ကျော်ထင် ● ကြောင်ထီး
(မိုးမခ) မေ ၁၆၊ ၂၀၁၇
(မိုးမခ) မေ ၁၆၊ ၂၀၁၇
(တစ်)
အိမ်မှာကြောင်မလေးတကောင်ရှိတယ်။ကြောင်တွေကိုချစ်လို့မွေးထားတာတော့ မဟုတ်ပါဘူး။ သူများ မွေးထားတဲ့ကြောင် တွေအိမ်ရောက်လာပြီး အစာတောင်းတော့ သနားလို့ကျွေးထားရာကနေ အိမ်မှာမြဲကုန်ကြတာ။ အိမ်က တာတတ်ချစ် တတ်လို့၊ ချစ်တတ်လို့ကြောင်တွေနေတာတော့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အိမ်မှာ အဖေကစပြီး သူ့မြေးကျနော့် သားအထိဟာ ကြောင်တွေကို မချစ်တတ်ကြပါဘူး။ ကြောင်မှမဟုတ်ပါဘူး၊ ဘယ်တိရစ္ဆာန်ကိုမှ သနားကရုဏာဖြစ်မိတာ ကလွဲရင်၊ ကိုယ်ချင်းစာမိတာကလွဲရင် မချစ်တတ်ကြပါဘူး။
ဒါပေမဲ့ သားကတော့ ကလေးသဘာဝအရ စိတ်ဝင်စားတာတော့ နည်းနည်း ရှိတာပေါ့။ သဲသဲလှုပ်၊ ကဲကဲရှုပ်ကြီးတွေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အိမ်မှာ ကိုယ်ပိုင်ကြောင်ရှိတဲ့ အိမ်ဖြစ်နေတယ်။ကြာပြီ။ ကြောင်မျိုးဆက်ပြတ်သွားတယ်လို့ မရှိဘူး။ ၈၈ ထဲကနေ ခုထိပဲ။ ဒါကို တအိမ်လုံး ကြည်ဖြူလိုက်ရတယ်။ မကြည်ဖြူလို့လည်း မရဘူးလေ။ကြောင်မရှိ ကြွက်ထတဲ့။ ကြွက်ကို ပိုကြောက်ကြ တဲ့ကျနော်တို့အတွက် ကြောင်ကို အိမ်ပေါ်ခေါ်တင်လိုက်ရတာကို ကျေနပ်ကြတယ်။ ကြောင်ရဲ့ တညောင် ညောင်အော်သံထက် ကြွက်ရဲ့တကျွိကျွိအော်သံက ကျနော်တို့ရဲ့ နှစ်နှစ်ခြိုက်ခြိုက်ညတွေကို ပျက်စီးစေတာ မဟုတ်လား။ ဒါကြောင့် ကြောင်ရှိနေတာ အိမ်အတွက် အကျိုးမယုတ်တန်ကောင်းပါဘူး။
ကြောင်တွေဘက်ကစဉ်းစားရင်တော့ အိမ်မှာနေတဲ့ကြောင်တွေဟာ ကြောင်အခွင့်အရေးဆုံးရှုံးပြီး၊ကြောင်ဗီဇအရ ကြည့် မယ်ဆိုရင်လည်း ဗီဇအရ ရပိုင်ခွင့်တွေ နစ်နာတယ်လို့ဆိုရပါ့မယ်။ ကျနော်တို့လိုလူသားတွေ ဆိုရင်တော့ ဆိုင်းဘုတ်ကိုင်၊ လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြမှာ အသေအချာပါပဲ။ ဒါပေမဲ့ ကြောင်တွေဆိုတာက တိရစ္ဆာန်တွေပဲ။ နိုင်ငံရေးသတိတွေ၊ ကြောင်မှုရေးအသိတွေ ဘယ်ရှိပါ့မလဲ။ ဒီနေရာမှာ လူနဲ့ကြောင်ဟာ မတူနိုင်ပါ ဘူး။ လူဟာလူပဲ၊ ကြောင်ဟာ ကြောင်ပဲလေ။
ကြောင်တွေဆိုတာက လူတွေနဲ့ပွတ်သီးပွတ်သပ်နေပြီး လူ့အယုအယကို ခံချင်ကြတာမဟုတ်လား။ လူတွေနဲ့တပူးတွဲတွဲနေ၊ တိုးတိုးဝေ့ဝေ့လုပ်ပြီး ကြောင်ရဲ့ သဘောကို ပြုချင်ပြချင်ကြတာမဟုတ်လား။ဒါတွေဟာ ကြောင်တွေရဲ့ ဗီဇသဘော၊ ကြောင် တွေရဲ့ လူဆီကနေ ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေပါ။ ဒါပေမဲ့ ကျနော်တို့  အိမ်ကကြောင်တွေကတော့ ဒီအခွင့်အရေးတွေကို မရရှိကြပါဘူး။ ကြောင်ဗီဇသဘောကို မပြသနိုင်ရှာဘူး။ ကျနော်တို့မိသားစုဟာ ကြောင်တွေနဲ့ ပတ်သက်ရပေမယ့် ကြောင် တွေနဲ့ကင်းကင်းပဲ ဝတ်ကျေတန်းကျေ နေတတ်ကြ တယ်။
(နှစ်)
အဲ့ဒီ့တော့ အိမ်မှာကြောင်ဖြစ်ရတာ အစာရေစာဝလင်အောင် စားရတာမှအပ ဘာဆိုဘာတခုမှ ကြောင်အခွင့်အရေးတွေ ရမှာမဟုတ်ပါဘူး။ ဒီလိုမရလည်း အိမ်ကကြောင်မလေးကတော့ အေးအေးဆေးဆေးပါပဲ။ အိမ်ရှင်တွေ အလိုကျ နေတတ် နေပါတယ်။ ကျနော်တို့ထမင်းစားသောက်နေရင်တောင် စားပွဲခုံအောက်ကနေ တခြားကြောင်တွေလို တညောင်ညောင် အော်ပြီး ကြောင်ဗီဇအရ အစာတောင်းနေမှာ မဟုတ်ပါဘူး။ ကျွေးမှပဲ ထစားတတ်ပါတယ်။
တခါတရံ လူတွေကို နည်းနည်းလောက် ပွတ်သီးပွတ်သပ်လုပ်တတ်ပေမယ့် ကျနော်တို့က မကြိုက်ဟန် ခြေထောက်မြှောက် လိုက်ရင် ကြောင်မလေးက ဆက်မလုပ်တော့ပါဘူး။ သခင်တွေရဲ့အထာကိုသိတယ်။ သခင်တွေရဲ့သဘောကို ကြောင်တွေရဲ့ သဘောထက် ပိုနားလည်တယ်။ ဒါကြောင့်ပဲထင်ပါတယ်။ ကျနော်တို့အားလုံး ဒီကြောင်မလေးအပေါ် သံယောဇဉ်ဝိုင်း ရှိကြတယ်။
သူက အိမ်မှာမွေးတဲ့အကောင်လေးလည်းဖြစ်ပြန်ဆိုတော့ ငယ်ငယ်ကတည်းက ပေါက်စကွေးကတည်းကဆိုတော့ မျက်စေ့ အောက်မှာတင် သံယောဇဉ်က ကြီးထွား လာတာ။ လိမ်လည်းလိမ္မာတယ်။ သူ့အစာကို အခြား ကြောင်လာစား ရင်လည်း ကြီးကြီးငယ်ငယ် ဘာမှမလုပ်ဘဲ ဘေးဖယ်ပေးပြီး ထိုင်ကြည့်နေတာ။ သူ မစားရလည်း ဝတယ်ထင်တယ်။ အဲ့လိုလည်း စေတနာကောင်းတဲ့ကြောင်။
(သုံး)
ပြီးခဲ့တဲ့ ပြာသိုလတုန်းက ဒီကြောင်မ အပျိုဖော်ဝင်တယ်။ ဒါ ရာသီနဲ့ ကိုက်ညီတယ်လို့ ပြောရမယ်။ ကြောင် ပြာသိုမဟုတ်လား။ ကြောင်တွေရဲ့မျိုဆက်အစဉ်အလာအရဆို ပြာသိုမှာ သံဝါသပြုတာပဲ။ သူတို့ မိတ်လိုက်ကြတယ်။ ငှက်တွေက တပေါင်း။ ခွေးတွေက တော်သလင်း။ လူတွေကတော့ သူတို့ဖန်တီးကျင်းပတဲ့ ပွဲတော်တွေလိုပါပဲ။ ဆယ့်နှစ်ရာသီ လိင်ပန်းချီ ခြယ်သ ပေါ့။ ကျနော်တို့ကြောင်မကတော့ ရာသီနဲ့စာညီတယ် ပြောရမှာပေါ့ဗျာ။
တနေ့ကြီး ညက အခန်းပြင်မှာ ကြောင်အော်သံကြားလို့ နားစွင့်ကြည့်မိတာ၊ ကြောင်အော်သံက ထူးတယ်။ တမျိုးကြီးပဲ။ အိမ်ကကြောင်မက အဲ့လိုအသံမျိုး မအော်တတ်ပါဘူး။ တခြားကြောင်တကောင်အိမ်ထဲဝင်လာပြီး ပြန်မထွက်တတ်လို့ အော် တာဖြစ်မယ်ထင်ပြီး တံခါးဖွင့်ပေးဖို့ထလိုက်မှ အိမ်ကကြောင်မ အော်မှန်း သိတော့တယ်။ အမူအရာကလည်း ထူခြားနေတယ်။ အသံတွေကလည်း ပြောင်းနေတယ်။
ထူးခြားနေတယ်။ အမွှေးတွေက မိတ်ဖက်ကို မျှော်လင့်နေတဲ့အမွှေးတွေဆိုတာ စာသိတွေအရ ကျနော် ခန့်မှန်းမိလိုက်တယ်။ ဒီကြောင်မ လင်လိုချင်နေပြီ။ အချစ်စိတ်ဟာ အရာရာကို ပြောင်းလဲတတ်တယ်ဆိုတာမှန်သားပဲ။ ငိုက်ရင်လည်း မရှက်တတ် တော့ပြီ။ ကြိုက်ရင်လည်း မရှက်တတ်တော့ပြီပဲ။ ဒါသူတို့သဘာဝ။ တိရစ္ဆာန်သဘာဝဆိုတာ အထီးဖြစ်ဖြစ်၊ အမဖြစ်ဖြစ် လိင်ဆန္ဒကို မထိန်းချုပ်နိုင်ကြ ပါဘူး။
ကြောင်မ ပျားပန်းခတ်နေတယ်။ ကျနော်ဆုံးဖြတ်လိုက်တယ်။ တလျှောက်လုံး သူတို့ဗီဇသဘောတွေဆုံးရှုံးခဲ့ရတဲ့အိမ်မှာ ဒီကိစ္စတခုကိုတော့ ကျနော်တို့ လိုက်လျောလိုက်ကြမှသင့်မယ်။ ဒါကြောင့် သူတို့သဘာဝ သူတို့ရပါစေတော့ဆိုပြီး အလုံ ပိတ်ထားတဲ့တံခါးမကြီးကို ကျနော်ဖွင့်ပေးလိုက်တယ်။ ကဲ ... သဘောရှိ၊ ကလောဟိ ပေါ့။
တံခါးကို ပြန်ပိတ်ပြီးမှ ကျနော်သတိရသွားတယ်။ ကျနော်တို့ကြောင်မ ဘယ်အကောင်နဲ့များ ညားလေသလဲ။ ကျနော် လိုက်ကြည့်တယ်။ ဝေးဝေး မသွားလိုက်ရပါဘူး။ အိမ်ခေါင်းရင်းမှာ အဖြူနဲ့အမည်းကြောင်ထီးကြီးက ညာသံပေး စောင့်ဆိုင်း နေတာတွေ့ရတယ်။ ကြောင်မရဲ့ ဘဲချောကြီးပေါ့လေ။ အိမ်ကကြောင်မက ရုပ်ဆိုးသလောက် သူ့ချစ်ချစ်ကြီးက အလန်းကြီး ဖြစ်နေလို့ ဖအေတူရင်တော့ ချစ်စရာကြောင်လေးတွေ ပေါက်လာဦးမှာပဲလို့တွေးမိတယ်။
အဲ့ဒီ့စိတ်ကူးဟာ တကယ်မြေပြင်မှာတော့ ပြောင်းပြန်နဲ့ ပက်လက်ပါပဲ။ မွေးလာတဲ့ကြောင်ပေါက်လေးတွေက မအေတူတွေ ချည်းပါပဲ။ အရောင်မွဲမွဲတွေ။ အကွက်အပြောက်ကင်းကင်းနဲ့ဗြောင်းစင်းစင်းလေးတွေ။ ဒါပေမဲ့လည်း လှလှမွေးမွေး၊ မမွေးမွေး ပါ။ တအိမ်လုံးကတော့ ကရုဏာတရားနဲ့ ကိုယ်ချင်းစာတာကိုပဲ ပေးကြမှာပါ။ ကြောင်တွေကို ချစ်မှမချစ်တတ်ကြတာ။ လှတာ၊ မလှတာက ပြဿနာကြီးမဟုတ်ပါဘူး။
(လေး)
မနက်က အမေ့ရဲ့ဗျစ်တောက်ဗျစ်တောက်သံနဲ့နိုးထရလို့ ဘာတွေလဲလို့ နားစွင့်ကြည့်မိတယ်။ ကြောင်မ သူ့ကလေးတွေကိုချီပြီး နေရာပြောင်းသွားလို တဲ့၊ ထောင်ထားတဲ့စားပွဲခုံကြီးရဲ့နောက်မှာနေတာ ဟုတ်ရဲ့သားနဲ့ကလေးတွေကို ဟိုချီဒီချီလုပ်ရကောင်းလားဆိုပြီး ဗျစ်ထိုးနေတာ။ ခုတင်အောက်က ကြောင်ပေါက် လေးတွေကို စားပွဲခုံနောက်ကိုပဲ အမေပြန်ရွှေ့ ပေးခဲ့တယ်။ ဒါတောင် ကြောင်မက ထပ်ချီပြီးပြောင်းမယ်လုပ်နေလို့ အမေ ထပ်ငေါက်ထားရတယ်။
ဒါကိုကျတော့လည်း ကြောင်မက အသိဗျ။ ထပ်မရွှေ့ တော့ဘူး။ ဒါပေမဲ့ သူ့အမူအရာက နည်နည်းတော့ ထူးတယ်။ တခုခုကို ကြောက်နေသလိုပဲ။ ကျနော်ကလည်း အိမ်မှာသိပ်ရှိလှတာ မဟုတ်လို့သေသေချာချာကြီးတော့ သိလှ မဟုတ်ပါဘူး။ တနေ့ကတော့ ကျနော်သိလိုက်တယ်။ သေသေချာချာ ဂဃနဏကြီးကို သိလိုက်တယ်။ ကြောင်မ သိပ်ကိုထိတ်လန့်နေတယ်။ သူသိပ်ကြောက်နေတယ်။ လူတွေကို မလွန်ဆန်ဝံ့လို့သာ ကြောင်ပေါက်လေးတွေကို နေရာနောက်ထပ်မရွှေ့တော့ပေမယ့် သူ့ကလေးတွေအတွက် သူ ရတက်မအေး ဘူး ဖြစ်နေတယ်။ အစားစားဖို့အပြင်ထွက်တာတောင် နောက်ဆံတင်းနေတယ်။
ကြောင်မ ဘာကိုစိုးရိမ်ထိတ်လန့် ကြောင့်ကျနေတာလဲ။ သိလိုက်ရတာက ကြောင်မ ကြောက်နေတာ အခြားမဟုတ်ဘူး။ မကြာခင်ကမှ သူသိပ်တွယ်တာခဲ့ရတဲ့ ကြောင်ဖြူကျားကြီးပါပဲ။ သိပ်ချစ်လွန်းလို့ အိမ်ပြင်ထွက်ပြီး အပျိုရည်ညကို ပေးဆပ်ခဲ့ တာ။ ဘဝပုံပေးခဲ့တာ။ ချစ်တင်းနှောအပြီးမှာ ဘဝအမောတွေ ပြေခဲ့ရတာ။ ခုတော့ ဘယ်လိုဖြစ်လို့ကြောက်လန့်သွားရတာလဲ။ ဒါကိုတော့ မသိသေးဘူး။ တခုခုကတော့ ကြောက်ရတဲ့အကြောင်းတရားဖြစ်မှာ သေချာတယ်။
အကြောင်းရင်းတိုက်ဆိုင်ချင်တော့ ကျနော် ဝမ်းမကောင်းလို့ဘယ်မှမသွားဘဲ အိမ်တွင်းအောင်းရတဲ့နေ့မှာ ကြောင်ပြဿနာ ကို အဖြေရှာကြည့်မိတယ်။ ကြောင်မရဲ့ ကြောင်ထီးကြီးပေါ်ထားတဲ့ကြောက်စိတ်ဟာ သားရေး သမီးရေးကိစ္စ ဖြစ်သလို ကြောင်သတ္တဝါပျက်တွေရဲ့ ဗီဇသဘောလည်း ဖြစ်နိုင်တယ်။
ကြောင်မတွေဟာ သားသမီး အရွယ်မရောက်မချင်း လိင်စိတ်တွေ မဖြစ်ပေါ် တတ်ကြပါဘူး။ သားသမီးကလွဲရင် လင်ဆိုတာ ကို နားမလည်ပါဘူး။ သားသမီးတွေ အရွယ်မရောက်သေးသမျှ ဗို့အားပြင်းလှတဲ့ ချစ်ခြင်းမေတ္တာဓာတ်တွေကို ထုတ်လွှတ်မှာ မဟုတ်ပါဘူး။
ကြောင်ထီးတော်တော်များများဟာလည်း ဒီလိုပဲ တွေ့ဖူးတာပါ။ သားသည်အမေတွေနား တယ်ကပ်ချင်လှတာမဟုတ်ပါဘူး။ အဲ့ဒီ့သားသည်အမေတွေနဲ့ပတ်သက်လာရင် သွေးအေးပါကြပါတယ်။ ဒါပေမဲ့ ဒီကြောင်ထီးကြီးကတော့ နည်းနည်းထူးတယ်။ အိမ်ကကြောင်မကို နေရာမျိုးစုံကနေ ၀င်လာပြီး ချောင်းနေတာတွေ့ရတယ်။ ဒါ့အပြင် အိမ်ဘေးပတ်လည်းမှာလည်း သူ့သေး တွေကို ဟိုပမ်းဒီပမ်း လုပ်ထားသေးတယ်။ အခြား ကြောင်ထီးတွေ မလာဝံ့အောင်လား၊ လိင်စိတ်အတွက် အထောက် အကူလားတော့ ကျနော်လည်း မခွဲခြားတတ်ဘူး။
စိတ်ပျက်ရတာကတော့ အိမ်ခေါင်မိုးတွေပေါ်မှာပါ ကြောင်ချီးတွေပါချထားလို့ ရေသွယ်ယောက်ကနေ မိုးရွာလို့ စီးတဲ့ရေ ကိုတောင် မသုံးချင်တော့ပါဘူး။
ကြောင်ထီးကြီးဟာ ကြောင်မရဲ့အချစ်စိတ်တွေကို ပြန်လည်နိုးကြားစေဖို့ ကြောင်ပေါက်လေးတွေ မရှိမှဖြစ်မယ်ဆိုတာကို သူ့သဘောနဲ့သူ၊ သူ့ဇောနဲ့သူ မှတ်ယူလေသလား။ ဒီလိုဆိုရင်တော့ ကြောင်ပေါက်လေးတွေကို မရှိအောင် လုပ်ပစ်ဖို့ လိုတယ်လို့ ကြောင်ထီးကြီးက တွေးမှာပဲ။ အဲ့ဒီ့အတွက် ကိုက်သတ်ပစ်နိုင်ဖို့ ကြောင်ထီးကြီးက ကြောင်ချောင်း ချောင်းနေ တာများလား။
ဒါကိုကြောက်လို့ကြောင်မခမျာ နေရာပြောင်းဖို့ကြိုးစားနေတာများလား။ အစာစားဖို့တောင် သူ့ခမျာ ပျက်ကွက်ရတယ်။ ခဏသွား၊ ခဏလာနဲ့ သူ့ကလးတွေကို စောင့်ရှောက်နေတယ်။ ဒါနဲ့အပြိုင် ကြောင်ထီးကြီးကလည်း မလစ်တမ်း ချောင်းမြောင်းနေတော့တာပဲ။ ကာမစိတ်တွေ မုန်ယိုနေလို့ပဲလား။ ကြောင်ပေါက်လေးတွေကိုပဲ ကိုက်ဖြတ်စားသောက်ချင်လို့ လား။ မသဲကွဲဘူး။
(ငါး)
ပြဿနာကို အဖြေရှာနေတုန်းမှာပဲ ကြောင်ထီးကြီးကို ဖြတ်ခနဲတွေ့လိုက်ရ တယ်။ အဲ့ဒီ့ကြောင်ထီးကြီးကို ဘယ်လို လုပ်လိုက်ရရင် ကောင်းမတုန်း။ ဒါကို ကျနော်စဉ်းစားနေတာ။
ကျော်ထင်