မြဇင်ယော် ● လူဆိုသည့် သူ
(မိုးမခ) မေ ၂၊ ၂၀၁၇
(မိုးမခ) မေ ၂၊ ၂၀၁၇
facebook ပေါ်တွင် post တခု တွေ့ရဖတ်ရပါသည်။ သူငယ်ချင်းတယောက်၏ခွေးလေး နာရေးသတင်း။
"သားလေးရေ...အခုလို ရုတ်တရက်ခွဲခွာသွားတာ အရမ်းပဲဝမ်းနည်းကြေကွဲရပါတယ်။ သားလေးကိုရည်စူးပြီး ပြုခဲ့သမျှ ကောင်းမှုကုသိုလ်တွေကို သာဓုခေါ်ပါ။ အမျှ... အမျှ ...အမျှ သားလေးရေ" တဲ့။
"သားလေးရဲ့နာရေးသတင်းကို လာမေးကြသူများ" တဲ့။
ဓာတ်ပုံနှင့်တင်ထားပါသည်။ ထိုဓာတ်ပုံလေးကိုကြည့်ရင်း သူ့ကိုသတိရမိသည်။ နောက် တစ်လကြာသောအခါ ထိုသူငယ်ချင်းက Post တစခု ထပ်တင်ပါသည်။
"ဒီနေ့ သားလေးဆုံးတာ တလပြည့်ပြီ၊ နေ့စဉ်နှင့်အမျှ သတိရဆဲပါ သားလေးရယ်။ ချစ်စရာကောင်းတဲ့သားလေးရဲ့ ပုံရိပ်တွေကို တနေ့မှ မေ့မရပါဘူး သားလေးရယ်" တဲ့။
တလမျှကြာပြီးသော ယခုအချိန်တွင် သူ့ကို သတိရပြန်ပါပြီ။
* ----* ---- * ---- *
ယခင်က သူ့ကို မမြင်ဖူးပါ။ ရွာရွှေ့ပြီးမှ မြင်ဖူးပါသည်။
ရွာရွှေ့သည်ဆိုသည်မှာ ကျွန်မ နှစ်တန်းစာမေးပွဲဖြေပြီးချိန်လောက်တွင် ဆင်သေဆည် ရေဝပ်ဧရိယာထဲမှာပါနေသောကြောင့် ကျွန်မတို့ရွာအပါအဝင် ရွာဆယ်ရွာခန့် ရွှေ့ပြောင်းပေးခဲ့ရပါသည်။ ကျွန်မတို့ရွာမှာ ယခုလက်ရှိ တောင်ခြေသို့ ပြောင်းရွှေ့ခဲ့ရပါသည်။ နေရာအသစ်ရောက်မှ သူ့ကို မြင်ဖူးသည်ဖြစ်၍ သူဟာ ကျွန်မတို့ရွာသားမဟုတ်တာ သေချာပါသည်။
ဘယ်ဇာတိမှန်းလည်း မသိရပါ။ လူကြီးများကလည်း သူဟာ နတ်မောက်နယ်ဘက်ကလိုလို ရမည်းသင်းနယ်ဘက်ကလိုလို ပြောကြပြီး အတိအကျမသိကြပါ။ သူ့ဇနီးဟာ သူ့ထက် အလွန်ငယ်ပုံရပြီး နို့စို့ကလေးအပါအဝင် ကလေးသုံးယောက်နှင့်အတူ ပြောင်းရွှေ့လာခြင်းဖြစ်သည်။ ထူးခြားသည်မှာ သူဟာ ဂိုဏ်းဆရာလိုလို အောက်လမ်းတတ်သလိုလိုနှင့် နာမည်ကြီးနေ၍ ရွာသူရွာသားများက သူနှင့်သူ့မိသားစုအား ရင်းရင်းနှီးနှီး မဆက်ဆံဝံ့ကြပေ။
ထိုသူက ကျွန်မတို့အိမ်ကိုတော့ ညနေတိုင်းလာပါသည်။ ကျွန်မတို့အိမ်တွင် ကုန်စုံဆိုင်ကလေးဖွင့်ထား၍ ဈေးဝယ်ရန်လာ ခြင်းဖြစ်သည်။ များသောအားဖြင့် ဆန်၊ ဆီ၊ ဆားကဲ့သို့သော ထမင်း ဟင်းချက်စရာများဝယ်လျှင် အမျိုးသမီးများသာ ဝယ်လေ့ရှိကြသော်လည်း သူ့အိမ်ကတော့ သူ့ဇနီးမဝယ်ဘဲ သူကိုယ်တိုင်သာဝယ်ပါသည်။
ဈေးဝယ်လျှင်လည်း ဆန် တစလယ် (နို့ဆီ ၂ ဗူး)၊ ဆီ ၅ ကျပ်သား၊ ဆား ၂၅ ကျပ်သား၊ ငါးပိ ၅ ကျပ်သား စသည်ဖြင့် တနေ့ စာသာ ဝယ်လေ့ရှိပါသည်။ တနေ့စာဟု ပြောရသော်လည်း ဆားကလွဲလျှင် ထိုပမာဏကလေးနှင့် သူ့မိသားစု ၅ ယောက်၊ နို့စို့ကလေးချန်ထားလျှင် ၄ ယောက်ဟာ လက်ရှိညစာ၊ နောက်နေ့ မနက်စာ၊ နေ့လယ်စာ သုံးနပ်စာအတွက် မလုံလောက်သည်မှာ သေချာပါသည်။ ဘယ်လိုခွဲတမ်းချပြီး စားကြလည်း မသိရပါ။
တခါတလေ လက်ဖက်ခြောက် နှစ်ကျပ်ခွဲသား ဝယ်တတ်ပါသည်။ မချိန်ရင် ချိန်မနေပါနှင့် ပေးချင်သလောက်လေး ပေးပါ ဟုလည်း အားနာသံဖြင့် ပြောတတ်ပါသည်။ တခါတလေလည်း ဆန်တခွက် (နို့ဆီ ၄ ဗူး)၊ ဆီ ၁၀ သား စသည်ဖြင့် ဝယ်တတ်ပါသည်။ သို့သော် မှတ်မိသလောက် ဆန် ၁ ပြည်ထက်တော့ မပိုဖူးပါ။
ကျွန်မ မိဘများက "ဆရာကြီး ဘာလုပ်စားရတုန်း" ဟုမေးလျှင် တောင်ခြေရှိ သူများမလုပ်ချင်၍ ပစ်ထားသောမြေရိုင်းတွင် နွားငှားပြီးမထွန်နိုင်၍ ပေါက်တူးတလက်ဖြင့် မြေဆွစိုက်ပျိုးရကြောင်း၊ တခါတရံတွင် မီးသွေးဖုတ်ထားသော လျှိုမှ ခရီးတ တိုင်အကွာရှိ လှည်းလမ်းအထိ မီးသွေးအိတ် အငှားထမ်းကြောင်း၊ လွှစင်မှ လွှဆွဲပြီးသားသစ်များကို ကုန်းပေါ်သို့ အငှားထမ်း တင်ကြောင်း ပြောပြပါသည်။
ရွာအသစ်ရွှေ့ပြီးကတည်းက ရွာသူရွာသား အများစုမှာ ရွာဟောင်းတုန်းက လုပ်ကိုင်စားသောက်ခဲ့ရသော မြေများ ရေမြုပ်သွားရာ သူကဲ့သို့ အလုပ်ကြမ်းလုပ်လျှင်လုပ်၊ မလုပ်လျှင် ဆည်ဘေးတွင်တည်ရှိသောရွာဖြစ်၍ တံငါသည်များ ဖြစ်ကုန်ကြပါသည်။ သူ့အပြောမှာ သူက ရွှေယင်ကြော်ဂိုဏ်းဝင်ထား၍ မည်မျှပင် ပင်ပန်းဆင်းရဲပါစေ၊ ထမင်း နပ်မမှန်လျှင်နေပါစေ တံငါအလုပ် မလုပ်နိုင်ဟုဆိုပါသည်။
မနက်မိုးလင်းလျှင် ဇနီး၊ သားများနှင့်အတူ ထွက်သွားတတ်၍ တနေကုန်အလုပ်လုပ်၊ ညနေစောင်းမှ ပြန်လာပြီး ဆန်၊ ဆီ၊ ဆား ဝယ်၍ ထမင်းဟင်းချက်စားရသည် ဟုလည်းဆိုပါသည်။ ကလေးငယ်ငယ်များအားလည်း ခေါ်သွားသည်ဖြစ်ရာ တော ထဲ၌ ကလေးများကို ဘယ်လိုထိန်း၍ သူတို့ဇနီးမောင်နှံနှစ်ဦး ဘယ်လိုအလုပ်လုပ်ကြလည်း မသိရပါ။ သူ့သားကလေးတွေ က ရုပ်ချင်းဆင်တူကြပြီး ဗိုက်ပူနံကားတာခြင်းလည်း တူကြပါသည်။
အလုပ်ပင်ပန်းသလား၊ အစာရေစာ ဝလင်သလားဆိုသည်မှာ အသက် ၆၀ ခန့်ရှိသော သူ့ရဲ့ဥပဓိရုပ်က သက်သေခံနေပါ သည်။ ပိန်၍ ငေါထွက်နေသော အရိုးများနှင့် နဂိုမည်းသော အသားသည် ခြောက်၍ မှောင်နေပါသည်။ နီကြောင်စုတ်ဖွာနေသော ဆံပင်က သရဖူလေးလို ဖြစ်နေသည်။ အပေါက်အဖာမရှိသော ပုဆိုး၊ ကြယ်သီးအကုန်ရှိသောအင်္ကျီ၊ အစုတ်အပြဲမရှိသော အင်္ကျီ၊ ဝတ်ထားသည်ကို တခါမှ မတွေ့ဖူးပါ။ တာယာဖိနပ်ကြီးစီး၍လည်းကောင်း၊ သဲကြိုးဖွာ ခုံစုတ်နေသော ဖိနပ်ကြီးစီး၍လည်းကောင်း တွေ့ရတတ်ပါသည်။
(ကျွန်မ ၁၀ တန်းရောက်၍ စလေဦးပုည၏ ရေသည်ပြဇာတ်ထဲမှ ရေသည်ယောက်ျားအကြောင်းသင်ရလျှင် သူ့ကို မြင်ယောင်မိသည်အထိဖြစ်ပါသည်။ သျှောင်ထန်းစေ့မှုတ်နှင့် ဆံပင်စုတ်ဖွားသာ ကွာလိမ့်မည်ထင်သည်။ )
ဈေးလာဝယ်နေကျ သူ မလာဘဲ သူ့ဇနီးကိုယ်တိုင် ဈေးဝယ်လာချိန်မှာ ကျွန်မတို့ အံ့သြကြရပါသည်။ သူ နေမကောင်း ဟု သိရသည်။ သူ့ဇနီးဈေးလာဝယ်လျှင် အမြဲတမ်းဘောင်းဘီမပါသော နို့စို့ကလေးကို ခါးထစ်ခွင်ချီပြီး၊ တခါတလေသာ ဘောင်းဘီပါသော အလတ်ကလေးက ထဘီးစကိုဆွဲလျှက် ပါလာတတ်သည်။ သူ့အိမ်နီးချင်းအဒေါ်ကြီး ပြောသလိုဆို ထိုအချိန်လောက်တွင် အသက် ၅ နှစ်သားသာသာရှိသော အကြီးဆုံးသားလေးက ခွေးကျွေးဖို့ဟုဆိုပြီး အိမ်နီးချင်းတွေဆီ ထမင်း ရည်လိုက်တောင်းချင် တောင်းနေနိုင်ပါသည်။ ကျွန်မကျောင်းသွားလျှင် သူ့အိမ်ရှေ့လမ်းအတိုင်း တခါတရံသွားဖူးပါသည်။ သူ့အိမ်မှာ ခွေးမမြင်ဖူးပါ။
သူ့ဇနီးနှင့်သူ ဈေးဝယ်ရာတွင် ကွာပါသည်။ သူလာဝယ်စဉ်က ဆန်၊ ဆီ၊ ဆား၊ ငပိ စသည်ဖြင့် မီးဖိုချောင်ပစ္စည်း ပမာဏနည်းသော်လည်း အစုံဝယ်တတ်ပါသည်။ နေ့စဉ်လည်းဝယ်ပါသည်။ သူ့ဇနီးသည်က ဆန်ချည်းဝယ်တတ်ပြီး တခါတရံမှသာ ဆားဝယ်ပါသည်။ သူ့ဇနီးသည် ဆိုင်ရောက်လာလျှင် ဘာဝယ်မှာလဲ ဘယ်လောက်ယူမှာလဲ မေးစရာမလို။ 5" × 9" ပလတ်စတစ် အိတ်ကလေးနှင့် ဆန် တစစလယ် ချိန်ပေးလိုက်ရသည်။ နေ့စဉ်လည်း လာမဝယ်ပါ။ သူ့ဇနီးသည်မလာသောနေ့များ တွင် ကျွန်မစိတ်ထဲ၌ ကျွန်မတို့ဆိုင်မှမဝယ်ဘဲ အခြားဆိုင်မှ ဝယ်နေတာ ဖြစ်ပါစေဟု တွေးမိပါသည်။
"ထမင်းလေးချည်းပဲ ဆားဖြူးပြီးစားနေကြတာတော်၊ ကလေးလေးတွေ သနားပါတယ်" ဟု သူ့အိမ်နီးချင်း အဒေါ်ကြီးက ပြောလိုက်ချိန်မှာ ကျွန်မ မယုံပါ။ ထမင်းဆီဆမ်း ဆားဖြူးဆိုလျှင် ယုံချင်သေးသည်။ အခုတော့ ဆားချည်းတဲ့လေ။ "ထမင်းလေးချက်ပြီးရင် ထမင်းရည်လေးခေါ်ပေးဦးမှ၊ အဲဒါကြောင့် ညစာစောစောချက်ရအောင် ဆန်လာဝယ်တာ။ ပိုက်ဆံ ချေးမရ လို့ နည်းနည်းတောင် နောက်ကျသွားတယ်" တဲ့။ ထမင်းဆားဖြူးမဟုတ်ဘဲ ထမင်းရည်ထဲ ဆားထည့်ပြီးလည်း သောက်ကြသည်တဲ့။
ကျွန်မ ငါးတန်းတက်ရသောနှစ် နေ့တနေ့တွင် သူ့အိမ်၌ နာရေးတစ်ခု ဖြစ်ပွားခဲ့ပါသည်။ အိမ်ဟုဆိုရသော်လည်း ဘေးက ကြည့်လျှင် ယိုင်တိုင်တိုင်၊ တက်ကြည့်လျှင် လှုပ်တုပ်တုပ်၊ မော့ကြည့်လျှင် အမိုးက ကျိုးတိုကျဲတဲနှင့် ပြိုကျခါနီး တဲတစ်လုံးနှင့်တူပါသည်တဲ့။ နာရေးမှာ သူ့နာရေး ဖြစ်ပါသည်။
နာရေးလာမေးသူ ပြန်ကာလှန်ကာရေ၍ စုစုပေါင်းကြည့်လိုက်လျှင် နှစ်ယောက်သာရှိသည်ဟု သိရပါသည်။ တဦးမှာ သူ့အိမ်ရှေ့ မျက်နှာချင်းဆိုင်အိမ်မှ အသက် ၇၀ ခန့် အမေကြီးနှင့် သူ့အိမ်ဘေးမှ အသက် ၅၀ ခန့် အဒေါ်ကြီးဖြစ်ပါသည်။ ထိုနှစ်ဦးမှာ အိမ်ပေါ်တက်ထိုင်၍ မရပါ။ အိမ်ရှေ့မှာ ကိုယ့်ဖိနပ်အပေါ် ကိုယ်ထိုင်ကြရသည်ဟု သိရပါသည်။
တယောက်စနှစ်ယောက်စ လာကြည့်လိုက်ကြ၊ ပြန်သွားလိုက်ကြနှင့် မိုးလင်းခါနီးဆုံးသွားသော သူ့အား မွန်းတည့် ၁၂ နာရီ အချိန်လောက်အထိ အလောင်းမြေကျဖို့ ကိစ္စဘာမှမလုပ်ရသေး ဟုသိရပါသည်။ ရွာဆိုသည်မှာလည်း အလုပ်လုပ်နိုင်သူ တိုင်း နေမထွက်ခင် တောထဲတောင်ပေါ် လုပ်ငန်းခွင်သွားကြရပြီး ညနေ နေစောင်းမှ ပြန်လာကြရပါသည်။ အသုဘရှိတာ လည်း သိကြပုံမပေါ်။ သူ့ဇနီးသည်ကလည်း ရွာလူကြီးတွေကို အကြောင်းကြားတာ၊ အိမ်နီးချင်းတွေကို အကြောင်းကြားတာ ရှိပုံမရ။ အခါတိုင်းလည်း တိတ်ဆိတ်ခြောက်ကပ်နေသော ထိုအိမ်ကလေးကို ပတ်ဝန်းကျင်ကလည်း သတိပြုမိပုံမရပါ။
ရွာအသုဘအနေနှင့် ငွေကုန်ကြေးကျ မများဘူးဆိုသော်ငြား အသုဘပို့မည့်သူများအား လက်ဖက်၊ ပဲချမ်းမျှလောက်ဖြင့် ဧည့်ခံဖို့၊ သရဏဂုံတင်ပေးမည့်ဆရာတော်အား လှုဖွယ်ပစ္စည်းလှူဒါန်းဖို့၊ အလောင်းစင်ရိုက်ဖို့ ပျဉ်ဖိုးတို့ကို မတတ်နိုင်သည်က သေချာပါသည်။
သူ့အိမ်နှင့် တစ်လမ်းတည်းနေသူ ရွာသားတယောက်သိသွား၍ ရွာဦးကျောင်းဆရာတော် သွားလျောက်ပေး၊ ရွာလူကြီးအိမ် သွားအကြောင်းကြားပေး၊ နီးစပ်ရာလူစု၍ ပျဉ်တိုပျဉ်စရှာ အလောင်းစင်ရိုက်ပေး၊ နီးရာအိမ်မှ လက်ဖက်ရည်ပွဲငှားပေး၊ အသု ဘအိမ်မှန်းသိသာအောင် လော်ငှားပေးနှင့် အသုဘကိစ္စကို စီစဉ်ပေးရသည်တဲ့။ ထိုရွာသားပြောပြ၍ ကျွန်မတို့ သိကြရခြင်း ဖြစ်ပါသည်။
အလောင်းစင်ရိုက်ပြီး အလောင်းစင်ကို အိမ်ပေါ်တင်၍မရသောကြောင့် အလောင်းကို အောက်သို့ထမ်းချပြီးမှ အလောင်းစင်ပေါ် တင်ခဲ့ရသည်တဲ့။ ရက်လည်ဆွမ်းသွတ်သံမကြားရသလို တစ်လပြည့်ကုသိုလ်လုပ်သံလည်း မကြားရပါ။ ကျွန်မကျောင်း သွားနေစဉ် လုပ်လိုက်တာဖြစ်နိုင်ပေမယ့် ဖြစ်နိုင်ချေ အလွန်နည်းပါသည်။
*-----*-----*-----*
အခုအချိန်တွင် သူ၏ ကျန်ရစ်ခဲ့သော မိသားစုသတင်းကိုလည်း ကျွန်မ မသိရတော့ပါ။ သူ့ကိုတော့ မကြာမကြာ သတိရတတ်ပါသည်။
မြန်မာ့ထိပ်တန်း တချို့ပုဂ္ဂိုလ်ကြီးတွေ သုံးကြဖြုန်းကြပုံကို ဖတ်ရသောအခါ သူ့ကို သတိရပါသည်။ အကယ်ဒမီဆုပေးပွဲသို့ သိန်းဆယ်ဂဏန်းအထိတန်သော ဖိနပ်စီးပြီးတက်သည့် နာမည်ကြီးမင်းသမီးရဲ့ သတင်းကိုဖတ်ရတုန်းကလည်း သူ့ကို သ တိရမိသည်။
နာမည်ကြီးစားသောက်ဆိုင်တွေမှာ ဈေးကြီးသော အစားအစာများမှာပြီး တို့ကနန်း ဆိတ်ကနန်းနှင့် တဝက်ကျအောင်ပင် မစားသော၊ အကုန်ပြောင်အောင် စားခြင်းသည် ရှက်စရာဟုထင်တတ်သော သူတွေကိုတွေ့လျှင်လည်း သူ့ကို သတိရပါ သည်။
လင်မယားချင်း ရန်ဖြစ်ပြီး ၄ - ၅ သိန်းပေးရသော Hand set အား ပစ်ပေါက်ခွဲလိုက်သူကို တွေ့တုန်းကလည်း သူ့ကို သတိရ ပါသည်။ သားအမိချင်းစိတ်ဆိုးပြီး တထောင်တန် ၁၅ ရွက်လောက်အား စုတ်ဖြဲပစ်လိုက်သူကိုတွေ့တုန်းကလည်း သူ့ကို သတိရမိပါသည်။
ယခု သူငယ်ချင်း၏ ခွေးကလေးနာရေးသတင်းဖတ်ရသောအခါ သူ့ကို အထူးသတိရမိပါသည်။ သူ၏ ကျန်ရစ်သူမိသားစုအကြောင်း စုံစမ်းသောအခါ မည်သူမျှ ဂဃဏန မသိကြပါ။ သိုသော် သူ့ကိုတော့ မမေ့ပါ။ သြော် ... သတိရစရာ၊ မမေ့စရာ အကြောင်းတွေကလည်း များလိုက်လေခြင်း။ ။
မြဇင်ယော်