဝန်ထမ်း ဆောင်ခဲ့သည်။

တပ်မဟာ ၃၊ တပ်ရင်း ဂ ခွင်၌ KNU မှ ဖဒိုမန်းရှာနှင့် အတူ ဖြူး၊ ညောင်လေးပင်ခရိုင်၊ တာပလူ ရှေ့တန်း စခန်း ဖြစ်သော DAB အမာခံနယ်မြေ တည်ဆောက် ရေးတာဝန်ခံ၊ တပ်ရင်းမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၉၂ ခုနှစ် ဧပြီလတွင် အလယ်ပိုင်းဗြူရို၌ ရလလဖ စစ်ကြောင်းနှင့်အတူ ABSDF ကိုယ်စားလှယ်အဖြစ် လပဒတ သို့ ၀င်ရောက်ခဲ့သည်။

၁၉၉၃ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကယန်းပြည် သစ်ပါတီတို့ ခေါင်းဆောင်ပြုလုပ်သော ခိုင်တိုးချဲ့ စစ်ဆင်ရေး အဆင့် ၃ ဒုတိယပတ်တွင် စစ်ဆင်ရေး ကော်မတီဝင်အဖြစ် ABSDF တပ်ရင်း ၂၁၀ နှင့်အတူ ခေါင်းဆောင်ပါဝင်ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ကယန်းပြည်သစ်ပါတီသို့ ၀င်ရောက် ခဲ့သည်။ ၁၉၉၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်မှ စတင် ၍ ကယန်းပြည်သစ်တပ်မတော် အမှတ် ၆၄၇၇ တပ်ရင်း၏ နိုင်ငံရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန် ပေးအပ်ခံရသည်။

၁၉၉၆ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် မသူသူအောင်နှင့် လက်ထပ်ခဲ့သည်။

၂၀၀၇ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် လက်နက်ဥပဒေ၊ သွင်းကုန်ထုတ်ကုန် ဥပဒေဖြင့် အခြား ၁၀ ဦးနှင့်အတူ မတရားဖမ်းဆီးခြင်းခံရကာ အထူးတရားရုံးဖြင့် ၁၆ နာရီအတွင်း အမှုစစ်ဆေးပြီး ရမည်းသင်းခရိုင်တရား ရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။ ၂၀၁၂ ဧပြီလ ၃ ရက်နေ့တွင် မန္တလေး၊ အိုးဘိုထောင် မှ လွတ်မြောက်ခဲ့သည်။

၂၀၁၂ ခုနှစ် မတ်လတွင် ကယန်းပြည်သစ်ပါတီ၏ တွဲဖက်အတွင်းရေးမှူး ၁ အဖြစ် ဆက်လက်တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁၊ ဗိုလ်မှူးကြီးစောလွင်သည် ကုတင် ၅၀၀ ဆန့် ရန်ကုန်ဆေးရုံကြီး၌ သွေးကင်ဆာရောဂါကြောင့် အသည်းရောဂါဌာနတွင် ဆေးဝါးကုသမှု ခံယူနေရင်း ၂၀၁၇ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၃း၄၀ နာရီအချိန်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်သူသူအောင်နှင့် သား မောင်ထွန်းသူအောင်၊ မောင်မိုးသူအောင် တို့ ကျန်ရစ်ခဲ့ပါသည်။

၂၀၁၇ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့) ညနေ ၄း၀၀ နာရီ အချိန်တွင် အမှတ် ၁၁ ပန်းတိမ်တန်းလမ်း မြို့သစ်ရပ်ကွက် သံလျင်မြို့နေအိမ်မှ ဒါရ်ကာ ကာ ဘက်စတန်သို့ လမ်းလျောက်ပို့ဆောင်ကာ ဒပ်ဖနာ ပြုလုပ်ခဲ့သည်။ သံလျင်အစ္စလာမ် သုသာန်သို့ ပို့ဆောင် သဂြိင်္ုဟ်ခဲ့ပါသည်။

၂၀၁၇ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ (သောကြာနေ့) တွင် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ စီဘူးရွာ။ ကယန်းပြည် သစ်ပါတီ ဌာနချုပ်၊ ကယန်းအမျိုးသား အာဇာနည် ဗိမာန်၌ ရုပ်ကြွင်းအိုးကို ဂုဏ်ပြုအခမ်းအနားဖြင့် မြုပ်နှံ ခဲ့ပါသည်။

ဗိုလ်မှူးကြီးစောလွင် (ခ) ဦးဌေးအောင် သည် ၇၄၊ ၇၅ ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်၊ ရှေ့နေ၊ နိုင်ငံ ရေးအကျဉ်းသား၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ နှင့် ABSDF အဖွဲ့ဝင်ဟောင်း၊ ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်း ရေး၊ ဒီမိုကရေစီရေး၊ ဖယ်ဒရယ်ပြည်ထောင်စု တည် ထောင်ရေးတို့အတွက် ဘ၀တသက်တာ ကြိုးပမ်း ဆောင်ရွက်ခဲ့သူဖြစ်သည်။

 
သူ၏ သဘောထားတခု ကောက်နုတ်ချက် - အတုအယောင် ငြိမ်းချမ်းရေးလား

 ၂၀၀၈ ခြေဥဖွဲ့စည်းပုံကို မပြင်နိုင်သေးသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။
၂၀၀၈ ခြေဥကို ပြင်ကြမယ်ဆိုတဲ့ သဘောတူညီမှု အပေါ် အခြေမခံတဲ့ အမျိုးသားပြန်လည်သင့်မြတ် ရေးနဲ့ ငြိမ်းချမ်းရေးဟာ အတုအယောင်တွေပဲ ဖြစ်ပါ လိမ့်မယ်။

ရှစ်လေးလုံးအရေးတော်ပုံကို ဆင်နွှဲပြီး ၁၉၉၀ မေနဲ့ ၂၀၁၅နိုဝင်ဘာ ရွေးကောက်ပွဲတွေမှာ NLD အပြတ် အသတ် အနိုင်ရအောင် မဲပေးတိုက်ပွဲဝင်ခဲ့တဲ့ မြန်မာ ပြည်သူတွေဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ထိုက်တန်ပါတယ်။

 နောက်ဆုံးကျမှ ၂၀၀၈ ခြေဥပြင်ရေးကို လုပ်မယ် ဆို တာဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကိုပါ နောက်တန်းရောက်သွားစေတာပါ။ ဒါဆိုရင် ပြောနေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးက ဘာလဲလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ဒါကြောင့် ဒီကိစ္စကို NLD အစိုးရနဲ့ NLD ပါတီက လေးလေးနက်နက် ပြန်လည် သုံးသပ်ပေးဖို့ မေတ္တာ ရပ်ခံချင်ပါတယ်။ (ဗိုလ်မှူးကြီးစောလွင် ဖေ့စ်ဘုတ်မှ)