မင်းနဒီခ ● ကွယ်လွန်သူတို့ တေးသွား

 မင်းနဒီခ ● ကွယ်လွန်သူတို့ တေးသွား
(မိုးမခ) မေ ၂၀၊ ၂၀၁၇

လေက တဝူးဝူးတိုက်နေတယ်
မရဏတရားဟာ ဆည်းလည်းလို တချွင်ချွင်မြည်လို့
သူရှိရာအရပ်ဆီ ဦးတည်ပြီး မေတ္တာပို့တာပါပဲ
အကြမ်းဖက်မှုတွေဟာ စားပွဲအလယ်က ဟင်းပွဲလို တင့်တင့်တယ်တယ်
နောက်ထပ် ဘယ်လောက်ကြာဦးမယ်လို့ ကြားလိုက်သေးလား
မကြာတော့ဘူးဆိုတာကိုက နောက်ထပ် နည်းနည်းကြာဦးမယ်
ပြောနေရင်းနဲ့ပဲ အသံတွေ ပျောက် ပျောက်သွားတယ်
မြင်နေရင်းနဲ့ပဲ မျက်လုံးတွေ ကျွတ် ကျွတ်သွားတယ်
အနိဋ္ဌာရုံတွေဟာ မြင်ဖူးမှ ယုံစဖွယ်
ဆွဲဖြုတ်စရာကို လည်ပင်းမရှိတော့တဲ့ ကိုယ်ပိုင်အမှတ်အသားဆွဲကြိုးတွေ
လက်ကျန်ရှင်းတမ်းမှာ လက်က တစ်ဖက်တည်း ကျန်နေရကောင်းလား
အသားစိုင်တွေဟာ အသက်ရှိစဉ်ကအတိုင်း လတ်ဆတ်နေတုန်းပဲ
လေက အခုနလို တဝူးဝူးဆက်တိုက်နေတုန်း
သွေးညှီနံ့တွေဟာ ပင်လယ်ကို ဖြတ်ကျော် ပျံသန်းလာတယ်
စာအိတ်တွေထဲ မဖတ်ချင်တော့တဲ့ စာသေတွ ထည့်ပိတ်လိုက်တဲ့နေ့တွေကို ငါမုန်းတယ်
ဆုတောင်းခန်းမှာ ဖယောင်းတိုင်မီးတွေက လုပ်ကြံထားသလို တဖျစ်ဖျစ် ထတောက်တယ်
အဲဒီနေ့က စလို့ဘယ်သူမှ ကဗျာရေးဖို့ မပြောကြတော့ဘူး
သီချင်းသံတွေကိုတော့ အတိုင်းသား ကြားနေရသေးတယ်
သေလွန်ပြီးသူတို့ရဲ့  ဓမ္မတေးတွေအလား
သံပြိုင်လိုက်ဆို ညီညီညာညာ ဘယ်ညာ ဘယ်ညာ။

မင်းနဒီခ
ဧပြီ ၂၇၊ ၂၀၁၇။