ကိုသန်းလွင် ● ဆင်ဆာနှင့် ပြည်သူ

 ကိုသန်းလွင် ● ဆင်ဆာနှင့် ပြည်သူ
(မိုးမခ) မေ ၂၄၊ ၂၀၁၇


(၁)
“အစိုးရက စာပေနှင့် အနုပညာလုပ်ငန်းများတွင် ဆင်ဆာလုပ်၊ ဖြတ်တောက်နိုင်နေခြင်းမှာ တိုင်းသူပြည်သား လူအများက ငြိမ်ခံနေကြသောကြောင့် ဖြစ်သည်” ဟု တရုတ်ပြည်သား အနုပညာရှင် အိုင်ဝေေ၀ (Mr Ai Wei Wei) က ပြောကြား လိုက်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံအဖို့ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ အနုပညာနယ်ပယ် တစ်ခု လုံးတွင် အာဏာပိုင်တို့အလိုကျ ပိတ်ဆို့တားဆီးခြင်းများအောက်တွင် နှစ်ရှည်လများနေခဲ့ဘူးသောကြောင့် ဆင်ဆာစနစ်၏ ဆိုးရွားပုံကိုမမေ့နိုင်ကြသေးပါ၊ မြန်မာပြည်သားများအဖို့ အာဏာရှင်များနှင့်အတိုက်အခံ မလုပ် ဘဲ တိတ်တိတ်ဆိပ်ဆိပ် ခံယူခဲ့ကြရသည်ဆိုနိုင်ပါသည်။

အာဏာရှင်များကို ဆန့်ကျင် ဝေဖန်မှုများကြောင့် ထောင်သွင်းအကျဉ်းကျခံရခြင်း၊ တိုင်းပြည်မှ ထွက်ပြေးရခြင်း၊ မိမိ၏ဆွေမျိုးမိတ်သင်္ဂဟများပါမကျန် အနှောင့်အယှက်ပေးခံရခြင်း၊ အလုပ်ဖြုတ်ခံရခြင်း စသည်ဖြင့် ခါးသည်း စွာခံစားကြရပါသည်။ ထိုကာလများတွင် အစိုးရကို ဆန့်ကျင်ပါသည်ဟု ပေါ်ပေါ်ထင်ထင်ပြောရန်မှာ အန္တရာယ် အလွန်ကြီးမားပါသည်။

(၂)
၁၉၅၇ ခုနှစ်တွင် မွေးဖွားခဲ့သော အိုင်ဝေေ၀သည် တရုတ်ပြည်အစိုးရကို ဆန့်ကျင်သူများတွင်ထင်ရှားသည်။ ကျော်ကြားသော တရုတ် ကဗျာဆရာတစ်ဦး၏သားဖြစ်ပြီး ဘေဂျင်း ဖလင်အကယ်ဒမီကျောင်းဆင်းဖြစ်သည်။ အမေရိကားတွင် ထပ်မံကျောင်း တက်ခဲ့ပြီး ဗိသုကာဒီဇိုင်းဆွဲရန် ၀ါသနာထုံသည်။ ၂၀၀၈ ခုနှစ်က တရုတ်ပြည် အိုလံပစ်ပွဲတော် အားကစားရုံ ဒီဇိုင်းဆွဲရာတွင် ပါဝင်ခဲ့သည်။ အနုပညာဖန်တီးရှင်လည်းဖြစ်သည်။ အစိုးရအရာရှိ ကြီးများ၏ အကျင့်ပျက်ခြစားမှု၊ စီချွန်းနယ် ငလျင်လှုပ်ရာ တွင် ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေက အလွဲသုံးစားလုပ်မှုအများအပြားကို အများသိဝေဖန်ခဲ့သူတဦးဖြစ်သည်။ ၂၀၁၁ ဧပြီလတွင် နိုင်ငံခြားသွားရန် အတွက် လေဆိပ်ရောက်နေချိန်တွင်ဖမ်းဆီးထိန်းသိမ်းခံရသည်။ စွဲချက်တင်ခြင်းမရှိဘဲထောင်ထဲတွင် ဂ၁ ရက် ကြာနေခဲ့ ရဖူးသည်။

“ဆင်ဆာရှိတဲ့နိုင်ငံမှာနေရတာ ရုတ်တရက် အမြင်မှာတော့ ဘာမှမဖြစ်သလိုဘဲ၊ ဒါပေမယ့်သေချာစဉ်းစားကြည့်မှ လူတိုင်း ဟာ ဟန်ဆောင်နေကြရတယ်ဆိုတာသိလာတယ်။ မတရားမှုတွေကို လူတွေဟာ မသိဟန်ဆောင်နေကြတယ်။ စကား ပြောရင် ၀ိုးတို့ဝါးတားဘဲပြောနေကြတယ်။ ဒါပေမယ့် ဆင်ဆာဘာကြောင့်ရှိရတယ် ဆိုတာကို ပွင့်ပွင့်လင်းလင်း ဘယ်သူမှ ထုတ်ဖေါ်မဆွေးနွေးကြပါဘူး” ဟု ဆိုသည်။

၂၀၁၄ ခုနှစ်က တစ်လအတွင်း ရှန်ဟိုင်းနှင့် ဘေဂျင်းတွင် အနုပညာပြပွဲနှစ်ကြိမ်လုပ်ခဲ့ရာတွင် သူ၏နာမည်ကို တိပ်အမဲဖြင့် ဖုံးထားကြသည်။ အာဏာပိုင်ဘယ်အဆင့်က အမိန့်ပေးသည်ကို မသိစေကာမူ ပွဲစီစဉ်သူတို့ကပါ အိုင်ဝေေ၀ ဆိုသော ပညာရှင်ကြီး၏ဖန်တီးမှုများကို ဗြောင်ငြင်းကွယ်နေကြသည်။

မြန်မာနိုင်ငံတွင်လည်း တချိန်က  အနုပညာရှင်ပေါင်းများစွာ သရုပ်ဆောင်ခွင့်တွင် ပိတ်ပင်ခံခဲ့ကြရပါသည်။ ကဗျာဆရာကြီး များ၊ သီချင်းဆိုသူများ၊ အနုပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများစွာ ထောင်သွင်း အကျဉ်းချသည်ကို ခံခဲ့ကြရပါသည်။ စာရေးဆရာတို့ရေးသမျှစာကြောင်းတွေကို ဖတ်ရှု့ပြီး ဘယ်ဟာကိုပိတ်ပင် သင့်တယ်။ ဘယ်ဟာကို ခွင့်ပြုရမယ်ဟု အာဏာ ပိုင်တို့က ဆုံးဖြတ်ခဲ့ကြပါသည်။ ထိုအခါ ပြည်သူတို့ ရှေ့မှောက်သို့ ရောက်လာသော သတင်းအချက်အလက်တို့မှာ ရွေး ကောက်ထားသော သတင်းတွေဖြစ်ကုန်သည်။ အနုပညာကို ရှု့မြင်ခံစား အကဲခတ်သူတို့မှာ လွတ်လပ်သော အတွေး အမြင်များကို တွေ့မြင်ခွင့်မရ၊ ရှု့မြင်ခွင့်မရ ဖြစ်ကုန်သည်။

ဆင်ဆာပြုလုပ်ခြင်းကြောင့် အသိဉာဏ်ကို ကန့်သတ်လိုက်သည်နှင့်အတူ သဘာဝကျသောအမြင်နှင့် ဘာသာ ရေး အမြင်များကို ချွတ်ချော်တိမ်းစောင်းသွားစေနိုင်သည်။ မိမိအမြင်နှင့် မိမိဖါသာ ရပ်တည်ရန် လိုအပ်ချိန်တွင် အတင်း အဓမ္မ၀ါဒ တစ်ခုကို ရိုက်သွင်းခံရခြင်းသည် လူတို့ကို စိတ်ဓာတ်ကျဆင်းစေသည်။ အကြောက်တရား စိုးမိုးလာပြီဆိုလျင် ပျော်ရွှင်မှုတို့ လွင့်ပါးပျောက်ကွယ်ရပါသည်။ ကိုယ်ပိုင်ဆုံးဖြတ်မှုမရှိ၊ အမှန်တရားဆိုသည်မှာလည်း ကဗြောင်းကပြန်၊ မှေးမှိန်ပျောက်ကွယ်ကြရသည်။

သတင်းတခုကို ပိတ်ဆို့မှောင်ချထားသည် ဆိုခြင်းမှာ အာဏာရှင်တို့က သူတို့လုပ်ပိုင်ခွင့်ကို ပြသခြင်းပင်ဖြစ် သည်။ အုပ်ချုပ်သူတို့က ပြည်သူတို့ ဆန္ဒရှိခြင်း၊ မရှိခြင်းသည် အရေးမကြီး၊ သူတို့သည် အလွယ်တကူ ယုံလွယ် သည်။ လိမ်ညာမှုများကို လက်ခံသည်။ ပါဝင်ပူးပေါင်းသည် ဟုသာမှတ်ယူလေသည်။

ဆင်ဆာလုပ်သူ အာဏာပိုင်တို့ကို အဆင်သင့်အောင်ပေါင်းသင်းနိုင်ရန် လူအများမှာမိမိဖါသာ ဆင်ဆာလုပ်လာ ကြသည်။ အုပ်ချုပ်သူကို ပွင့်ပွင့်လင်းလင်းမေးခွန်းထုတ်ခြင်းကိုရှောင်ကျဉ်ပြီး ပြဿနာနည်းစေ၊ ရန်စဲစေလုပ်ကြ သည်။ အာဏာရှိသူကို အတိုက်အခံမလုပ်ရဲ၊ လူတဦးစီအတွက် ဆုံးရှုံးမှုပမာဏ သေးငယ်သည် ဆိုစေ၊ ဤအပြု အမူများ လူတိုင်းတွင် ရှိနေကြသောကြောင့် အုပ်ချုပ်သူတို့က ဘာမှမဖြစ်သလို ဆက်လက် လိမ်လည်လှည့်ဖျား နိုင်ကြသည်။

ပြုံးပြမည်၊ ခေါင်းညိမ့်မည်၊ ဦးညွှတ်အရိုအသေပေးမည်၊ ထိုအမူအကျင့်သည် သက်တောင့်သက်သာနှင့် ဒုက္ခ ကင်းသောအပြုအမူများဖြစ်ပါသည်။ “အဆင်ပြေအောင်လုပ်ပေး” သောစနစ်သည် အာဏာရှိသူနှင့် ဆက်ဆံရာ တွင် အကောင်းဆုံးဖြစ်သည်။ တခါတရံ ဇိမ်ကျကျနေနိုင်သော ဆုလာဒ်များရတတ်သည်။

ဖက်တဖက်က ဘာမှမပြောမဆိုဘဲ ငြိမ်သက်သွားပြီဆိုလျင် အခြားတဖက်က ပြောသမျှမှာ မေးခွန်းမထုတ်ဘဲ အတည်ဖြစ်သွားတော့သည်။ အငြင်းအခုံဖြစ်ပြီဆိုလျင် ငြိမ်သွားသောဘက်က ဆုံးရှုံးရမြဲသာဖြစ်သည်။ မိမိ အတွက် ခုခံကာကွယ်ရမည့်အစား မိမိကိုယ်ကို စိတ်ကျေနပ်အောင် ဖြေသိမ့်ရခြင်းဖြင့် အဆုံးသတ်သွားတတ်ပါသည်။

ထို့ကြောင့်ဆင်ဆာလုပ်ခံရသူများသည် မတရားလုပ်ခံရသူ (Victim) များဖြစ်သည်ဟု ကိစ္စတိုင်းတွင်မယူဆနိုင်၊ မတရားလုပ်မည့်သူသည် သူ၏ရည်ရွယ်ချက်အောင်မြင်ရေးအတွက် ပရိသတ်၏သဘောတူညီမှုကိုတော့ယူရ သေးသည်။ ပရိသတ်ကငြိမ်ခံနေခြင်းမှာ ပရိသတ်၏တာဝန်သာဖြစ်သည်။ မိမိဝါဒကိုမခုခံ မကာကွယ်တတ်သော ကြောင့် မိမိမတရားလုပ်ခံရခြင်းအတွက် သနားစာနာစရာမရှိပါ။

တခါတရံတွင်မိမိအကျိုးကို မျှော်ကိုး၍ ဆင်ဆာ အလုပ်ခံကြသူများလည်းရှိသည်။ သတ္တိနည်းသူများက အာဏာနှင့်ဖိနှိပ်သည်ကိုသည်းခံကြောင်းပြလျင် ထိုအာဏာပိုင်တို့ကို စောဒကတက်သူ များအတွက်အန္တရာယ်ဖြစ်တတ်ပါသည်။ ထိုသို့အညံ့ခံသောစိတ်ဓါတ်များပြန့်ပွားလာပြီဆိုလျင်လူမှုအဖွဲ့တခုလုံး စိတ်ဓါတ်ပြိုဆင်းသွားကြရပါသည်။ အခြားနည်းလမ်းမရှိပါ၍ အမှန်တရားဟုဆိုသော မိမိအယူအဆကို စွန့်လွှတ် ကြခြင်းသည် အမှောင် ခေတ်ကိုရောက်အောင်တွန်းပို့နေခြင်းလည်းဖြစ်ပါသည်။

သာမန်ပြည်သူတို့အဖို့ ငြိမ်သက်အေးဆေးစွာနေခြင်းဖြင့်ရန်ကိုကာကွယ်နိုင်ကြသော်လည်း အများရှေ့သို့ အမြဲထွက်နေရသောအနုပညာရှင်များအဖို့ အာဏာပိုင်ကိုထောက်ခံသောအချက်ကို ပေါ်လွင်အောင် သရုပ် ဆောင်ကြရသည်။ တခါတရံ မိမိနှင့်ပတ်သက်ပြီးမိမိတို့အဖွဲ့အစည်းအသိုင်းအ၀ိုင်းတခုလုံး အန္တရာယ်မကျ ရောက်အောင်ထိမ်းထိမ်းသိမ်းသိမ်းနေကြရသည်။

သို့တစေ လွတ်လပ်သောပြိုင်ဆိုင်မှုများမရှိဘဲ အနုပညာရှင်များ၏ တန်ဖိုးကိုဟန်ဆောင်လောကမှပုဂ္ဂိုလ်တစုက သာအဆုံးအဖြတ်ပေးနေပါလျင် စစ်မှန်သောပညာရှင်များမှာ အ ချင်ယောင် ဆောင်ကြရတော့သည်။ ငြိမ်ငြိမ် သက်သက် သဘောတူလိုက်ကြရသည်။ ထိုအခြေအနေ၌ အနုပညာ၏ တန်ဘိုးသည်မြင့်တက်လာစရာ အကြောင်းမရှိပေ။

ပြည်သူတို့ကမူ အရာရာကန့်လန့်တိုက်နေသူ ဟုမြင်သူ ရှိသလို အသံမထွက်ရဲဘဲအားပေးသူတွေလည်းရှိသည်။ တီဗွီအစီ အစဉ်ကြေညာသူများကိုမူ အိုင်ဝေေ၀က အစိုးရ၏ ကုလားကာနောက်တွင်ရောက်နေပြီးဖြစ်သဖြင့် သမာသမတ်ကျသည့်သဘောဆောင်သောအမူရာဖြင့်အစိုးရဆန့်ကျင်သူမှန်သမျှကိုအပုပ်ချတတ်ကြသည်ဟု ဝေဖန်ထားသည်။

နိုင်ငံတိုင်းတွင်ဆင်ဆာဖြတ်သူများကဗဟုသုတနှင့် တန်ဖိုးကိုကန့်သတ်ပေးနေကြပါသည်။ ထိုပါတ်ဝန်းကျင်တွင် ဆန့်ကျင် သော အမြင်ရှိသူတို့က သွယ်ဝိုက်စောင်းမြောင်း၍သာ ဆန္ဒထုတ်ဖော်ကြရပါသည်။

(၃)
ရှေးယခင်ကဧကရာဇ် မင်းကြီးများသည် မိမိအလျင် အုပ်ချုပ်ခဲ့သူမရှိ ဟူသော သဘောသက်ရောက်အောင် စာအုပ်စာတမ်းမှန်သမျှမီးရှို့ဖျက်ဆီးခဲ့ကြဖူးသည်။ ခေါင်းဆောင်တချို့က မိမိကိုစိန်ခေါ်မည့်အတွေးအခေါ်မှန် သမျှပေါ်ထွက်မလာစေရန် စာအုပ်နှင့် အနုပညာပစ္စည်းမှန်သမျှကို ဖျက်ဆီးကြရမည်ဟု အမိန့်ထုတ်ခဲ့ဖူးသည်။ ယဉ်ကျေးမှု ရေစီးကြောင်းတွင် အတားအဆီး၊ အဟန့်အတားများချ၍ ပိတ်ပင်ရန်ကျိုးစားမှုမှန်သမျှမှာ မအောင် မြင်နိုင်ကြောင်း သမိုင်းစာအုပ်များတွင် အထင်အရှားဖတ်ရှုနိုင်ကြပါသည်။ ဆင်ဆာလုပ်ခြင်းမှာ အမြှော်အမြင် နည်းပါးသူတို့၏လုပ်ရပ်သာဖြစ်ပါသည်။

ကျွန်တော်တို့နားလည်ကြသည့် ဆင်ဆာဆိုသည်မှာ တာဝန်ရှိသူကကတ်ကြေးကိုင်၍ ရိုက်ကူးထားသည့် ဖလင် များ ကိုဖြတ်တောက်ခြင်း၊ စာအုပ်များကို မထုတ်ဝေမှီ မလိုလားအပ်သော စာကြောင်းများကို မင်အမဲချယ်၍ ပိတ် ဆို့ခြင်း စာရွက်များကို ဆုတ်ဖြဲပစ်ခြင်း တို့ကိုဆိုလိုပါသည်။ အစိုးရကသူတို့ အုပ်ချုပ်မှု ယန္တယားကို ဝေဖန်သည့် စာ၊ ကဗျာ၊ ရုပ်ရှင်၊ ဂီတ မှန်သမျှကို ပြည်သူလူထု၏ရှေ့မှောက်သို့ရောက်မလာအောင် ဖန်တီးထားချက် မှန်သမျှ မှာ ဆင်ဆာဖြတ်တောက်ခြင်းပင်ဖြစ်ပါသည်။

ပြည်သူအပေါင်းက အစိုးရကို အကြည်ညိုပျက်စေမည့် သတင်းမျိုးကို ရှေ့ရောက်မလာအောင်ဝိုင်းဝန်းတားဆီး နေလျင်လည်း ဆင်ဆာ၏ ပုံစံတစ်မျိုးပင်ဖြစ်၏၊ မိမိယုံကြည်ရာအချက်အလက်များကို လွတ်လပ်စွာ ဖန်တီးနိုင် ခြင်းသည်သာ ဆင်ဆာမရှိသည့် လွတ်လပ်ခြင်းဖြစ်ပါသည်။

ကိုယ်ပိုင် ယုံကြည်မှုကိုထုတ်ဖေါ်ပြောဆိုမှု ကြောင့် မိမိတွင် ပြန်၍အန္တရာယ်ကျရောက်နိုင်သည့် အခြေအနေ ရှိနေလျင် ဆင်ဆာပိတ်ဆို့ခြင်းသာဖြစ်သည်။ အစစ်အမှန်လောကဟု မခံစားရဘဲ၊ (Surreal) ဖြစ်နေသည်ဟု ထင်မြင်ယူဆနေရလျင် လွတ်လပ်မှုဆုံးရှုံးနေသောကြောင့်သာဖြစ်သည်။

ကျွန်တော်တို့သည် ဆင်ဆာခေတ်တွင်ကာလကြာရှည်စွာနေထိုင်ခဲ့သူဖြစ်သောကြောင့် ဆင်ဆာဘုတ်အဖွဲ့၏ ချုပ်ချယ်စည်း ကြပ်မှုများကို တွေမြင်ခဲ့ကြပြီးဖြစ်ပါသည်။ မြန်မာ့ရုပ်ရှင်၊ ဂီတနှင့် စာပေအနုပညာနယ်ပယ်တို့၏  တိုးတက်ဖွံ့ဖြိုးမှုကို ပြင်ပကမ္ဘာကြီးနှင့်နှိုင်းယှဉ်ကြည့်မှသာ အဘယ်မျှနောက်ကျနေပြီဖြစ်ကြောင်းသိနိုင်ကြရပါသည်။ မစ္စတာအိုင်ဝေေ၀ ကအကယ်၍ ဆင်ဆာစနစ်ကြီးကို ရှင်သန်ခွင့်ပေးထားလျင် ပြည်သူအပေါင်းတွင်လည်း တာဝန်ရှိသည်ဟု ဆော်သြထားခြင်းဖြစ်ပါသည်။

ကိုသန်းလွင်
Ref: Ai Weiwei: How Censorship Works, Ai Weiwei New York Times May 6 2017