ဗိုလ်ထက်မင်း – တိုင်းရင်းသား လက်နက်ကိုင် အာဏာရှင်လို့ ဆိုရမတဲ့လား – အပိုင်း ၎


UNFC Meeting  - file photo

ဗိုလ်ထက်မင်း – တိုင်းရင်းသား လက်နက်ကိုင် အာဏာရှင်လို့ ဆိုရမတဲ့လား – အပိုင်း ၎
(မိုးမခ) မေ ၁၅၊ ၂၀၁၇


(SSPP/SSA)
၃၂။ (SSPP/SSA)မြောက်ပိုင်းဟာ ကွန်မြူနစ်ပါတီရဲ့အငွေ့အသက်များကို ရှုရိုက်ခဲ့သူပီပီ နဂိုက ထောက်ပံ့မှုယူထားခဲ့တဲ့ UWSA နောက်ကို လိုက်ရင်ကောင်းမလား၊ ပြည်တွင်း ရှမ်းနိုင်ငံရေးပါတီများက ဝ ထုတ်ပြန်ချက်ကို တရုတ်လွှမ်းမိုးတဲ့ အာဘော်ပါနေလို့မကြိုက်ဖူးလို့ ဝေဖန်လိုက်ရာ အခက်တွေ့နေဟန်တူပြီး ဆောင်ပါးရေးနေစဉ်မှာပင် UNFC မှ မထွက်ဘဲ NCA အတိုင်း လိုက်မယ်လို့သိရပါတယ်။ တကယ်တမ်း တပ်မတော်က ထိုးစစ်စတင်ခဲ့ရင် အရင်ဆုံးတိုက်ခံရမှာက SSPP/SSA မြောက်ပိုင်းစခန်းတွေဖြစ်ပြီး စစ်နည်းဗျုဟာအရ ဝ က ထိုးကျွေးထားတယ် ဆိုတာတွက်ချက်ဖို့လိုပါတယ်။ ဒါပေမဲ့ ရှမ်းနိုင်ငံရေးပါတီကြီးများက ဝ ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ပြည်နယ်အဆင့်တောင်းဆိုမှုကို သဘောမတူတာမို့ SSA မြောက်ပိုင်းအဖို့ ကြားညှပ်ရမည့် ကိန်းဆိုက်နေတယ်။ နိုင်ငံရေးပါတီလှုပ်ရှားမှု သိပ်မတွေ့ရဘဲ SSPP ပါတီဆိုတာရှိပြီး ဥက္ကဌနဲ့ ရင်းနှီးတဲ့ဦးခွန်ထွန်းဦးတို့ရဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အပေါ် မှီတည်တယ်လို့ထင်မြင်ပါတယ်။ ဒါကြောင့် နိုင်ငံရေးသမ္ဘာပါတီကြီးရဲ့ လူထုအပေါ် စည်းရုံးရေးအားကောင်းတာတွေ့ရပါတယ်။

RCSS/SSA

၃၃။ တပ်အနေနဲ့ အားကောင်းပြီး ရှမ်းပြည်မြောက်ပိုင်းထိ ထိုးဖေါက်လာကာ TNLA နဲ့နယ်မြေလုတိုက်ပွဲများဖြစ်ခဲ့ပါတယ်။ NCA ထိုးထားလို့ ဒုဗိုလ်ချုပ်ကြီးရွယ်ဆစ်ဟာ CSSU ဥက္ကဌဖြစ်လာချိန်မှာ ရှမ်းလူမျိုးအခြေခံတဲ့ ဆွေးနွေးပွဲကို တောင်ကြီးမှာ ကျင်းပခွင့်ရဖို့ အစိုးရထံ ခွင်ပြုချက်ရရေး ဦးဆောင်နေပါတယ်။ တကယ်တမ်း ရှမ်းလူထုက RCSS/SSA ကို ထောက်ခံတဲ့ ပါဝါဟာ မသေးလှကြောင်း တွေ့ရှိရပါတယ်။ ပါတီတစ်ရပ်အနေနဲ့ရှိသော်လည်း ထင်ရှားတဲ့ လှုပ်ရှားမှု မတွေ့ရဘဲ စစ်တပ်အင်အားတောင့်တင်းမှုကြောင့် စစ်ရေးက နိုင်ငံရေးလိုင်း လွှမ်းမိုးနေတာ တွေ့ရပါတယ်။

CSSU

၃၄။ တိုင်းရင်သားလူမျိုးစုတွေထဲမှာ စုစည်းညီညွှတ်မှု အကောင်းဆုံးလို့လက်ရှိအချိန်မှာ ညွှန်ပြမည်ဆိုရင် လူမျိုးကြီးတစုဖြစ်တဲ့ ရှမ်းလူမျိုးပင်ဖြစ်ပါတယ်။ ရှမ်းလူထုရဲ့ဆန္ဒအရ ပူးပေါင်းခိုင်းထားလို့ ပါတီအလိုက် မပေါင်းဖြစ်သေးသော်လည်း ရှမ်းပြည်ညီညွတ်ရေးကော်မတီ တစ်ရပ်ဖွဲ့နိုင်ကာ လုပ်ငန်းစဉ်လည်ပတ်လှုပ်ရှားမှု ဖြစ်နေသလို တပ်အင်အားစုတွေပါလာတဲ့အပြင် မူလက ဦးသိန်းစိန်အစိုးရလက်ထက်က ရွေးကောက်ပွဲဝင်ခဲ့တဲ့ ရှမ်းတိုင်းရင်သားများဒီမိုကရတ်တစ်ပါတီလည်း ပါဝင်လာတာ တွေ့ရပါတယ်။ အဆိုပါကော်မတီရဲ့ ဥက္ကဌ အလှည့်ကျရွေးကောက်တဲ့စနစ်ဖြစ်လို့  ဒီမိုကရေစီ အသွင်သဏ္ဍန်အတိုင်းသွားနေပြီးလှုပ်ရှားမှုမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-

ရှမ်းပြည်ညီညွှတ်ရေးကော်မတီတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ SSJAC အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် SSA အသွင်ပြောင်း စိန်ကျော့ပြည်သူစစ်အဖွဲ့ စသည်တို့ပါဝင်ပါတယ်။

ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) တတိယအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မေ ၄ ရက်မှ စတင်ကာ ပြုလုပ်လျက်ရှိကြောင်း၊ ယင်းအစည်းအဝေးသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်နှင့် အဖွဲ့ဝင်များ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ဦးဆောင်သော ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) အဖွဲ့ဝင်များ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ  စိုင်းအိုက်ပေါင်း ဦးဆောင်သော SNDP အဖွဲ့ဝင်များ၊ စိုင်းဆမ်တစ်ဆေ ဦးဆောင်သော ရှမ်းပြည်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (ESSDDP) အဖွဲ့ဝင်များ၊ ရှမ်းလူငယ် အဖွဲ့အစည်း (TYO) မှ ကိုယ်စားလှယ်များ၊ ရှမ်းလူငယ်ကွန်ရက် (TYN) မှ ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံ သျှမ်းလူမှုအဖွဲ့အစည်း  (Shan-CBO(Thai)) နှင့် ရှမ်းလူငယ်မျိုးဆက်သစ်များ (The New Generation Shan State (NGSS)) အစရှိသည့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ပေါင်း ၆၀ ကျော်ခန့် တက်ရောက်ကြောင်း သတင်းများမှာ ဖော်ပြပါတယ်။

 အစည်းအဝေးအဖွင့်တွင် CSSU ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံတွင် တင်သွင်းဆုံးဖြတ်ရမည့် အကြောင်းအရာများနှင့် ပတ်သက်ပြီးလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) ကျင်းပရန်၊ အဆိုပါ ပွဲကျင်းပခွင့်ကို အစိုးရဘက်မှ ခွင့်ပြုထား
သော်လည်း ခွင့်ပြုသည့်နေရာမှာ သွားလာရေး အခက်အခဲဖြစ်သဖြင့် တောင်ကြီးမြို့ (သို့မဟုတ်) ပင်လုံမြို့တွင် နေရာပြောင်း၍ ကျင်းပခွင့်ပေးရန် RCSS/SSA က UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာဖြင့် တင်ပြထားသော်လည်း လက်ရှိအချိန်အထိ ခွင့်ပြုချက် မရသေးကြောင်း၊ ဒါကြောင့် (RCSS/SSA) က ငြိမ်းချမ်းရေးကော်မရှင်ထံ သွားရောက်တွေ့ဆုံပြီး နေရာပြောင်းခွင့်ရရေးတင်ပြနေကြောင်း၊ ရှမ်းလူမျိုးများက ကျင်းပချင်တဲ့အာသီသရှိနေကြောင်း စသဖြင့် ကော်မတီရဲ့လှုပ်ရှားမှု ဖြစ်ပါတယ်၊

၃၅။ စာရေးသူ အကြံပြုချင်တာက ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ်တို့အနေနဲ့ ယခုလို UWSA က
အားပြိုင်လာချိန် (UNFC ကအဖွဲ့ဝင်အချို့ကို ဖိအားပေးနှုတ်ထွက်ခိုင်းနေကြောင်းသိရ) မှာ UNFC ထဲက
SSPP /SSA ဟာ နှုတ်ထွက်မှာ မဟုတ်ဘဲ NCA လမ်းအတိုင်းသွားမယ်ပြော လာနေပြီဖြစ်လို့ စည်းရုံးရေးက အရေးကြီးနေပါတယ်။

KNPP
၃၆။ KNPP ကတော့ ပါတီနဲ့ တပ်ရှိရာမှာ ပါတီက ထင်ပေါ်လှုပ်ရှားတာများပြီး တပ်က ပါတီရဲ့လမ်းညွှန်မှူ
လိုက်နာတာ ရှိပါတယ်။ တပ်မတော်နဲ့ ထိတွေ့တိုက်ပွဲမရှိသလောက်နည်းပါးပြီး သူ့စည်းကိုယ့်စည်းတကျ
နေတာရယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ KNPP၊ UNFC ရဲ့DPN ဦးခူးရယ်တွေ့ဆုံခဲ့ရာမှာ မမျှော်လင့်ဘဲ
တောင်းဆိုလိုက်တဲ့ ၈ချက်ကို မူ အားဖြင့် သဘောတူညီချက်ရရှိလာလို့ တိုးတက်မှုရရှိလာသလို သူ့ရဲ့
ဆက်ဆံရေးပြေပြစ်မှု၊ လိမ်မာပါးနပ်မှုကို အသိအမှတ်ပြုရပါမယ်။ KNPP ပါတီညီလာခံရွေးကောက်ပွဲရှိလို့
ဒီမိုကရေစီနဲ့အသွင်သဏ္ဍန် တူလာပြီဖြစ်ပါတယ်။ ခေါင်းဆောင်သစ်တွေပြန်လည်ရွေးချယ်မယ့် တိုင်းရင်း
သား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ (၁၃) ကြိမ်မြောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့
ကွန်ဂရက်နဲ့အတူ နှစ်(၆၀)ပြည့် KNPP ပါတီမွေးနေ့အခမ်းအနားကို ဗဟိုဌာနချုပ်ရှိရာ ညာမူစခန်းမှာ
မေလ(၂)ရက်နေ့စပြီး ကျင်းပနေပါတယ်။ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီအနေနဲ့ ကွန်ဂရက်ကို
၎ နှစ် တကြိမ် ကျင်းပတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၁၂ ကြိမ်မြောက် ကွန်ဂရက်ကို ၂၀၁၂ မေလ ပထမအပတ်မှာ
ကျင်းပခဲ့တာဖြစ်ပါတယ်။  ကယားပြည်နယ်မှာ သစ်တွေကို သစ်တောက ဖမ်းဆီးတာမျိုး KNPP လက်မှတ်ထိုးဖို့ ရှိနေလို့ ဒီလိုအချိန်မျိုး မလုပ်သင့်ဘဲ ပြေလည်မည့် နည်းလမ်းရှာဖွေပေးသင့်ပါတယ်။

NMSP

၃၇။ NMSP ဟာ လက်မှတ်ထိုးခွင့်မရတဲ့ မြောက်ပိုင်းအဖွဲ(၃) ဖွဲ့ မပါလို့ ရဲဘော်ရဲဘက်စိတ်ပြည့်ဝစွာနဲ့ မွန်
အရေး ခေတ္တဘေးချိတ်ကာ မထိုးဘဲနေလေရာ အဆိုပါ အဖွဲ့တွေက UWSA နဲ့ပေါင်းသွားလို့ လက်မှတ်ထိုးတော့မည့် အရိပ်အယောင်များပေါ်ထွက်လာပါတယ်။ အဲဒီကိစ္စနဲ့ ပြည်တွင်း မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းရေး ယနေ့ထိ မလုပ်ပေးနိုင်တဲ့ ကိစ္စတွေဟာ NMSP အတွက် စိန်ခေါ်မှူ၊ အကျပ်အတည်း ဖြစ်နေဟန်တူပါတယ်။

NMSP ကတော့ ပါတီညီလာခံကျင်းပပြီး NCA မှာ လက်မှတ်ထိုးရေး ဆွေးနွေးနေတာ သိရလို့ဒီမိုကရေစီအသွင်သဏ္ဍန်နဲ့ နီးစပ်ပါတယ်။ ပါတီရွေးကောက်ပွဲ၊ CEC ရွေးကောက်ပွဲရှိသလို တပ်ကိုလည်း စစ်ရေးပြအခမ်းအနားတွေ လုပ်နိုင်တာတွေ့ရပါတယ်။ NMSP မှာရှိတဲ့ ထိပ်ပိုင်းလူကြီးတချို့ဟာ မွန်လူမျိုးကြီးဝါဒကို အမွှန်းတင်လွန်းကာ ပထမအကြိမ် ပင်လုံငြိမ်းချမ်းရေးညီလာခံမှာ မြန်မာနိုင်ငံခေါ်တဲ့ အသုံးအနှုံးမှာ မြန်မာကိုဖြုတ်ခိုင်းတာမျိုး၊
လက်နက်ကိုင်ထားမှ အစိုးရဖိအားပေးနိုင်မယ် အချိုးမျိုး၊ မွန်ဆိုရင် အောက်မြန်မာပြည် တခြမ်းလုံးပါတယ်ဆိုတာမျိုး၊ မွန်လူကြီးဆိုရင် တပည့်မရှိဘဲ ဆရာ၊ ဥက္ကဌသာ လုပ်ချင်တာမျိုး စတဲ့ အစွန်းရောက် အမျိုးသားရေးအာဏာရှင် အငွေ့အသက်များရှိနေတဲ့ သူတွေ တွေ့နေရပါတယ်။

TNLA

၃၈။ TNLA ကတော့၂၀၁၂ ခုနှစ်ကျမှ KIA မွေးထုတ်ပေးရာမှ ပေါ်ထွက်လာတာဖြစ်ပါတယ်။ နိုင်ငံရေးပါတီ
တစ်ရပ်ထက် တပ်အင်အားစုတခုသာ အဓိကထားသလို မူဝါဒနဲ့လမ်းစဉ်မှာ တအောင်းအမျိုးသားရေးကို  ပြင်းထန်မှုကြောင့် လူမျိုးများရောယှက်နေထိုင်ကြတဲ့ နယ်မြေတွေမှာ မကြာခဏ ရှမ်းလူထု
နဲ့ ပြသနာတက်ခဲ့ကာ( RCSS/SSA )နဲ့သာမက (SSPP/SSA) တပ်တွေနဲ့တိုက်ပွဲဖြစ်ပွါးသလို ပြည်ထောင်စုလမ်းမကြီးအထိဆင်းလို့ တပ်မတော်နဲ့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ တအောင်းပါတီက လွှတ်တော်ကိုယ်စားလှယ်တဦးဆိုရင် တပ်မတော်ထိုးစစ်တွေရပ်ဖို့ TNLA လိုလားချက်အတိုင်း လွှတ်တော်တွင်း အဆိုတင်ဖို့ကြိုးပမ်းဖူးပါတယ်။ TNLA ဟာ ဆက်ကြေးကောက်ကြမ်းမှု၊ ကားကြီးဘီးများကို ပစ်ဖေါက်မှု၊ ကားသော့များသိမ်းသွားမှု၊
ရွာထဲဝင်ကာ အုပ်စုလိုက် ဖမ်းဆီးခေါ်ဆောင်မှု၊ နယ်မြေ SPACE ချဲ့ထွင်လွန်းမှုကြောင့် ဗရမ်းဗတာနိုင်ကာ
ပုံရိပ်ထိုးကျပြီး သူပုန်၊ ဓမြလို့ပင် သမုတ်ခံခဲ့ရပါတယ်။ တအောင်းပလောင်ရွာလူထုမိသားစုတွေဟာ သူတို့
ကလေးတွေ တအောင်းတပ်ထဲ ဝင်ရမှာကို ကြောက်လို့ နီးစပ်ရာဘုန်ကြီးကျောင်းထဲ ကိုရင်၊ သက်န်းစီးလိုက်ရတဲ့ ဖြစ်စဉ်တွေလည်း ကြားသိရပါတယ်။

AA

၃၉။ AA ဟာ ဖါးကန့်ကျောက်တူးရခိုင်တွေကို အခြေခံပြီး KIA က မွေးထုတ်ပေးလိုက်ရာ ရခိုင်ပြည်နယ်မှာ
ရပ်တည်နိုင်စွမ်း၊ အခြေချခွင့် စခန်းမရှိသေးသရွေ့ ရေရှည်ရပ်တည်ဖို့ အုပ်ချုပ်မှု၊ ထောက်ပံ့ရေး၊ ရိက္ခာ၊ ဆက်သွယ်ရေးလမ်းကြောင်း၊ ရန်ပုံငွေ၊ ရပ်တည်ရေး စိန်ခေါ်မှုတွေရှိနိုင်ပြီး လက်နက်ခဲယမ်း အထောက်အပံ့ကို UWSA ဆီမှ ရယူနေတဲ့ သဘောရှိပါတယ်။

ဒီနေရာမှာ စာရေးသူတောင်းပန်ဖို့ရှိတာက “မြောက်ပိုင်း(၃)ဖွဲ့ဟာ NCA ထိုးစရာမလိုဘဲ ဆွေးနွေးပွဲတက်လို့ ရတယ်ဆိုတဲ့ အစိုးရကမ်းလှမ်းချက်ကို လက်လွှတ်လိုက်ရတာဟာ အခွင့်အလမ်းဆုံးရှုံးမှုဖြစ်ပါတယ်။”လို့ ပြီးခဲ့တဲ့ အမျိုးသားလုံခြုံရေးခြိမ်းချောက်ခံရပြီဆိုရင် ဘယ်လိုစီမံချက်တွေ ရှိရင်ကောင်းမလဲ ဆိုတဲ့ ဆောင်းပါးမှာ နားလည်မှုလွှဲမှားကာ ဖေါ်ပြခဲ့တာ ရှိပါတယ်။ ဒီအတွက်မြောက်ပိုင်းအဖွဲ့ကို တောင်းပန်ပါတယ်။ အမှန်က UNFC မှာ ရှိတဲ့ (WNO ဝ အဖွဲ့၊LDU လားဟူအဖွဲ့၊ ANC ရခိုင်အဖွဲ့) (၃) ဖွဲ့ကို တပ်မတော်က ပြောတာဖြစ်တယ်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဗိုလ်မှူးငွေစိုး(ငြိမ်း)က စာရေးသူအား ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဥရောပမှာ ကုလသမဂ္ဂရဲ့အချက်အလက်ရှာဖွေရေးအဖွဲ့ မလိုအပ်ဖူးလို့ ချေပနေချိန်မှာ၊ ရခိုင်တွင် ဘင်္ဂလီအကြမ်းဖက်များက ဒုတိယအကြိမ်အကြမ်းဖက်တိုက်မယ်လို့ စစ်သံပေးလိုက်ချိန်မှာ AA အား ရခိုင်လူမျိုးအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတဲ့မေးခွန်း လူမှုမီဒီယာမှာ မေးနေပြီဖြစ်ပါတယ်။

တကယ်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲတွေ့ဟာ တဖွဲ့နဲ့တဖွဲ့အသွင်သဘာဝ မတူညီကြတာမို့ AA ဟာ အင်အားကြီးအုပ်စုရဲ့သြဇာလွှမ်းမိုးမှုမှ ဖေါက်ထွက်ဖို့ နည်းလမ်းရှာဖွေသင့်ပြီး လူထုနဲ့ နယ်မြေကို
ကိုယ်စားမပြုတဲ့ တော်လှန်ရေးဟာ ကျဆုံးတတ်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ နိုင်ငံရေးပါတီတစ်ရပ်
မရှိပေမဲ့ ပြည်တွင်းနိုင်ငံရေး ရခိုင်ပါတီများနဲ့ ချိတ်ဆက်နေတာတွေ့ရပါတယ်။

MNDAA

၄၀။ MNDAA က မူးယစ်ဆေးဝါးလုပ်ခဲ့တဲ့ အမဲစက်ရှိသလို တရုတ်ထံမှ လူ၊ ငွေကြေး၊ ရိက္ခာ အကူအညီရတယ်ဆိုတဲ့ စွပ်စွဲချက်များ ပေါ်ထွက်ခဲ့ပါတယ်။ ဒုတိယအကြိမ် လောက်ကိုင် တိုက်ခိုက်ချိန်မှာ အရပ်သားပစ်မှတ်တိုက်ခိုက်၊ လူတွေကိုပြန်ပေးဆွဲ၊ ပစ္စည်းငွေလုယက်သွားလို့ ဂျီနီဗာကွန်ဗင်ရှင်း ၁၃ ကို ချိုးဖေါက်သွားသလို အကြမ်းဖက်ကျုးလွန်မှုတွေကြောင့် အာဏာရှင်အသွင်လက္ခဏာများ ပေါ်ထွက်ခဲ့ပါတယ်။ ကိုးကန့်အနွယ်ဝင်မျိုးနွယ်စုများဖြစ်တဲ့ ဖုန်အုပ်စုနဲ့ ရန်အုပ်စု မသင့်တင့်ဖြစ်ကြသလို လွှတ်တော်အတွင်း ကိုးကန့်ပါတီကိုယ်စားပြု လွှတ်တော်အမတ်သာတွေ့ရပြီး လက်နက်ကိုင်အုပ်စုအနေနဲ့ နိုင်ငံရေးပါတီတစ်ရပ် သတ်သတ်မှတ်မှတ် မရှိသေးတာ တွေ့ရပါတယ်။

UNFC အလှုပ်သတင်း

၄၁။ UNFC ကို ၂၀၁၁ ခုနှစ်က တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့နှင့်ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်
UNFC ညီလာခံကာလမှာ အဖွဲ့ရဲ့ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲမှု ဖြစ်ပေါ်ရာမှ တစ်ဆင့်
ကရင်လက်နက်ကိုင်အဖွဲ့ KNU က UNFC တွင် ပါဝင်မှု ယာယီရပ်ဆိုင်းခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်မှာ NCA လက်မှတ် ရေးထိုးခဲ့တဲ့ ပအိုဝ်းလက်နက် ကိုင်အဖွဲ့ (PNLO)နှင့် ချင်းလက် နက်ကိုင်အဖွဲ့(CNF)တို့ကို UNFC က အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် တအာင်းလက်နက်ကိုင်အဖွဲ့(TNLA)နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့က UNFC  မှ နူတ်ထွက်ခွင့်တောင်းဆိုလို့ အဖွဲ့ရဲ့လုပ်ငန်းစဉ်များမှာ ပါဝင်ဆောင်ရွက်ခြင်း မပြုတော့ကြောင်း၊ လက်ရှိတွင် UNFC အဖွဲ့ဝင် ခုနစ်ဖွဲ့ ကျန်ရှိနေရာ KIO က ဧပြီလ၂၉ ရက်နေ့က နုတ် ထွက်စာတင်ခဲ့ကြောင်း၊ အလားတူ ဝ အမျိုးသားအဖွဲ့ချုပ်(WNO)ကလညှ်း နုတ်ထွက်စာမူကြမ်း တင်လာကြောင်း ဆောင်းပါးရေးနေချိန်မှာ သတင်းများ ဝင်လာပါတယ်။

ဆက်တိုက်ဆိုသလို KIO အနေဖြင့် အစိုးရနှင့် တိုက်ရိုက်တွေ့ဆုံဆွေး နွေးရန် ညှိနှိုင်းနေကြောင်း၊ KIA ထဲက တချို့က UNFC ကနေ ထွက်ချင်နေကြကြောင်း၊ UNFC က ထွက်ပေမဲ့ ‘ဝ’ ဘက်မှာလည်း မပါနိုင်ကြောင်း၊ ကေအိုင်အိုအနေဖြင့် အစိုးရသစ်နှင့် ဆွေးနွေးရန် အမြဲတမ်း ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးစီးပြီး ဆယ်ဦးပါသည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်းထားကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့သတင်းအရင်းအမြစ်က ဆိုပါတယ်။

(ဆက်လက်ဖော်ပြပါမည်)