မေစာ - နောင်ကျော်ရဲ့ အငြင်းပယ်ခံ နိုင်ငံရေးစာတမ်းတစ်စောင်


မေစာ - နောင်ကျော်ရဲ့ အငြင်းပယ်ခံ နိုင်ငံရေးစာတမ်းတစ်စောင်
(RFA အပတ်စဉ်ကဏ္ဍ) မိုးမခ၊ မေ ၁၁၊ ၂၀၁၇
(စာရေးသူ ဖေ့စ်ဘွတ်ကနေ ကူးယူဖော်ပြပါတယ်)


မေစာ အမှတ်တရ (၃၂)
အကြံပြုချက်တွေကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ ကျေးဇူးပါ။

မင်္ဂလာပါ ...
၂၀၁၆ခု ဒီဇင်ဘာ ၁ ရက်က ကျင်းပသွားခဲ့တဲ့ ခေတ်ပြိုင်သမိုင်းစာပေစာတမ်းဖတ်ပွဲအတွက် ဖတ်ခွင့်ပြုမယ့်စာတမ်းရွေးချယ်ရာမှာ အတော်လေးလှုပ်လှုပ်ရွရွ ဖြစ်သွားတာ ကြားလိုက်ရပါတယ်။ ဖြစ်သွားရတဲ့ အကြောင်းကတော့ တချို့ပညာရှင်တွေဆီက စာမူတွေဖိတ်ခေါ်၊ ဖိတ်ခေါ်တော့ စာတမ်း တွေ ပို့။ ဒါပေမယ့် အကြောင်းတစ်ခုမဟုတ်တစ်ခုကြောင့် တချို့စာတမ်းတွေ ဖတ်ခွင့်မရလိုက်ပါဘူး။ ရေးရတာပဲ အဖတ်တင်ပြီး ဖတ်ခွင့်မရတော့ တချို့စာတမ်းရှင်တွေ စိတ်မသက်မသာဖြစ်ကြပေါ့။ ဒီလို ဖတ်ခွင့်မရတဲ့ စာတမ်းရှင်တွေထဲမှာ “နောင်ကျော်”လည်း တစ်ယောက်ပေါ့။ သူအချိန်ပေး ရေးထားရ တဲ့ စာတမ်းကို အဟောသိကံ ဘယ်အဖြစ်ခံနိုင်ပါ့မတုံး။ သူ့စာတမ်းကို စာတစ်အုပ်ပေတစ်အုပ် ပုံနှိပ်ပြီး ထုတ်လိုက်တာပေါ့။ “ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက်မတ်စောက်သောလမ်းများ” တဲ့။ ဒီစာအုပ်ကို ဖတ်ရင်းက ဒီစာတမ်းကို ဖတ်ခွင့် အပယ်ခံရတာနဲ့ပတ်သက်လို့ ဉာဏ်မီသမျှ ဆင်ခြင်နေမိပါတယ်။

 တစ်ကြောင်းက အတော်ရှင်းပါတယ်။ အဲဒါက စာတမ်းဖတ်ပွဲအမည် ပြောင်းသွားတဲ့အချက် ကြောင့်ပါ။ နောင်ကျော်ရဲ့ နိဒါန်းစာအရဆိုရင် နောင်ကျော်နားလည်ထားတဲ့ စာတမ်:ဖတ်ပွဲအမည်က “ခေတ်ပြိုင် နိုင်ငံရေး သမိုင်းစာပေ စာတမ်:ဖတ်ပွဲ” ပါ။ ဒါပေမယ့် စာတမ်းတွေ ရွေးချယ်တဲ့အချိန်မှာ နိုင်ငံရေးကို ဖြုတ်ပြီး “ခေတ်ပြိုင်သမိုင်းစာပေစာတမ်းဖတ်ပွဲ” ဖြစ်သွားပါပြီ။ ဒီတော့ နိုင်ငံရေးသမိုင်းကို ဇောင်းပေးရေးထားတဲ့ နောင်ကျော်ရဲ့ စာတမ်း ဘောင်မဝင်တော့ဘူးပေါ့။ စာတမ်းဖတ်ပွဲ ခေါင်းစဉ်နဲ့ မဆီလျော်လို့ဆိုပြီး ပယ်မယ်ဆို ပယ်ခွင့်ရှိတာပါပဲ။

 ဒါပေမယ့် နောင်ကျော့်ဘက်က ပြန်ကြည့်ရင်တော့ စောဒက ဝင်စရာ ရှိနေပြန်ပါတယ်။ ရေးထားတာတွေက ပြည်တွင်းစစ်မီးသမိုင်းကို လွတ်လပ်ရေးရပြီးစကာလက အစချီပြီး ဒီနေ့ခေတ် ကာလအထိ ဆန့်ပြီးရေးထားတာကိုး။ ဒီတော့ ဒါကိုကော ခေတ်ပြိုင်သမိုင်းလို့ ပြောရင်မရဘူးလား။ ရေးထားတာက ခေတ်ပြိုင်သမိုင်းမှ သမိုင်းလေ။ ပွဲစီစဉ်တဲ့ အကြီးအကဲတွေလည်း ဒါကို မသိဘဲ ဘယ်နေပါ့မလဲ။ ဒါဖြင့် ဘာဖြစ်လို့ ပယ်သလဲ။

ဒီအကြောင်းကို နောင်ကျော်ရဲ့နိဒါန်းမှာ အထင်အရှား ဖတ်နိုင်ပါတယ်။ သူ့စာတမ်းကို ပယ်တဲ့ အခါ အကြောင်းကြားစာကို နောင်ကျော်က ပြန်ဖော်ပြထားပါတယ်။ “လူကြီးမင်း၏စာတမ်းသည် လက်ရှိ ဆောင်ရွက်နေသော ငြိမ်:ချမ်းရေးလုပ်ငန်းစဉ်များတွင် ပြဿနာရှိသည်ဟု ယူဆသောကြောင့် ဆိုင်းငံ့ထားရန် ကော်မတီဝင် များနှင့် သဘာပတိအဖွဲ့ဝင်များက ဝမ်းနည်းစွာ ဆုံးဖြတ်ခဲ့ကြောင်း” လို့ အကြောင်းကြားစာမှ ဖော်ပြထားပါသတဲ့။ ဒီတော့ ထပ်ပြီး စဉ်းစားစရာ ပေါ်လာပါတယ်။ အဲဒီအချိန်က ရော အခုထိရောက ငြိမ်:ချမ်းရေးတည်ဆောက်မှု အားထုတ်နေတာတွေက လက်စမှ မသတ်နိုင်သေး တာ။ အဖွဲ့အစည်းတစ်ခုခုနဲ့ပတ်သက်လို့ အငြင်းပွားစရာရှိတာမျိုးကို ရေးထားရင် ပြဿနာပေါ်နိုင်တာ သေချာပေါက်ပေါ့။ နောင်ကျော်က ဘာတွေရေးထားလို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပြဿနာကြုံ နိုင်တာလဲ။

 နောင်ကျော်ရေးထားတာတွေ အစေ့အစုံ အစီရင်ခံနေလို့ မဖြစ်နိုင်ပါဘူး။ ဒီတော့ သူ့မာတိကာ ကို အကြမ်းသဘော အစီရင်ခံခွင့်ပြုပါ။ ငြိမ်းချမ်းရေး အဓိပ္ပာယ်တဲ့။ ပြည်တွင်းစစ်အစနဲ့ သမိုင်း အကျဉ်းတဲ့။ စစ်ခြေလှမ်းနောက်က ကပ်လိုက်လာတဲ့ငြိမ်:ချမ်းရေးတဲ့။ ဆွေးနွေးဖက် အပြောင်းအလဲ များတဲ့။ လက်ရှိငြိမ်းချမ်းရေးက ဘယ်သူ့လက်ထဲမှာလဲတဲ့။ နောက်တော့ ခြုံငုံ သုံးသပ်ချက်ပေါ့လေ။


 တစ်ခန်းချင်းစီကြည့်လိုက်ရင် ပြည်တွင်းစစ်မီးစတောက်လာခဲ့ပုံနဲ့ ငြိမ်:ချမ်းရေးရအောင် ပြန် အားထုတ်ကြပုံကို မှတ်တမ်းတင်ထားတာပါပဲ။ လွတ်လပ်ရေးရပြီးစမှာ နိုင်ငံရေးအယူအဆ ကွဲရာက အင်အားပြိုင်ကြတယ်။ အာဏာလက်ရှိသူတွေက အာဏာလက်မဲ့တွေကို ဖိနှိပ်ကြ၊ ရန်ရှာကြတယ်။ အဲဒီမှာ ကွန်မြူနစ်ပါတီတွေက တောထဲရောက်သွားတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင် တဲ့ ပြည်တွင်းငြိမ်:ချမ်းရေးအဖွဲ့က သူမနာ ကိုယ်မနာ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အားထုတ်ကြတယ်။ အဆင်မပြေဘူး။ ဦးနေဝင်းဦးဆောင်တဲ့အစိုးရအဖွဲ့တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတမျိုးပြီးတမျိုးနဲ့ ဆွေးနွေးကြတယ်။ လက်ဝဲအင်အားစုတွေနဲ့ ဆွေးနွေးတယ်။ တိုင်းရင်းသားလက်နက်ကိုင် အင်အားစု တွေနဲ့ ဆွေးနွေးတယ်။ ကွန်မြူနစ်ပါတီနဲ့ ဆွေးနွေးတယ်။ ၁၉၈၈ နောက်ပိုင်း အာဏာသိမ်းအစိုးရ လက်ထက်မှာလည်း တိုင်းရင်းသားတွေနဲ့ ဆွေးနွေးခဲ့တယ်။ အရာမထင် မအောင်မြင်ခဲ့ဘူး။ ဒါသမိုင်း ကြောင်းကို အရင်းတိုင်း တင်ပြတာပါပဲ။

သမိုင်းကို သုံးသပ်ရာမှာတော့ ငြိမ်းချမ်းရေးအဆုံးအဖြတ် ဘယ်သူ့အပေါ်မှာ တည်မှီနေသလဲ ဆိုတာ စဉ်းစားထားပါတယ်။ အဖြေက ရိုးရိုးရှင်းရှင်းလေးပါပဲ။ စစ်တပ် (တပ်မတော်) လက်ထဲမှာပဲ အဓိကရှိနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်တဲ့။ အဲဒီလို သုံးသပ်သွားပါတယ်။ ဒါကလည်း နေသိ လသိ ကမ္ဘာသိ ဆိုသလို အများသိပြီးသားပါပဲ။

 သမိုင်းကလည်း အရင်းတိုင်း၊ သုံးသပ်ချက်ကလည်း အများသိ သုံးသပ်ချက်။ ဒီစာတမ်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဘယ်လိုများအန္တရာယ်ပြုနိုင်ပါလိမ့်။ စဉ်းစားရ တော်တော်ကြပ်တဲ့ ကိစ္စပါ။

စာတမ်းရွေးချယ်ရေးအဖွဲ့ဝင်တွေပဲ အစဉ်းစားလွန်နေလေသလား။ ဒီစာတမ်းပါ အချက်အလက် တေကို ကြားရရင် ငြိမ်းချမ်းရေးကို ဖော်ဆောင် ပေးနိုင်တဲ့ အဖွဲ့အစည်းတစ်ခုခုကများ သူတို့ကို ဝေဖန်ပုံ ပြင်းထန်လွန်းတယ်၊ ဒါသူတို့ကို စော်ကားတာပဲ ဆိုပြီး အကဲဆတ်တတ်လို့လေလား။ ဒါလည်း ထည့် စဉ်းစားရတာပေါ့။

နိုင်ငံ့အရေးလုပ်တယ်ဆိုတာ၊ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာ အကဲဆတ်သူတွေနဲ့ တယ်ပြီး တည့်မယ်မထင်ပါဘူး။ နိုင်ငံ့ငြိမ်:ချမ်းရေးလုပ်ပြီဆိုတာနဲ့ ပြည်သူတွေကို စေတနာထားရတော့မယ်။ ကိုယ့်အရေး ကိုယ့်ဆန္ဒထက် ပြည်သူ့အရေး ပြည်သူ့ဆန္ဒကို ရှေ့တန်းတင်ရတော့မယ်။ တစ်ဖက် အဖွဲ့ အစည်းတွေနဲ့ ပြောမယ့်ဆိုမယ့်အခါ ငါ့သဘောကျ ငါ့စိတ်ဓာတ် ဒင်းတို့ဘက်က ပြောကို ပြောရ၊ လိုက်လျောရမယ်လို့ ပြဋ္ဌာန်းထားလို့ မရဘူး။ ပြည်သူ့အကျိုးကိုငဲ့ပြီး သူ့ဘက်က လျှော့တန်တာ လျှော့ စေချင်သလို ကိုယ့်ဘက်ကလည်း လျှော့တန်တာ လျှော့ရမယ်။ နိုင်ငံရေးကိစ္စတွေ သိလွန်းတတ်လွန်း လို့ မဟုတ်ပေမယ့် အစီရင်ခံခွင့်ပြုပါ။ ငြိမ်းချမ်းရေးကို စေတနာစစ် စေတနာမှန် ဆန္ဒစစ်ဆန္ဒမှန် ရှိသူတိုင်း အခြေခံအားဖြင့် အကဲမဆတ်ဖို့၊ အထိမခံ ရွှေပန်းကန်မဖြစ်ဘဲ အရာရာကို ထောင့်စေ့ အောင် ဆင်ခြင်တတ်ပြီး သဘောထားကလေးနည်းနည်းကြီးဖို့ လိုပါလိမ့်မယ်။ ဒီလိုသာ သဘော မကြီးရင်တော့ အဲဒီလို အဖွဲ့အစည်းမျိုးကို ငဲ့နေရတာ ထောက်ထားနေရတာနဲ့ ငြိမ်:ချမ်းရေးခရီးက တုံ့ဆိုင်းနေဦးမှာပါ။

 “နောင်ကျော်”ရဲ့ စာတမ်းကို ဖတ်ခွင့်မပြုတာဟာ နိုင်ငံတော်ရဲ့အခြေအနေကို တိုးတိုးတိတ်တိတ် ဖော်ပြနေသလိုပါပဲ။ အခြေအနေဆိုတာက ညောင်သီးလည်းစား၊ လေးညှို့သံလည်း နားစွင့်နေရတဲ့ အနေအထားကို ဆိုလိုပါတယ်။

စာပေမြင့်ပြီး လူမျိုးတင့်ပါစေ။ ။

 မေစာ