ကျနော်တွေးမိသလို ရေးပါမည် (၂၅၀)
(မိုးမခ) မေ ၅၊ ၂၀၁၇
(၁)
ကျနော်တို့ မြန်မာ့အသံက သောတရှင်မဂ္ဂဇင်းထုတ်ရာ စာရေးဆရာ သန်းဆွေက တာဝန်ခံအယ်ဒီတာ၊ မြန်မာပိုင်းအစီအစဉ်မှ စာပြု ဦးဝင်းမောင် (စာရေးဆရာ မင်းရှင်) က ထုတ်လုပ်ရေး တာဝန်ခံ အဖြစ်လုပ်ဆောင်ကြသည်။ ကျနော်က စက်မှုလက်ထောက်မို့ ပတ်သက်ခြင်းမရှိပါ။ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းများတွင် ၀တ္ထုတိုများရေးသားခဲ့သူမို့ မြန်မာ့အသံ မရောက်မီကတည်းက စာရေးဆရာဖြစ်နေပါပြီ။ ထို့ကြောင့် သောတရှင်မဂ္ဂဇင်းတွင် ၀တ္ထုတိုများ ၀င်ရေးသူသည် ၀န်ထမ်းဦးဝင်းအောင် မဟုတ်၊ စာရေးဆရာ မောင်အောင်မွန်ဖြစ်သောကြောင့် စာမူခပေးရသည်။
အယ်ဒီတာ ဦးသန်းဆွေနှင့် ခင်မင်သောကြောင့် သူ့လုပ်ငန်းကိုကြည့်ခွင့်ရ၏။ ပန်းချီဆရာ၊ ဘလောက်တိုက်သို့ ခိုင်းလျှင်သွားပေးရသူက မောင်ကိုဦး (နောက်ပိုင်း ပုဂံစာအုပ်တိုက်) ဖြစ်သည်။ အဆိုတော် ဓာတ်ပုံကို ပန်းချီဆရာ၏ပညာနှင့် ပေါင်းစပ်ခြင်းကို နားလည်သူ ဦးသန်းဆွေ၏ စွမ်းဆောင်မှုကြောင့် သောတရှင်မဂ္ဂဇင်း မျက်နှာဖုံးများ အဆင့်အတန်းမြင့်လှပါဘိ။
တသက်မမေ့နိုင်သော အဖုံးပေါ်က ပန်းချီသောင်းဟန်၏ လက်ရာ၊ ငါ့ဝတ္ထု--သူ့ပုံနဲ့များဆိုရင်---။
(၂)
ကျနော်ရှုမ၀မဂ္ဂဇင်းတွင် ၀တ္ထုများရေးသောအခါ စစချင်း ပန်ချီကိုလေးပုံနှင့်ပါသည်။ ၀တ္ထုကိုဖတ်ကြည့်ပြီး အယ်ဒီတာတို့က သင့်တော်ရာ အဆင်ပြေရာ ပန်းချီဆရာထံ ပုံအပ်ရ၏။ ခွဖောင်ဆို ၃ ရောင်၊ ပုံသေးလား--အခြားဝတ္ထု အခြားပန်းချီဆရာတို့၏ လက်ရာများနှင့်လည်း ညှိကြသည်။
နောက်နှစ်အတန်ကြာမှ သိလာသည်များကို ခုလိုဆောင်းပါးရေးနိုင်ခြင်းပါ။
ဟိုတုန်းကမူ စာမူပေးလိုက်၊ လကုန်စာမူခသွားယူ၊ မဂ္ဂဇင်းထဲပါသည့် မိမိဝတ္ထုပုံကိုကြည့်-- ဒီ့ထက်ပိုမသိ။ သို့သော်လည်း ပန်းချီသောင်းဟန်နှင့်ဆုံချင် စိတ်ကပျောက်မသွား။ ဦးကျော်ကိုထားတော့၊ ကျနော့်ကိုချစ်သော ဆရာတင့်တယ်အား မေးကြည့်လို့--တိုက်တွန်းလို့ရသလား။
ကိစ္စမရှိ၊ ဘာမှလုပ်စရာ မလိုတော့၊ ၁၉၆၂ ခု၊ နိုဝင်ဘာလထုတ် ရှုမ၀မဂ္ဂဇင်းပါ စိတ်ရူး ၀တ္ထုတွင် ပန်းချီသောင်းဟန်နှင့် မောင်အောင်မွန် တို့ဆုံကြလေပြီ။
(၃)
ထူးထူးခြားခြား ပန်းချီဆရာသောင်းဟန်နှင့် ရှုမ၀တိုက်တွင် လူချင်းဆုံခွင့်ရ၊ ခင်လည်းခင်မင်သွား၏။ မှတ်မှတ်ရရ ရှုမ၀တိုက်မန်နေဂျာ ဦးမြရှင်က ဖိတ်စာသုံးလေးစောင်ပေးသွားတဲ့ထဲ ခင်ဗျားအတွက်ဟုပေး၏။ စာအိတ်ပေါ်တွင် ကိုအောင်မွန် ဆက်ဆက်လာပါနော်--သောင်းဟန် ဟူသောပန်းချီဆရာ၏ လက်ရေး။ သည်လိုနှင့် ကျနော်သွားလေ့သွားထ မရှိသော မသွားဖူးသော ခြေက်ထပ်ကြီး ဘုရားနားက ပန်းချီဆရာ ဦးသောင်းဟန်၏သား ရှင်ပြုသို့ရောက်သွားသည်။
ကျနော့်လက်ညှစ်ထားသော သူ့လက်က စာရေးဆရာမောင်အောင်မွန်နှင့် ပန်ချီဆရာသောင်းဟန် တို့ကြားသံယောဇဉ်နှောင်ကြိုး လက်တွဲဖြုတ်လိုက်သည့်တိုင် ရာသက်ပန်ခိုင်မြဲသွားလေပြီ။
ရှုမ၀မျက်နှာဖုံး ပန်းချီသောင်းဟန်၏ မှန်ကြည့်နေသော မိန်းမချော အပြင်ဘက်ပုံနှင့် မှန်ထဲကပုံ အံ့မခန်းမို့ သူ့အားမကြာခဏ ပြောဖြစ်သည်။ ပြောတိုင်းပြုံးနေ၏။
(၄)
ကျနော်ဘာသာပြန်သော ခရမ်းရောင်လွင်ပြင် ( The Purple Plain by H.E Bates) ပေဖူးလွှာမဂ္ဂဇင်းတွင် အခန်းဆက်ထည့်သောအခါ လစဉ်ထိပ်တန်း ပန်းချီဆရာတဦးစီ၏ လက်ရာနှင့်ပါ၏။ အယ်ဒီတာချုပ် ဦးမြလှိုင်၏အလုပ်မို့ ၀င်ရှုပ်ဖို့ဝေးစွ၊ သိပင်မသိရ၊ သို့သော် ကိုသောင်းဟန်က သူဆွဲသောပုံနှင့် ပတ်သက်၍ ဒီဟာ ခရမ်းရောင်လွင်ပြင် ရဲ့ Trade Mark မို့ဆွဲတာဟု ပြေပြဖူးသည်။ ထိုဓာတ်ပုံကား ရုပ်ရှင် ကြော်ငြာ၊ ရုပ်ရှင်အကြောင်း ဆောင်းပါးများနှင့်အတူ လူသိများခဲ့သည်။
မင်းသမီး ၀င်းမင်းသန်းအကြောင်း မင်းသား Gregory Peck ကိုယ်တိုင်ရေးသော ဆောင်းပါးတွင်လည်း ထိုဓာတ်ပုံကိုသာ သုံးထား၏။ သောင်းဟန်နှင့် Gregory Peck စိတ်ကူးချင်းတူသလား၊ သို့မဟုတ် Gregory Peck ရေးသော ဆောင်းပါးကို ပန်းချီသောင်းဟန် ဖတ်ဖူးထားသလား၊ မမေးမိ၍ ကျနော်မသိ။
ရုပ်ရှင်ကြော်ငြာ ထိုပုံသေဓာတ်ပုံ ပေဖူးလွှာထဲ ပါသည့် သောင်းဟန်၏ ပန်းချီဖြစ်လာသောအခါ လှုပ်နေ၏။ ဟုတ်မဟုတ် စာဖတ်သူကိုယ်တိုင်ကြည့်။ သူ့နာမည်ကိုလည်း အင်္ဂလိပ်လိုထိုးထားသည်။ မလေးစားပဲ အဘယ်မှာလျှင်နေနိုင်ပါမည်နည်း။
(၅)
သစ္စာစာပေတိုက်က ဦးကိုကိုကြီးက ရူးတယ်လို့ဆိုချင်ဆို ကိုလုံးချင်းထုတ်ဖို့ မျက်နှာဖုံး ပန်းချီသောင်းဟန်ကိုအပ်သည်။ပုံသွားယူသောအခါ အရောင်ခွဲ ဘလောက်လုပ်ရင်း မညစ်ပေစေပဲ မှန်ဘောင်သွင်းပြီး မောင်အောင်မွန်ကို ပေးလိုက်ပါဟု ဆိုသည့်အတိုင်း ဦးကိုကိုကြီးဆောင်ရွက်သည်။ ကျနော်နှင့်တွေ့တော့ ဘယ်လိုလဲ သောင်းဟန်ဆွဲတဲ့ ခင်လေးနဲ့ မောင်အောင်မွန်ရေးတဲ့ ခင်လေးဟုမေး၏။
နေစရာအတည်တကျမရှိ ဟိုပြေားသည်ရွှေ့နှင့် သွားလေရာအမြဲလိုက်ပာသော ပန်းချီကား ၁၉၈၈ ခု၊ အရေးအခင်းကာလတွင်းကျမှ ဆံးရှုံးရတော့သည်။
ဦးကိုကိုကြီးက မောင်အောင်မွန်၏ နောက်တအုပ် တယောက်သောသူက အသဲနှလုံး စာအုပ်အဖုံး အပ်ပြန်ရာ၊ ကိုသောင်းဟန်က ဘယ်လိုပုံချင်သလဲပြောဟုဆို၏။ မိန်းမပျို ချောချောလေး ကိုယ်လုံးကလည်း ခပ်တောင့်တောင့် ပိုးပျော့ထဘီ နက်ပြာရောင်-- ဘလောက်စ်က ကာကီရောင်နု--၊ကျနော့်စကားမဆုံမီ လွတ်နေတဲ့ ခါးအသားလေးကော ထည့်ရမယ်ပေါ့--သွားတော့ဟုဆိုသည်ကို မှတ်မိနေသေးသည်။
မောင်အောင်မွန် လုံးချင်းစာအုပ်များ ရေးဖြစ်ရန်အားပေးသူများအနက် ထိပ်နားကပါဝင်သူ ပန်းချီသောင်းဟန်၏ ထိုလက်ရာကို ကျနော့်မျက်စိထဲ မြင်ယောင်နေဆဲပါ။ ရှဖွေတွေ့ရှိပါက စာဖတ်သူတို့ထံ ဝေငှပါမည်။
စာ နယ် ဇင်း လောက၌ ရှမ်းရှမ်းတောက်နေသော ပန်းချီဆရာ သောင်းဟန်၏ လက်ဆောင်မွန်။
(၆)
ကျနော်အင်မတန်ကြိုက်သော ထိုရှုမ၀အဖုံးကိုကြည့်ရင်း မှန်တင်ခုံရှေ့က အမျိုးသမီး လှုပ်ရှားနေဟု ခံစားမိကြောင်းပြောတော့ ပန်းချီဆရာက ပြုံးနေသည်။ ကျနော့်အထင် သူသည် ဓာတ်ပုံကိုကြည့်ပြီးရေး၏၊ သို့သော် ပုံတူဆွဲခြင်းမဟုတ်၊ ဓာတ်ပုံမှပန်းချီသို့ အသွင်ကူးပြောင်းခြင်း (Interpretation) ဟု ကျနော်ယူဆ၊ ပြီးတော့ သူ့ပုံထဲကလူများသည် လွတ်လပ်ပေါ့ပါးနေ ( Relax, never Stiff) ၍လည်း ကြည့်ရင်းကြည့်ရင်း အသက်ဝင်လှုရှားလာဟု ကျနော်နားလည်သလောက်ခံစားမိသည်။
ဥပမာ၊ ၀င်းဦးပုံကိုကြည့် သူ့ဟန်သူ့အသံကိုပင် ကြားရလောက်ပါရဲ့။
ပန်းချီသောင်းဟန်၏ ပုံများသည် အမြဲတမ်း မိန်းမချောလေးများမဟုတ်၊ အကြောင်းအရာကိုလိုက်၍ ပုံမျိုးစုံရေးဆွဲသည်။ လူတွေ--လူတွေ-- မလှပဲ အကျည်းတန်လည်း လူမဟုတ်လား-- ကြမ်းချင်ကြမ်းမည်၊ တူညီသည့်အချက်က သူ့ပုံတိုင်းလူဆန်၏။
(၇)
ပန်းချီသောင်းဟန်နှင့် မဆုံဖြစ်တော့သည်မှာ နှစ်(၃၀) ကျော်ခဲ့ပြီ။
မောင်အောင်မွန်၏ မေ့ခက်ခက်မုန်းခက်ခက် ၀တ္ထုထဲတွင် ပန်းချီသောင်းဟန်အား ဇာတ်ကောင်အဖြစ် ချစ်စနိုးထည့်သွင်းထား၏။ မောင်မောင်သိုက်ပုံနှင့်ပါ၊ သူ့ကကြည့်ပြီး ရှုမ၀က သူ့ကိုဆွဲခိုင်းသင့်ဟု ရယ်ကာပြောဖူးသည်။ စာအုပ်အဖြစ် ပြန်ထွက်ခါနီးကျမှ သူကွယ်လွန်သွားပြီ။
အနုပညာသည်များလည်း လူသားမို့ တနေ့မဟုတ် တနေ့သေကြရပါမည်။
သို့သော်လည်း နေ့မြင်ညပျောက် အထိမစောင့်ပဲ လျင်မြန်လွယ်ကူစွာ ဖျောက်၍ဖျက်၍ အရှိန်ရ အားကောင်းဆဲ ယနေ့မြန်မာပြည်တွင် ပန်းချီသောင်းဟန်က အနုပညာလက်ရာများ လှုပ်ရှားအသက်ဝင်အောင် အမွေပေးခဲ့ဟုတွေးမိသည်။ ချစ်ခင်လေးစားရသူ၏ နောက်ဆုံးခရီးသို့ လိုက်ပါပို့ဆောင်နိုင်ခြင်းမရှိ၍ အဝေးကနေ ရနိုင်သမျှ သူ့လက်ရာပုံများဖြင့် ဂါရ၀ပြုလိုက်ရကြောင်းပါ။
၂၀၁၇ ခု၊ မေလ (၅)ရက်နေ့။