မောင်ဦး - ငယ်ငယ်တုန်းကထက် ပိုချစ်မယ်

ပန်းချီ မမွှေး၊ သူ့ဖေ့စ်ဘွတ်က ယူသုံးဆိုလို့ ယူသုံးပါတယ်

မောင်ဦး - ငယ်ငယ်တုန်းကထက် ပိုချစ်မယ်
(မိုးမခ) မေ ၂၆၊ ၂၀၁၇

ခေါင်းစဉ်က ‘ရာပြည့်’ ရဲ့ သီချင်းပါ။ ဒီစာသားလေးဟာ အတွေးထဲကို အလိုလိုရောက်လာတော့ မဟုတ်ပါဘူး။ အိပ်ယာက နိုးထလို့ နေ့သစ်တစ်ခုကို စ, လိုက်ပြီဆိုတာနဲ့ ကိုယ့်အာရုံကို ဝင်တိုးမိတဲ့ စာတွေ၊ သီချင်းတွေ၊ နေ့စဉ်အဖြစ်အပျက်တွေ အစရှိတဲ့ အကြောင်းတရားတွေဟာ တစ်နေရာရာမှာသွားပြီး စုစည်းမိတဲ့အချိန်တစ်ခု ရှိတတ်တယ်။ အဲ့ဒီအချိန်ဟာ စာတစ်ပုဒ်ကို စ,ရေးဖြစ်တဲ့ အချိန်ပါပဲ။ နောက်တစ်ခုက စာထဲမှာပါတဲ့ အကြောင်းအရာတွေဆိုတာကလည်း ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေရဲ့အဖြစ်အပျက်တွေ၊ သူတို့ရဲ့ပြုမူဆောင်ရွက်ချက်တွေက အများဆုံးဖြစ်နေတတ်တယ်။ ဟုတ်ကဲ့ပါ။ အခုလို အစပျိုးလိုက်ရတဲ့အကြောင်းအရင်းက ပထမအချက်အနေနဲ့ ကျွန်တော်သည် အချိန်တိုင်းလိုလို စာတစ်ပုဒ်ကို ချရေးဖို့ ကြံစည်နေတာ မဟုတ်တဲ့အကြောင်းနဲ့ ဒုတိယအချက်(ပိုအရေးကြီးပါတယ်)ကတော့ တစ်ချို့တစ်ချို့သောသူတွေ ထင်နေသလို သူတို့အကြောင်းတွေကိုပဲ ဦးတည်ပြီး ရေးသားနေတာ မဟုတ်ရပါဘူး ဆိုတဲ့ အကြောင်းပါခင်ဗျား။ (ဟဲဟဲ)

ကျွန်တော် သတိထားမိတယ်။ လူတွေဟာ အသက်အရွယ် တဖြည်းဖြည်း ကြီးရင့်လာတဲ့အခါမှာ နောက်ကို ပြန်လှည့်ကြည့်တတ်ကြတယ်။ ငယ်ဘဝကို လွမ်းတမ်းတရင်း ရှေ့ဆက်ပြီးတော့ အနာဂတ်မှာ မည်သို့မည်ပုံ ဆောင်ရွက်မယ်ဆိုတဲ့ ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေ ထားတတ်ကြတယ်။ အထူးသဖြင့် အသက်လေးဆယ်ကျော်လာတဲ့အခါမှာ စပြီး ဖြစ်တတ်တယ်လို့ ထင်မိတယ်။ ဘာ့ကြောင့်လဲဆိုတာတော့ မတွေးတတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုပါပဲ။ အသက်လေးဆယ်မပြည့်ခင်အထိ အချိန်တွေ ဘယ်လိုကုန်သွားသလဲ သတိမထားမိပါဘူး။ အသက်တွေ တစ်နှစ်ပြီးတစ်နှစ်ကြီးလာတာကိုလည်း ဂရုမထားမိပါဘူး။ အဲ … အသက်လေးဆယ်ကျော်လာတဲ့အခါကျတော့ တစ်နှစ်ကုန်သွားတိုင်း ‘ငါ အသက်တစ်နှစ်ကြီးသွားပြန်ပြီ’ ဆိုတဲ့ ခံစားမှုရှိလာတယ်။ ဟိုး … ယခင်နှစ်ကာလတွေကိုလည်း ပြန်ပြန်ပြီး တွေးမိလာတယ်။ အဲ့ဒီ့လို ပြန်တွေးတဲ့အခါမှာ ကိုယ့်ဘဝမှာ မှတ်မှတ်ထင်ထင် ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေ၊ ကိုယ့်ဘဝရဲ့ အရေးကြီးတဲ့အလှည့်အပြောင်းတွေက အဓိကအားဖြင့် လွှမ်းမိုးမှုရှိတတ်တယ်။ ကိုယ့်ဘဝရဲ့အဓိပ္ပါယ်အရှိဆုံး၊ တန်ဖိုးအရှိဆုံးလို့ သတ်မှတ်ထားတဲ့နေ့ရက်တွေလည်း အပါအဝင်ပေါ့လေ။

အဲ့ဒီနေ့ရက်တွေထဲမှာ ကိုယ့်ဘဝရဲ့လက်တွဲဖော်နဲ့ အတူတကွ ဘဝကို စပြီးလျှောက်လှမ်းရတဲ့နေ့ တနည်းပြောရရင် ထိမ်းမြားမင်္ဂလာပြုတဲ့နေ့လည်း ပါမှာ သေချာပါတယ်။ ဒါက ကိုယ်တွေ့လို့တော့ ပြောလို့မရဘူးပေါ့လေ (ကြော်ငြာ)။ ဒါပေမဲ့ သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်နှစ်နှစ်မြောက် မင်္ဂလာနှစ်ပါတ်လည်ဆိုပြီး သတင်းစာထဲမှာ ထည့်ကြတယ်။ အလှူအတန်းလုပ်ကြတယ်။ အခုခေတ်ဆိုရင် ကိုယ့်မိတ်ဆွေ၊ သူငယ်ချင်းတွေသိရအောင် facebook မှာပါ ဖော်ပြပေးကြတယ်။ ဆယ့်လေးနှစ်မြောက် နှစ်ပါတ်လည်၊ ဆယ့်ခုနှစ်နှစ်မြောက် နှစ်ပါတ်လည် စသည်ဖြင့်ပေါ့လေ။ များသောအားဖြင့်ကလည်း အသက်နှစ်ဆယ်ကျော်၊ နည်းနည်းနောက်ကျရင် သုံးဆယ်ကျော်လောက်မှာ အိမ်ထောင်ပြုကြတာကိုး။ အဲ …. ချွင်းချက်အနေနဲ့ တစ်ချို့လည်း အသက်လေးဆယ်ကို တော်တော်ကြီးကို ကျော်သွားမှ အိမ်ထောင်ပြုကြတာလည်း ရှိကောင်းရှိမှာပေါ့လေ။ ဒီလိုဆိုလည်း ဘာဖြစ်လဲ။ သူများတွေလို ဆယ်နှစ်ပါတ်လည် မလုပ်နိုင်လည်း နှစ်နှစ်ပါတ်လည် သုံးနှစ်ပါတ်လည်လောက် လုပ်ပေါ့။ အားငယ်စရာမှမဟုတ်တာ။ (ဟုတ်တယ်မဟုတ်လား ဦးလေး)

အဲ့ဒီလို မင်္ဂလာနှစ်ပါတ်လည်အထိမ်းအမှတ်တွေကို ဖတ်ရရင် ကျွန်တော်ကတော့ အင်မတန် သဘောကျတယ်။ သူတို့ကိုလည်း ချီးကျူးဂုဏ်ပြုမိတယ်။ သြော် … နှစ်ပေါင်းများစွာ တစ်ဦးတစ်ဦး ချစ်ချစ်ခင်ခင် ပေါင်းသင်းနေထိုင်နိုင်ကြတာပဲ။ သူတို့တွေရဲ့ မေတ္တာတရားဟာ ထုထည်ကြီးမားလှပါလား လို့လည်း တွေးမိတယ်။ ညှိရ၊ နှိုင်းရတာတွေလည်း ရှိမှာပေါ့လေ။ တစ်ခါတစ်လေ ကျွန်တော်က ကျွန်တော့်သူငယ်ချင်းတွေကို စ,မိတယ်။ မိန်းမကြောက်ရတယ်၊ ဘာညာပေါ့လေ။ တကယ်တမ်းက သူတို့ဟာ လူတစ်ဖက်သားအပေါ်မှာ စာနာစိတ်နဲ့ ဆက်ဆံတတ်ကြတာ၊ အရာရာကို အဆင်ပြေအောင် ညှိနှိုင်းပေးတတ်ကြတာကို ကျွန်တော် နားလည်ပါတယ်။ ချစ်လို့ ခင်လို့ နောက်ပြောင်တဲ့ သဘောပါ။ အဲ့ဒီလိုပြောလိုက်တော့ ယောက်ျားတွေဘက်ကချည်းပဲ ညှိနှိုင်းပေးနေရတယ်လို့ ထင်သွားစရာရှိတယ်။ မဟုတ်ရပါဗျာ။ အိမ်ထောင်ရှင်မတွေက ပိုလို့တောင် ညှိနှိုင်းပေးရပါတယ် ခင်ဗျား။ (အင်း … သတိထားမှ)

ဒါ့ကြောင့် ကျွန်တော် သူတို့ကို ကျရောက်ပြီး၊ ကျရောက်လတ္တံ့သော မင်္ဂလာနှစ်ပါတ်လည်အထိမ်းအမှတ်အဖြစ် သီချင်းလေးတစ်ပုဒ် လက်ဆောင်ပေးချင်တယ်။ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုအရ မပြောဖြစ်တဲ့စကား ဖြစ်ကောင်းဖြစ်မယ်။ နှစ်ကိုယ်ကြားတော့ ပြောချင်လည်း ပြောမှာပေါ့လေ။ လူအများရှေ့မှာ ဖော်ထုတ်ပြောဆိုဖို့ခက်တဲ့ စကားပေါ့။ အဲဒါက ဒီစာစုရဲ့ခေါင်းစဉ်ဖြစ်တဲ့ ရာပြည့်ရဲ့ သီချင်းတစ်ပိုင်းတစ်စပါ။

“ဟောင်းနွမ်း မသွားတော့မယ့်အချစ်နဲ့
ပြောင်းလဲ မသွားတော့မယ့်အချစ်နဲ့
မအိုမင်းတော့မယ့်အချစ်နဲ့
ငယ်ငယ်တုန်းကထက် ပိုချစ်မယ်”