မြဇင်ယော် ● ကိုယ့်မှာတည်
(မိုးမခ) မေ ၂၈၊ ၂၀၁၇
(မိုးမခ) မေ ၂၈၊ ၂၀၁၇
စာအုပ်ဆိုင်တွေရောက်လို့ တချို့ဆိုင်တွေက "ဘာစာအုပ်လိုချင်တာလဲ" မေးရင် စိတ်ကသိကအောက် ဖြစ်မိတယ်။ ကိုယ်က ဘာစာအုပ်ဝယ်မယ်လို့ ရည်ရွယ်ပြီးသွားတာ မဟုတ်ဘူးလေ။ ဆိုင်ထဲရောက်မှ စိတ်ဝင်စားတဲ့စာအုပ်တွေ့ရင် အမြည်း ဖတ်ကြည့်၊ ကြိုက်ရင် သုတစာအုပ်ဖြစ်ဖြစ် ရသစာအုပ်ဖြစ်ဖြစ် ယူလိုက်တာပဲ။ ကိုယ်သဘောကျတဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေတွေ့ရင် အမြည်းဖတ်မနေတော့ဘဲ မဖတ်ဖူးသေးတာ အကုန်ယူလိုက်တာပဲ။ အဲ့ဒီလိုဆိုတော့ စောစောကမေး ခွန်းအတွက် အဖြေက မရှိဘူး။ ပြန်မပြောလို့ကလည်း မဖြစ်တော့ "မသိသေးဘူး၊ ကြည့်ပြီးမှသိမှာပဲ" လို့ အရိုးခံအတိုင်းဖြေလိုက်ရင် သူတို့လည်း ကျေနပ်ပုံမရဘူး။
စိတ်အနှောင့်အယှက်အဖြစ်ဆုံးကတော့ ကိုယ်စာအုပ်ရွေးနေစဉ်မှာ နောက်က တကောက်ကောက်လိုက်ကြည့်နေခြင်းပါ။ ကိုယ်က စာဖတ်ရတာ စာအုပ်ရွေးရတာ မလွတ်လပ်တော့ဘူး။ စောင့်ကြည့်တာကို ခံနေရတယ်။ ကိုယ့်နယ်မြို့မှာ စာအုပ်အရောင်းဆိုင်ဆိုလို့ ကျောင်းသုံးစာအုပ် အရောင်းဆိုင်ပဲရှိတာ။ ဖတ်စရာ သုတ ရသ စာအုပ်တွေလိုချင်ရင် အနည်းဆုံး ပျဉ်း မနားမြို့ကို သွားဝယ်မှရတယ်။
အဲ့တော့ ရန်ကုန်ဖြစ်ဖြစ် မန္တလေးဖြစ်ဖြစ် မြို့ကြီးတွေရောက်ခဲ့ရင် ဘယ်မှမသွားရရင်နေ၊ စာအုပ်ဆိုင်မှာ အချိန်အများဆုံးပေးဖြစ်တယ်။ ရောက်တုန်းရောက်ခိုက်လေး ဝယ်ရတာ။ အေးအေးဆေးဆေး ရွေးချင်မိတယ်။ တကယ်တော့ ဒီလိုစာအုပ်ဆိုင်အကြီးကြီးတွေရှိတဲ့အရပ်ရောက်ဖို့ဆိုတာ တနှစ်နေလို့တောင် တခါ မဖြစ်နိုင်ဘူးလေ။
စာအုပ်ဆိုင်တွေရောက်တိုင်း လွတ်လွတ်လပ်လပ် ရွေးခွင့်ရရင် သိပ်ကောင်းမှာပဲလို့ တောင့်တမိတတ်တယ်။ သိပ်မကြာသေးခင်ကပဲ ဒီလို စောင့်ကြည့်တာကို လက်ခံနိုင်လာတာ။ ဆရာကြီးမြသန်းတင့်ရေးတဲ့ 'ခေတ်ပြိုင်ရုပ်ပုံလွှာများ' စာအုပ်ထဲ မှာ စာအုပ်ဆိုင်ပိုင်ရှင်တယောက်အကြောင်းဖတ်ရတော့မှ စာအုပ်အလစ်သုတ်တဲ့လူတွေရှိတယ်ဆိုတာ သိရတာ။ သြော်... သူတို့မှာလည်း သူတို့အခက်အခဲတွေနဲ့ သူတို့ပါလားဆိုပြီး လက်ခံနိုင်သွားတာ။
ဒါပေမယ့် အပြည့်အဝတော့ ဘဝင်မကျနိုင်သေးဘူး။ ကိုယ်ဆိုတာ ဈေးဝယ်လို့ ပိုက်ဆံမှားပြီး အပိုပြန်အမ်းလိုက်ရင်တောင် သိသိချင်း ချက်ချင်းပြန်ပေးတတ်တာ။ ကျောင်းတက်နေတုန်းကဆို ပိုက်ဆံ ၅၀၀ ပိုအမ်းလိုက်တာကို အဆောင်ရောက်မှသိလို့ နေပူကြီးထဲ မိနစ် ၂၀ လောက် လမ်းလျှောက်ပြီး သွားပြန်ပေးခဲ့တာ။ ကိုယ်က တမင်ဝါယမစိုက်ပြီး ယူဖို့ဆိုတာ ဝေ လာဝေး။ ကိုယ့်လိုလူကို စောင့်ကြည့်ခံနေရတာကိုပဲ လုံးလုံးလျားလျား မကျေနပ်နိုင်သေးဘူး။ နားလည်မပေးနိုင်သေးဘူး။
ဒီလို မကျေမနပ်ဖြစ်တတ်တဲ့စိတ်တွေက အမေနဲ့အတူ ဆံပင်အကျွတ်တွေ သွားရောင်းဖူးပြီးမှ လုံးဝပျောက်သွားတော့တာ။
အမေ့ဆံပင်က အရှည်ကြီးပါ။ တံကောက်ကွေးအောက် ရောက်တယ်။ ထူလည်း အထူကြီးပဲ။ အပျိုဘဝမှာရော အိမ်ထောင်သည်ဘဝမှာရော တရော်ကင်ပွန်းနဲ့ပဲ ခေါင်းလျှော်ခဲ့တဲ့သူ။ တရော်ပင်အခေါက်ကိုခွာ၊ တုတ်နဲ့ နာနာထု၊ တဖက်မှာ ကင်ပွန်း သီးပြုတ်၊ တခါတလေလည်း မီးဖုတ်ပြီးသုံးတယ်။ စောစောကထုထားတဲ့ တရော်နဲ့ နာနာနယ်ပြီး တရော်ကင်ပွန်းခေါင်းလျှော်ရည် လုပ်ယူတာပဲ။ ရွာမှာဆိုတော့ ကိုယ်တိုင်မလုပ်နိုင်လည်း သူများဆီက တခါလျှော်လောက် သွားတောင်းလို့ရ တယ်။ ဘယ်သူမှ မတွန့်တိုဘူး။
အခုအချိန်မှာ တရော်ကင်ပွန်း တအားရှားသွားတယ်။ တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်နေကျ အမေလည်း မြို့က တခါလျှော် ခေါင်းလျှော်ရည်ထုပ်တွေနဲ့ပဲ နှစ်ပါးသွားရတော့တာ။ အဲဒီမှာ အမေ့ဆံပင်တွေက နှမြောစရာကောင်းလောက်အောင်ကို အထွေးလိုက် အထွေးလိုက် ကျွတ်ကျတော့တာပဲ။ အစမှာ ဆံပင်အကျွတ်တွေကို လွှင့်ပစ်တာ။ အမှိုက်ရှုပ်ရော။ ဆံပင်ဆို တာကလည်း ခေါင်းပေါ်မှာသာ အမြတ်တနိုး။ ကျွတ်ကျသွားပြီဆိုရင် သာမန်အမှိုက်ထက်ကို အရုပ်ဆိုးတယ်။ တချို့များဆို ထမင်း ဟင်း ပန်းကန်တွေထဲမှာတွေ့ရင် ပျို့အန်ကြတဲ့အထိပဲ။
နောက်ပိုင်းကျတော့ ဆံပင်အကျွတ်တွေကို ပန်းကန်တို့ ဓာတ်ဗူးတို့ ဇွန်းတို့လို့ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ လဲပေးသူတွေ ရွာကိုရောက်လာကြတယ်။ အမေက သူ့ဆံပင်အကျွတ်တွေကို ထမင်းစား ကြွေပန်းကန်တွေနဲ့ လဲထားတယ်။ မပြည့်စုံသူတွေ အိမ်ထောင်ခွဲခါစ လင်မယားတွေကို ပေးလေ့ရှိတယ်။
အခု အမေက အမြင်ပိုကျယ်လာတယ်။ သူ့ဆံပင်တွေကို ရွာမှာတင် ပစ္စည်းတွေနဲ့ မလဲတော့ဘူး။ မြို့ရောက်မှ ဆိုင်ကိုသွားပြီး အချိန်နဲ့ရောင်းတယ်။ စိတ်ကြိုက်ပစ္စည်းရှာဝယ်တယ်။ တခါကျွတ်စာ ဆံပင်လေးတွေကို သူ့အထွေးနှင့်သူ အထွေးလိုက်ကလေးတွေ စုထားတယ်။ ကျွန်မလည်း ဘယ်ဆိုင်က ဝယ်တာလဲ သိချင်တာနဲ့ အမေ့နောက်လိုက်သွားတာ။ ဆိုင်ရှင်က အမေ့ဆံပင်ထုပ်ကြီးလည်းမြင်ရော အံ့သြသွားတယ်။ ယူဖြည်ပြီး တထွေးချင်းစီကို သေသေချာချာကိုင်ကြည့်ပြီး စေ့စေ့စပ်စပ် စစ်တယ်။ သူစိတ်တိုင်းကျ စစ်ပြီးပြီဆိုမှ ချိန်ခွင်ပေါ်တင်တာ။
ဒါကို ဘေးကကြည့်ပြီး မကျေမနပ်ဖြစ်နေတာက ကျွန်မ။ ဒီလောက်ကြီးစစ်နေတာ ဆံပင်အထွေးတွေထဲကို ဘာတွေ ထည့်ထားမှာကျနေတာပဲ။ လူကိုပဲ မယုံသင်္ကာနဲ့။ စိတ်သဘောအတိုင်းဆိုရင် မရောင်းတော့ဘူးဆိုပြီး ပြန်ယူလိုက်ချင်တာ။ အမေ့ကို လှမ်းကြည့်လိုက်တော့ အမေက အေးအေးဆေးဆေးပဲ။ အထူးအဆန်းလည်း ဖြစ်ပုံမရဘူး။ မကျေမနပ်လည်း ဖြစ်ပုံမရဘူး။ ကိုယ်ကသာ သံသယအဖြစ်ခံရတယ်ဆိုပြီး ဒေါပွနေမိတာ။
အပြန်ကျတော့ အိမ်ရောက်အောင် မအောင့်နိုင်တော့။ လမ်းမှာတင် အမေ့ကို "အဲ့ဒီဆိုင်ရှင်ကလည်း လူကိုများ ဘာမှတ်နေလဲ မသိဘူး၊ ဆံပင်ထဲ ဘာတွေထည့်ထားမှာကျနေတာပဲ၊ စစ်နေလိုက်တာများ" လို့ ဒေါနဲ့မောနဲ့ ပြောမိတယ်။ အမေကတော့ ခပ်အေးအေးပဲ "အဲ့ဒါ သူတို့ လုပ်ရမယ့်အလုပ်ပဲလေ၊ သူတို့အနေနဲ့လည်း ဘယ်လိုမျိုးတွေ ကြုံဖူးထားမှန်းမှ မသိတာ။ စစ်ပြီးယူမှ စိတ်ချရမှာပေါ့၊ ကိုယ့်ပစ္စည်းက မှန်ကန်ဖို့ပဲလိုတာ။ သူတို့ဘာသာ သူတို့ ဘယ်လိုစစ်စစ်၊ သူ့အလုပ် သူလုပ်တာ" တဲ့လေ။ တကယ်တော့ ကိုယ်ဟာ သဘောထား သေးသိမ်သူဖြစ်နေတယ်ဆိုတာ သိလိုက်ရတယ်။
အခုဆိုရင် စာအုပ်ဆိုင်တွေရောက်လို့ ကိုယ်ရွေးနေတာ နောက်ကလိုက်ကြည့်နေလည်း စိတ်မခုတော့။ အပြည့်အဝ နား လည်သွားပြီ။ သူတို့အလုပ် သူတို့လုပ်နေတာလို့ တွေးတတ်သွားပြီ။ ကိုယ့်ဖက်က မှန်ဖို့အရေးကြီးတယ်။ စာအုပ်ဆိုင်မှ မ ဟုတ်ဘူး၊ ဘယ်နေရာရောက်ရောက် ဘယ်လိုစောင့်ကြည့်မှုမျိုးဖြစ်ဖြစ် ဘယ်လောက်စစ်ဆေးစစ်ဆေး ခံနိုင်သွားပြီ။ စိတ်တိုစရာ မကျေနပ်စရာ ဘာမှမရှိဘူး။ ကိုယ့်လိပ်ပြာမှန်ဖို့က အဓိကပဲလေ။ ။
မြဇင်ယော်