ပြည်သစ်ဟန် ● လူကို ဘယ်လိုမြင်ကြမလဲ
(မိုးမခ) မေ ၂၂၊ ၂၀၁၇
(မိုးမခ) မေ ၂၂၊ ၂၀၁၇
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များရဲ့ ဘုန်းကြီးကျောင်းတွေ၊ အထင်ကရ စေတီပုထိုးတော်တွေ စသဖြင့် ဗုဒ္ဓဘာသာဝင်များရဲ့ အမှတ်လက္ခဏာများရှိပါတယ်။
တခါက အထင်ကရ စေတီတော်ကြီးများရဲ့ ဘုရားပရဝဏ် တနေရာရာတွင် အမျိုးသမီးများ သွားလာဝင်ထွက်ခွင့် မရတာကို နိုင်ငံရပ်ခြား အမျိုးသမီးတယောက်က မေးခွန်းထုတ်ဖူးပါတယ်။
ဗုဒ္ဓဘာသာရဲ့အဆုံးအမတွေထဲတွင် ထိုသို့ အမျိုးသား/အမျိုးသမီး ခွဲခြားတတ်သလားလို့ပေါ့။ ကျွန်တော် မမှတ်မိ၍ ဖြေကြား ပေးသော ဆရာတော်ကြီးရဲ့ ဘွဲ့အမည်ကို မပြောပြတတ်ပါ။ ဆရာတော်ကြီးရဲ့ဖြေကြားပုံမှာ "ဗုဒ္ဓဘာသာတွင် ထိုသို့ မပ ညတ်ပါ။ ယဉ်ကျေးမှုအရ စောင့်ထိန်းကျင့်သုံးကြခြင်းမျှသာ" ဟူ၍ ဖြေကြားဖူးတာကို မှတ်သားဖူးပါတယ်။
ယဉ်ကျေးမှု ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်၊ နှုတ်၊ နှလုံးတွင် အမြဲကိန်းနေရမယ့် ယဉ်ကျေးမှုစံဟူ၍ ယူဆမိပါတယ်။
ယင်းယဉ်ကျေးမှုမှာပင် လူမျိုးတမျိုးရဲ့ ပြယုဂ်၊ အစဉ်အလာဓလေ့ထုံးတမ်းတွေထဲတွင် ခေတ်အဆက်ဆက် ဖြစ်တည်နေခဲ့ပါ တယ်။ ထိုယဉ်ကျေးမှုအတွက် ကျွန်တော်တို့ရဲ့ နှုတ်မှဖြစ်ဖြစ်၊ အပြုအမူတွေမှဖြစ်ဖြစ် စိတ်နှလုံးမှဖြစ်ဖြစ် ထွက်ပေါ်လာ ရာတိုင်းမှာ ဖြစ်တည်နေပါတယ်။ ယဉ်ကျေးသောလူမျိုး၊ ယဉ်ကျေးသော လူ့အဖွဲ့အစည်း စသဖြင့် သုံးသပ်မှတ်ချက်ပြုကြ ပါတယ်။
ထိုနေရာတွင် ဘာသာတရားရဲ့ထိန်းကွပ်တည့်မတ်ပေးမှုနဲ့ ယဉ်ကျေးမှုရဲ့ ဖြစ်တည်နေမှုကို အများအပြား ကျွန်တော်ပြော နိုင်မည်မဟုတ်ပါ။ လေ့လ့လာစေ့ငုမိသရွေ့သာ တင်ပြရခြင်းဖြစ်ပါတယ်။ ဘာသာတရားတခုတည်းအပေါ် ရှေးရှုခြင်းမဟုတ် သော၊ လူသားဆန်သော ယဉ်ကျေးမှုစံကို ပိုမိုစိတ်ဝင်စားမိပါတယ်။
ကျွန်တော်တို့ရဲ့ နှုတ်ထွက်စကားများ၊ပြုမူပုံများ အတွေးအကြံများက နိုင်ငံ၊ လူမျိုး၊ လူ့အဖွဲ့အစည်းအတွက် သမိုင်းပုံရိပ်များ လည်း ဖြစ်ပါတယ်။ ယဉ်ကျေးခြင်းလား။ ရိုင်းစိုင်းခြင်းလား။ တခုခုပေါ့။ နောက်ဆက်တွဲ ဂယက်အနက်များနဲ့အတူ တိုင်းသိ ပြည်သိ ပွင့်အန်ထွက်လာသော ကိစ္စရပ်များဆိုရင် နိုင်ငံရဲ့ အနာဂတ်နဲ့ပါ သက်ဆိုင်လာပါတော့တယ်၊ လျစ်လျူရှုလို့မရသော အခြေအနေတွေဖြစ်ပါတယ်။
ဒီမိုကရေစီတည်ဆောက်စကာလ နိုင်ငံများတွင် အမြဲကြုံတွေ့နေရတတ်သော အကြောင်းတခုရှိပါတယ်။ လူ့အခွင့်အရေး၊ အမျိုးသားရေးနဲ့ ဆက်စပ်ပြီး လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှုပြဿနာပင်ဖြစ်ပါတယ်။
"ငါ" ဟူသော ငါ့လူမျိုး၊ ငါ့ဘာသာ၊ စသဖြင့် ငါစွဲတရားတွေ ပေါ်ထွက်လာပါတော့တယ်။ ဆရာကြီး "ဦးရွှေအောင်" ရဲ့ "ဗုဒ္ဓ လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် (ကိုယ်ကျင့်ဗုဒ္ဓဝင်)" စာအုပ်မှ ကောက်နုတ်ဖော်ပြချင်ပါတယ်။
"ဤကမ္ဘာမြေပြင်၌ လူတို့သည် ပျော်မွေ့ဖွယ်ကောင်းသော ချမ်းမြေ့သော၊ငြိမ်းချမ်းသောဘဝကို ထူထောင်လိုကြပါလျှင် မိမိ၏ ပတ်ဝန်းကျင်ရှိ လူများကို လူလိုမြင်တတ်အောင် ကြည့်တတ်ရန် လို၏။ လူကို လူလိုမြင်အောင်ကြည့်ရာ၌ "ဗြဟ္မစိုရ် မျက်စိရှိမှ ဖြစ်၏ ဗြဟ္မစိုရ် မျက်စိမရှိလျှင် လူကို လူလို မြင်တတ်အောင် မကြည့်တတ်။ လူကို ကုလားလိုလည်း မြင်တတ်၏။ တရုတ်လိုလည်း မြင်တတ်၏။ သူဌေးလိုလည်း မြင်တတ်၏။ ဆင်းရဲသားလိုလည်း မြင်တတ်၏။ အရာရှိကြီးလိုလည်း မြင် တတ်၏။ ရုံးလုလင်လိုလည်း မြင်တတ်၏။
"ပပဉ္စ"ဟူသည် တဏှာ၊ မာနနှင့် ဒိဋ္ဌိတို့၏ အမည်ဖြစ်၏။ ထို့ကြောင့် "ပပဉ္စ" မျက်စိဟူသည် အတ္တမျက်စိပင် ဖြစ်၏။ ထို့ ကြောင့် လူသည် လူကို အတ္တမျက်စိဖြင့်ကြည့်ပြီး အတ္တအမြင်ဖြင့် ဆောင်ရွက်နေသမျှ ကာလပတ်လုံး ဤကမ္ဘာမြေပြင်၌ ပျော်မွေ့ဖွယ်ကောင်းသော၊ ချမ်းမြေ့ဖွယ်ကောင်းသော၊ ငြိမ်းချမ်းသောဘဝကို ထူထောင်၍မရနိုင်ခြင်းမှာ မိမိတို့၏ လက်တွေ့ ပင်ဖြစ်၏။ လက်တွေ့ခံစားချက်ပင်ဖြစ်၏။"
ဆရာကြီး "ဦးရွှေအောင်" က လူတို့ရဲ့ (တစ်နည်း) ပုထုဇဉ်တို့ရဲ့အမြင်နဲ့ဆက်စပ်ပြီး ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသော ၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတရပ် ပေါ်ပေါက်ဖြစ်တည်ရေးအတွက် လူကို လူလိုမြင်တတ်ဖို့ကို ညွှန်းဆိုပြသခဲ့ခြင်းပင်။ ယင်းမှာ ယဉ်ကျေးသော လူ့အဖွဲ့အစည်း လူမျိုး၊ နိုင်ငံအနေနဲ့လည်း သက်ဆိုင်အကျူံးဝင်နေပါတယ်။ ကျွန်တော်တို့လိုချင်သော ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသော၊ ငြိမ်းချမ်းသောအခြေအနေများအတွက် ကျွန်တော်တို့ ဘယ်လိုမြင်ကြည်ကြမလဲ။