တူမောင်ညို - “အမျိုးသားရေး” အစစ်နဲ့အတု

Photo - Irrawaddy

တူမောင်ညို - “အမျိုးသားရေး” အစစ်နဲ့အတု
(မိုးမခ) မေ ၁၃၊ ၂၀၁၇


“အမျိုးသား” ဆိုတဲ့ဝေါဟာရကို မြန်မာစာအဖွဲ့က ထုတ်ဝေတဲ့၊ မြန်မာအဘိဓာန် (ဒုတိယအကြိမ် ပြင်ဆင်ဖြည့်စွက် ပုံနှိပ်ခြင်း) ထဲမှာ

၁၊ နိုင်ငံတစ်ခုတည်းတွင် ဘိုးစဉ်ဘောင်ဆက် အတူတကွနေထိုင်လာကြသူများ။

၂၊ လူမျိုး

၃၊ ယောက်ျား --- တို့ကို ယဉ်ကျေးဖွယ်ရာ ခေါ်သောအသုံးအနှုန်းဆိုပြီး ဖွင့်ဆိုထားပါတယ်။

“အမျိုးသားစိတ်” ဆိုတာကိုတော့ “တိုင်းပြည်နှင့်လူမျိုး၏ အကျိုးကို ဆောင်ရွက်လိုစိတ်” လို့ ဖွင့်ဆို ဖော်ပြထားပါတယ်။

ဒီတော့ အထက်မှာဖော်ပြထားတဲ့ ရှေ့နောက်အနက် အဓိပ္ပာယ်တွေကို ဆက်စပ်ပြီး “အမျိုးသားရေး” ဆိုတဲ့ ဝေါဟာရကို အဓိပ္ပာယ်ဖွင့်ဆိုကြည့်မယ်ဆိုရင် “တိုင်းပြည်နှင့်လူမျိုး၏အကျိုးကို ဆောင်ရွက်သော အရေးအရာ” လို့ ဖွင့်ဆိုနိုင်မှာဖြစ်ပါတယ်။ ဒါက စာအုပ်ထဲက ဖွင့်ဆိုချက်ကို တည်မှီပြီးစဉ်းစားကြည့်တာ၊ ဖွင့်ဆိုကြည့်တာပါ။

ဒီတော့“အမျိုးသားရေး”ဆိုတာ ကျဉ်းကျဉ်းမြောင်းမြောင်းမဟုတ် အင်မတန်ကျယ်ပြန့်ပြီး ကြီးမားတဲ့ အရေးအရာ လှုပ်ရှားမှု ကြီးဖြစ်တယ်ဆိုတဲ့ သဘောအဓိပ္ပာယ် ပေါ်လွင်ထင်ရှားနေပါတယ်။ ဒါ့အပြင် ဆန့်ကျင်ဘက်အဓိပ္ပာယ်အားဖြင့်လည်း “အမျိုးသားရေး” ဆိုတာဟာ “လူမျိုးစုတစ်စု၊ ကိုးကွယ်ရာဘာသာတစ်ခုခုရဲ့ဘောင်နဲ့ကန့်သတ် စည်းခြားထားတဲ့ အရေးအရာ မဟုတ်” ဆိုတဲ့ အနက် အဓိပ္ပာယ်လည်းပေါ်လွင်နေပါတယ်။

ဒါကြောင့် ယနေ့ ဗမာပြည်အတွက် “အမျိုးသားရေး” ဆိုတာကို အနက်ဖွင့်ဆိုမယ်ဆိုရင်

၁။ ဗမာပြည်လို့ သတ်မှတ်ပြောဆို ခေါ်ဝေါ်နေတဲ့ ပထဝီဒေသအပိုင်းအခြားအားလုံး ပြည့်ပြည့်စုံစုံ လွှမ်းခြုံပါဝင်စေရမယ်။

၂။ ထိုပထဝီဒေသအတွင်း နေထိုင်နေကြတဲ့ လူမျိုးအားလုံး၊ ကိုးကွယ်ရာဘာသာအားလုံး ခွဲခြားမှု မရှိ လွှမ်းခြုံပါဝင်စေရမယ်။

အလွယ်တကူပြောရရင် “အမျိုးသားရေး”ဆိုတာဟာ တတိုင်းတပြည်လုံးအရေး၊ လူမျိုးပေါင်းစုံပြည်သူ တစ်ရပ်လုံးအရေးပဲ ဖြစ် ပါတယ်။ နိုင်ငံခြားကျူးကျော်မှုကို ရင်ဆိုင်ရတဲ့အခါ (သို့မဟုတ်) ကြီးမားပြင်းထန်လှတဲ့ သဘာဝကပ်ဘေး (ငလျင်၊ မုန်တိုင်း၊ ရေဘေး၊ ကူးစက်ရောဂါ စသဖြင့်) ကြုံတွေ့ရတဲ့အခါ၊ တမျိုးသားလုံးဖွံ့ဖြိုးတိုးတက်မှုအတွက် ဖွံ့ဖြိုးရေးစီမံကိန်းကြီးတွေ လုပ်ဆောင်အကောင် အထည်ဖော်တဲ့အခါ စတဲ့ ကိစ္စရပ်ကြီးတွေမှာ အမျိုးသားရဲ့သီအိုရီသဘောနဲ့ လက်တွေ့သဘောကို အထင်အရှားမြင်နိုင်ပါတယ်။

ဥပမာ နိုင်ငံခြားကျူးကျော်မှုကို ရင်ဆိုင်ရတဲ့အခါ နိုင်ငံခြားနယ်ချဲ့ကျူးကျော်ရေးသမားကို ဆန့်ကျင်တိုက်ဖျက်ရေး အလံတော် အောက်မှာ (ပုဆိန်ရိုး သစ္စာဖောက်မှအပ) တမျိုးသားလုံးစုရုံးပါဝင်ကြရမယ်။ နိုင်ငံခြားကျူးကျော်မှု ဝင်မလာခင်က ရှိနေတဲ့ ပဋိပက္ခ ဖြစ်မှုမှန်သမျှကို အချိန်ရွှေ့ဆိုင်ထားရမယ်။ အဓိကပြဿနာဖြစ်တဲ့ နိုင်ငံခြားနယ်ချဲ့ကျူးကျော်မှုကို လက်ငင်းဦးတည်ချက်ထားရမယ်။

ဒါကြောင့် နိုင်ငံခြားနယ်ချဲ့ကျူးကျော်မှုရင်ဆိုင်ရတဲ့ကာလမှာ “ ဘုရားပေါ်ဖိနပ်မစီးရလှုပ်ရှားမှု” ဟာ တမျိုးသားလုံးကို နိုးကြား လာအောင် လှုံ့ဆော်စည်းရုံးနိုင်တဲ့ အချက်အလက်ကောင်းဖြစ်ခဲ့တယ်။ ဒီကနေ့လိုကာလမှာတော့ “ဘုရားပေါ်ဖိနပ်မစီးရ” ဆိုတာ လူမျိုး တစ်မျိုးရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ယဉ်ကျေးမှု၊ ဓလေ့ကို လေးစားတဲ့ ဒီမိုကရေစီ အမူအကျင့်တစ်ခုသာဖြစ်ပါတော့တယ်။

ကျွန်ဘဝမှာ “သခင်” လို့ ကိုယ့်နာမည်ရှေ့မှာတပ်တဲ့လှုပ်ရှားမှုဟာ အင်မတန်ရှေ့တန်းရောက်တဲ့ အမျိုးသားနိုးကြားရေး အတွက် စည်းရုံးလှုံ့ဆော်မှု ကောင်းတစ်ခုပါ။ “သခင်လှုပ်ရှားမှု” ဟာ ၁၉၃၀ တစ်ဝိုက်မှာမှ စတင်ခဲ့တာပါ။ ၁၈၂၄ အင်္ဂလိပ်မြန်မာ ပထမ စစ်ပွဲ၊ ရန္တပိုစာချုပ်ချုပ်ပြီးတဲ့နောက်ပိုင်းကနေ စပြီးရေတွက်ရင် ဗြိတိသျှကိုလိုနီကျွန်ဘဝမှာ တမျိုးသားလုံး အိပ်မောကျနေခဲ့တာ နှစ်ပေါင်း တစ်ရာကျော်ခဲ့ပြီမဟုတ်လား။ဒါ့အပြင် ဒီသခင်လှုပ်ရှားမှုထဲမှာ တိုင်းရင်းသားတွေအပြင် အိန္ဒိယအမျိုးသားကုလားတွေ၊တရုတ်လူမျိုးတွေ ပါ ပါဝင်ခံယူခဲ့ကြတာမဟုတ်လား။ ဘယ်လောက် ကျယ်ပြန့်တဲ့ စည်းရုံးမှုဖြစ်ပါသလဲ။ စံနမူနာ ယူစရာပါ။ ဂုဏ်ယူစရာပါ။

ဒီကနေ့ကာလမှာ မြန်မာလူမျိုးတစ်ဦးတစ်ယောက်က သူ့ဘာသာသူ “သခင်မျိုးဟေ့ ဒို့မြန်မာ”လို့ လက်သီး လက်မောင်းတန်း နေရင် စိတ်ပုံမှန် မဟုတ်တာဖြစ်ရင်ဖြစ်၊ မဖြစ်ရင်တော့ သူ့မှာ၊ သူ့နောက်ကွယ်မှာ မဖွယ်မရာ တိတ်တိတ်ပုန်းကြံစည်မှုရှိနေလို့ပဲ။

ဖက်ဆစ်ဂျပန်ကျူးကျော်မှုကို တော်လှန်တဲ့ဖြစ်ရပ်မှာလည်းအလားတူပါပဲ။ “ဂျပန်အလိုတော်ရိ” မှအပ ကျန်တဲ့ တမျိုးသားလုံး စည်းလုံးပြီး တွန်းလှန်ခဲ့ကြရတဲ့ လှုပ်ရှားမှုကြီးပဲမဟုတ်ပါလား။ ဗမာပြည်က ကိုလိုနီတော်လှန်မှု၊ ဖက်ဆစ်တော်လှန်မှုတွေဟာ ကမ္ဘာ့ ပြည်သူများရဲ့ကိုလိုနီတော်လှန်ရေးနဲ့ ဖက်ဆစ်တော်လှန်ရေးရဲ့အစိတ်အပိုင်း ဖြစ်ပြန်တယ်။ ဒါဟာ ကမ္ဘာပြည်သူတွေနဲ့လက်တွေ့သွေး စည်း ညီညွတ်မှုလည်းဖြစ်တယ်။

ဒီသမိုင်းဖြစ်ရပ်ကြီးတွေ၊လှုပ်ရှားမှုကြီးတွေကိုသာလျှင် “အမျိုးသားရေးလှုပ်ရှားမှု”လို့ ဂုဏ်နဲ့ဒြပ်ကိုက်ညီစွာ မှန်မှန်ကန်ကန် ကင်းပွန်း တပ်နိုင်ပါလိမ့်မယ်။ ဒီလိုသမိုင်းလှုပ်ရှားမှုကြီးတွေကို၊ ဒီလိုသမိုင်းအတွေ့အကြုံတွေကို နောင်မျိုးဆက်သစ်တို့ ဂုဏ်ယူတတ် အောင် သင်ကြားပေးဖို့လိုအပ်တာဖြစ်ပါတယ်။

ပဒေသရာဇ်ခေတ်က အိမ်နီးချင်းတွေ အပြန်အလှန်တိုက်ခိုက်ကြပြီး မြို့ပြပြည်ရွာနဲ့ယဉ်ကျေးမှုတွေကို မီးတိုက်ဖျက်ဆီးတာ၊ အနိုင်ထက်ဖမ်းဆီးကျွန်ပြုတာတွေဟာ ဂုဏ်ယူစရာ မဟုတ်ပါဘူး။ ရှက်တတ်ရင် ရှက်စရာသာဖြစ်ပါတယ်။ ဒီလို ရိုင်းစိုင်းတဲ့ လုယက် ဖျက်ဆီးမှုတွေကို နှစ်ဖက်အုပ်စိုးသူများက “သမိုင်း” အဖြစ်သင်ကြားပေးပြီး (သူတို့ အကျိုးစီးပွားလိုအပ်မှုရှိလာတဲ့အခါ) နှစ်နိုင်ငံပြည်သူ တွေကို သွေးခွဲရန်တိုက်ဖို့ အသုံးချလေ့ရှိပါတယ်။

ဒါကြောင့် မမြင်ဖူးတဲ့ ပဒေသရာဇ်ဘုရင်ရုပ်ထုကြီးတွေ ထုလုပ်ပြီး၊ “အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး” လို့ အော်ဟစ်နေ တာဟာ သိပ်ပြီးရယ်စရာကောင်းသလို၊ ရွံရှာစက်စုတ်ဖွယ်ကိစ္စလည်း ဖြစ်ပါတယ်။ တကယ်တော့ ပဒေသရာဇ်သမိုင်းရဲ့မှောင်မဲတဲ့အပိုင်း ဖြစ်တဲ့ လူမဆန်မှုတွေ၊ ရိုင်းပြမှုတွေ၊ သွေးညှီနံ့တွေ၊ အပုတ်နံ့တွေကို မရှက်မကြောက်ဖော်ထုတ်ပြီး “အမျိုးသားရေးရနံ့” အဖြစ် အတင်း အဓမ္မ မှိုင်းတိုက်နေတာ၊ ရှူရှိုက်ခိုင်းနေတာသာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေကို သမိုင်းပြတိုက်ထားထဲမှာ ပိတ်လှောင်သော့ခတ်ထားဖို့ပဲ။

နောက်တစ်ခု ကတော့ ကြီးမားပြင်းထန်လှတဲ့ သဘာဝကပ်ဘေး (ငလျင်၊ မုန်တိုင်း၊ ရေဘေး၊ ကူးစက်ရောဂါ စသဖြင့်) ကြုံတွေ့ရတဲ့အခါမှာ ဆောင်ရွက်ရတဲ့ “အမျိုးသားလှုပ်ရှားမှုကြီး” ပဲဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံးဟာ သဘာဝကပ်ဘေးတစ်ခုခုကြောင့် အသက်အိုးအိမ်စည်းစိမ်တွေ အကြီးအကျယ်ပျက်စီးဆုံးရှုံးကြုံရတဲ့အခါ အစိုးရနဲ့ပြည်သူဟာ တခြားအရာတွေ ပဋိပက္ခတွေကို ခေတ္တ ဘေးချိတ်ထားပြီး တမျိုးသားလုံးကယ်တင်ရေး၊ ကူညီရေး၊ နာလံထူရေးကို လုံးပမ်းရတဲ့အရေးအရာကိစ္စကြီးပဲဖြစ်ပါတယ်။ တိုင်းပြည်မှာ ရှိသမျှအင်အားကို ကိုယ်စီထည့်ပြီး တိုင်းပြည်နဲ့လူမျိုးပြန်လည်ထူထောင်ရေးအတွက်လှုပ်ရှားရတဲ့ မွန်မြတ်လှတဲ့ အမျိုးသားရေးလှုပ်ရှား မှုကြီးဖြစ်ပါတယ်။

မြန်မာ့ သဘာဝကပ်ဘေးဆိုက်ရောက်မှုသမိုင်းမှာအပြင်းထန်ဆုံးဖြစ်တဲ့ “နာဂစ်မုန်တိုင်းကြီး” ကြမ်းကျုတ်ရက်စက်လှတဲ့ ဘေး အန္တရာယ်ကို ပြည်သူတွေ အလူးလူးအခွေ့ခွေ့ နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်ရတုန်းက တိုင်းပြည်ကိုအုပ်စိုးနေတဲ့ (နအဖ)စစ်အစိုးရက ဘာလုပ် ခဲ့သလဲ။ ဘယ်မှာလဲ သူတို့ ရဲ့ “အမျိုးသားရေး” ၊ ဘယ်မှာလဲ သူတို့ပါးစပ်က ပြောနေတဲ့ “မျိုးချစ်စိတ်ဓာတ်”။ ဝဋ်နာကံနာရှိလို့ ခံရတာလို့ ရက်စက်ယုတ်မာစွာ ပြောခဲ့တယ်မဟုတ်လား။

“၂၀၀၈ အခြေခံဥပဒေ” အတည်ပြုရေးအတွက် အကွက်ကောင်း အခွင့်အခါကောင်းအဖြစ် မိုက်မိုက်ကန်းကန်း အသုံးချခဲ့တာ လက်တွေ့ပဲ မဟုတ်ပါလား။ ဒါဟာ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ ယုတ်မာမှုသာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အသက်သွေး မျက်ရည်တွေနဲ့ ခြေဆေးတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့်ပြည်သူတွေက ဒီ “၂၀၀၈ အခြေခံဥပဒေ” ကို “နာဂစ်ဥပဒေ” လို့ နာနာကျည်း ကျည်းခေါ်ခဲ့ကြတာဖြစ်ပါတယ်။

ယနေ့ ဗမာပြည်မှာ “အမျိုးသားရေးနဲ့ အမျိုးသားရေးလှုပ်ရှားမှု”ဆိုတာကို “ ကွမ်းစားတာနဲ့ ကွမ်းတံတွေး” ထွေးတာကို ရှောင် မရ၊ လွှဲမရမြင်နေသလို တွေ့မြင်နိုင်ပါတယ်။ အထက်မှာ အမျိုးသားရေးရဲ့ သဘောနဲ့အဓိပ္ပာယ်ကို ကြိုးစားပြီး နားလည်သလို ဆန်းစစ် တင်ပြခဲ့ပါတယ်။

“တပ်မတော်” ကလည်း “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နိုင်ရေးအစဉ်တစိုက် ဦးတည် သည်” လို့ “၂၀၀၈ အခြေခံဥပဒေ” ထဲကနေ ပြောနေပါတယ်။

(မဘသ) ဆိုတဲ့ သင်္ကန်းဝတ်အသင်းအဖွဲ့တစ်ခုကလည်း “အမျိုး၊ ဘာသာ၊ သာသာနာ” လို့ ဟစ်နေပါတယ်။

“ဝီရသူ” ဆိုတဲ့ သင်္ကန်းဝတ်ကလည်း “အမျိုးသားရေးအလံ” ထူနေပါတယ်။

ရန်ကုန်မြို့ကြီးပေါ်မှာတင် “အမျိုးသားရေးဗရုတ်ဗရက်လုပ်မှုတွေကြောင့်” ပြည်သူတွေ ကျီးလန့်စာစားဘဝဖြစ်နေရပါတယ်။

ဒါကြောင့် “အမျိုးသားရေး” ဆိုတာဟာ

ပြည်သူတွေရဲ့မျက်စေ့နဲ့နားထဲကို ဘာသာရေး၊လူမျိုးရေး ခုတုံးလုပ် ဗန်းပြပြီး အပင်းအဆိပ် လောင်းထည့်တဲ့ လှုပ်ရှားမျိုး မဟုတ်ပါ။

ပြည်သူအချင်းချင်း သွေးထွက်သံယုံဖြစ်အောင် ရန်တိုက်ပေးတဲ့လှုပ်ရှားမှုမျိုး မဟုတ်ပါ။

တနေရာပြီးနေရာ ဘူးပေါ်သလို ပေါ်လာနေတဲ့ ခိုးထုတ်ခိုးထည်ကိစ္စတွေကို မျက်ခြေပြတ်အာရုံလွှဲဖို့ အချီးနှီးကြိုးစားတဲ့ တစ်ပွဲထိုး တစ်နပ်စားလှုပ်ရှားမှုမျိုး မဟုတ်ပါ။

“၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးကြိုးပမ်းနေသူတွေကို ခြိမ်းခြောက်ဟန့်တားတဲ့ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ရေးမျိုး မဟုတ်ပါ။

“၂၀၀၈ အခြေခံဥပဒေ” ပါ ပုဒ်မတချို့ကို အသုံးချပြီး အများစုပြည်သူလူထုဆန္ဒကို လူတစ်စုက ဆန့်ကျင်၊ ဟန့်တား၊ ပစ်ပယ်၊ ပယ်ချနေတာမျိုး မဟုတ်ပါ။

“အမျိုးသားရေး” ဆိုတာ တခွန်းထဲနဲ့ပြောရရင် အကျယ်ပြန့်ဆုံးနဲ့ အကြီးမားဆုံးသောပြည်သူလူထုအကျိုးစီးပွားကို ကာကွယ် တာ၊ ထိန်းသိမ်းတာ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပွားများစေတာ သာဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းစဉ်ကြီးမှာ စိတ်ရောကိုယ်ပါ ပါဝင်လုပ် ဆောင်တာကို “အမျိုးသားရေးလှုပ်ရှားမှု” လို့ မှန်မှန်ကန်ကန် ခေါ်ဆိုရမှာပါ။