နီနီမာ ● အေဘီရဲဘော်ဝင်းလှိုင်၏မိခင် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းမှတ်တမ်း
(မိုးမခ) မေ ၂၆၊ ၂ဝ၁၇
(မိုးမခ) မေ ၂၆၊ ၂ဝ၁၇
ဒီနေ့မနက် ဈေးသွားတော့ လမ်းတလျှောက်မှာ အဖြူအစိမ်းဝတ်ကလေးတွေနဲ့ မိဘတွေကို တွေ့တယ်။ ဒီစာသင်နှစ်အတွက် ကျောင်းအပ်လက်ခံပြီပဲ။ ကျောင်းအပ်ပြန်လာတဲ့ ကလေးတွေလက်ထဲမှာ ပုံနှိပ်စာအုပ်တထပ်ကြီးကို ကိုင်လို့၊ မိဘ တွေ ကြည့်ရတာလည်း အတော်ကြည်ကြည်လင်လင် ရှိပုံရတယ်။ ကျောင်းအပ်ခ ဘာညာ ဘာမှမပေးရဘူးတဲ့။ ကလေးတွေ ကိုတော့ ပန်းနာမည်အခန်းတွေ ခွဲပြီလားဆိုတော့ ခွဲသေးပါဘူးတဲ့။ ဆရာဆရာမတွေခမျာ အနားကပ်မှသိရတော့ နာမည် မစဉ်းစားအားသေးဘူးထင်ပါရဲ့။ ခါတိုင်းလိုအေဘီစီပါပဲတဲ့။
ဒါနဲ့ ကလေးတယောက်ရဲ့လက်ထဲက ပုံနှိပ်စာအုပ် တထပ်ကြီးကိုကြည့်တော့ ခါတိုင်းလို မှုန်ဝါးဝါးကျင့်တဲ့ စက္ကူသားမျိုး မဟုတ်။ ဖွေးဖြူတောက်ပြောင်တဲ့စက္ကူသားကောင်းကောင်းနဲ့ ပုံနှိပ်စာအုပ်တွေကိုတွေ့ရလို့ ကလေးတွေလိုပဲ ကိုယ်လည်း ပျော်မိတယ်။ ပုံနှိပ်တွေ ဘာသာစုံရလားဆိုတော့ ရတယ်တဲ့။ လူတိုင်းရတယ်တဲ့။ နောက်နေ့တွေတော့မသိဘူး။ ဒါပေမဲ့ ရ မယ်ပဲ ထင်ပါတယ်။ ဒါနဲ့ ကလေးကို "ခေတ်ပြောင်းပြီပေါ့နော်" ဆိုတော့ ကလေးက မျက်လုံးတောက်တောက်ကလေးနဲ့ ပြုံး ပြီး ခေါင်းငြိတ်တယ်။ အိမ်ပြန်လမ်းတလျှောက်လည်း ကျောင်းအပ်ပြီး ပြန်လာတဲ့သူတွေကို ကျေနပ်နေတဲ့ မျက်နှာတွေနဲ့ တွေ့တယ်။
အိမ်ပြန်ရောက်တော့ဈေးခြင်းချပြီး အော် ဒီနေ့စည်ပင်သာယာ လူကြီးရွေးပွဲရှိတယ်။ ကိုယ့်ရပ်ကွက်အတွက်မဲပေးဖို့ ကိုယ်က တအိမ်သားလုံးရဲ့ကိုယ်စားလှယ်အဖြစ်နဲ့ ဒီမိုကရေစီယောင်ယောင် မဲပေးပွဲကို သွားရဦးမှာပဲ။ ဒီမိုကရေစီစစ်စစ် ဆို အိမ်မှာရှိတဲ့သူတိုင်း မဲပေးခွင့်ရှိရမှာလေ) ဒါနဲ့ ရပ်ကွက်ဆွမ်းရုံကို ရောက်တယ်။ ရပ်ကွက်လူကြီးတချို့က ဖော်ဖော်ရွေရွေ ဆီးကြိုတယ်။ ဒါနဲ့ ဘယ်သူတွေကို မဲထည့်ရမှာလဲ မသိသေးပါဘူးဆိုတော့လာလာအထဲကိုလာတဲ့။ ဒါနဲ့ အထဲမှာတော့ကိုယ့်ရပ်ကွက်ရဲ့စည်ပင်လူကြီးအလောင်းတွေထိုင်စောင့်နေတာထင်တယ်လို့ တွေးမိတာပေါ့။
အထဲရောက်တော့စည်ပင်လူကြီးအလောင်းတွေရဲ့နာမည်တွေ ရေးထားတဲ့ကပ်ပြားကြီးကစောင့်ကြိုနေတယ်။ ဒါနဲ့ ဖတ် ကြည့်ရင်း သိတဲ့သူကတော့ တယောက်ပဲပါတယ်။ သူ့တော့ ထည့်လို့မဖြစ်သေးဘူး။သူ့အိမ်မှာတောင် အိမ်အလုပ်သိပ်တက်တက်ကြွကြွလုပ်ပုံမရတော့ တရပ်ကွက်လုံးတမြို့နယ်လုံး စည်ပင်ဖို့အရေးတော့ သူ့ရွေးလို့မဖြစ်ဘူးလို့ တွေးလိုက်တယ်။ ဒါနဲ့နောက်ထပ်နာမည်တွေကို လိုက်ဖတ်ကြည့်တော့ ဘယ်သူတွေမှန်းမသိတော့ ခုနလိုက်ပို့တဲ့ ရပ်ကွက်လူကြီးကို မေးရ တယ်။ သူတို့က ဘယ်သူတွေလဲပေါ့။ အနားက လူတချို့ ဘယ်သူကတော့ဘယ်ဝါပေါ့လို့ ဝင်ဖြေပေးတယ်။ ကိုယ်သိပ်မသိ တဲ့သူတွေကို မျက်နှာလွှဲခဲပစ် မဲပေးဖို့လည်းမဖြစ်တာကြောင့် သူတို့တွေက စည်ပင်လူကြီးဖြစ်ရင် ရပ်ကွက်အတွက်မြို့ အတွက်ဘာတွေ လုပ်ကိုင်ပေးမယ်လို့ ပြောထားတဲ့ စာလေးဘာလေး မရှိဘူးလား။ ဥပမာ အနည်းဆုံးရပ်ကွက်အတွင်း ရေစီးရေလာကောင်းအောင် ဘယ်လိုလုပ်ပေးပါမယ်ဆိုတာလောက်ကလေးပေါ့ အဲဒါမျိုးလေးတွေ ဖတ်ကြည့်ချင်လို့ပါဆို တော့။ လိုက်ပို့တဲ့ ရပ်ကွက်လူကြီးကပဲ အဲဒါတော့မရှိဘူး။ ရပ်ကွက်ရေစီးရေလာကောင်းအောင်တော့ငါတို့ ရပ်ကွက် လူကြီး တွေပဲပိတ်နေတဲ့မြောင်းတွေ လိုက်ဖော်ထားတယ်ညီမရေ။ အခုတို့ဖော်ရမယ့်မြို့မအထကဘေးက ရေထွက် မြောင်းကိုလည်း အတော်ခက်ခက်ခဲခဲ ဖော်ပြီးပြီ။ မနှစ်ကတည်းက မြောင်းဖော်ပေးဖို့ ကတိခံထားတဲ့ စည်ပင်အရာရှိတွေ လူကြီးတွေကို စောင့်နေရင် ရပ်ကွက်ရေမြုပ်ရင် ငါတို့ပဲ ခေါင်းကျိန်းရမှာတဲ့။ ဒီသတင်းကြားတော့ ကိုယ်အတော်ဝမ်းသာသွားတယ်။ ဒါ လည်း ခေတ်ပြောင်းတာပဲ မဟုတ်လား။ ခါတိုင်းလို ခေတ်ဆိုးကြီးတွေထဲဆိုခုလို ရပ်ကွက်လူကြီးတွေက စည်ပင်က ဖောက် ပေးရမယ့်မြောင်းတွေကို ဘယ်ကိုယ်တိုင်လိုက်ဖောက်လိမ့်မလဲ။ အော်စပီကာကြီးနဲ့အိမ်တိုင်းကိုယ့် အိမ်ရှေ့ကမြောင်းကိုကိုယ်ဖော်ရမယ်။ ခြံစည်းရိုးတွေ ထုံးသုတ်ရမယ်။ မလုပ်ရင်ဒဏ်ငွေဘယ်လောက်ဆိုတာမျိုးချည့် ကြုံခဲ့တာကြာပေါ့။ သူများရပ် ကွက်တွေတော့ မသိဘူး။ ကိုယ့်ရပ်ကွက်မှာတော့ ရပ်ကွက်လူကြီးတွေကိုယ်တိုင်ကြီးကြပ်ပြီး သူတို့ဘာသာအလုပ်သမား တွေငှားပြီး မြောင်းတွေဖော်နေတာ တွေ့ရတယ်။ ဒါနဲ့ကိုယ်က ဦးတို့ စည်ပင်လူကြီး ဝင်ရွေးရမှာ။ ဒါဆိုတခါတည်း မဲထည့်ခဲ့ မှာလို့ပြောတော့ သူက ရယ်နေတယ်။ နောက်ရေကြီးရင်လည်းတို့ပဲ ခေါင်းကျိန်းရမှာဆိုတဲ့ ရပ်ကွက်လူကြီးစကားကို သတိ ပြုမိလိုက်တယ်။ ဒါလည်းကောင်းတဲ့ ပြောင်းလည်းမှုပဲ။ ခေါင်းကျိန်းရကောင်းမှန်းသိတဲ့ လူတယောက်ကို အနီးစပ်ဆုံးရွေးပြီးမဲပေးလိုက်တယ်။ ဒါမှ ရပ်ကွက်ရေလျှံရင် တခါတည်းလှမ်းအော်လို့ရအောင်။ ခေါင်းကျိန်းရကောင်းမှန်းမသိတဲ့သူတွေဆို တုံဏှိဘာဝေစားကြပေပဲ ဖြစ်နေမှာပေါ့။ ဒါနဲ့ရပ်ကွက်ကိုယ်စားလှယ်စည်ပင်လူကြီးတယောက်ကိုတာဝန်ကျေမဲပေးပြီးသကာလရောက်လက်စနဲ့ရှမ်းစုလမ်းအထွက်က ကွန်ကရစ်တာရိုးကြီးကို ဓာတ်ဖမ်းဖို့ ထွက်ခဲ့တယ်။ မြို့ ထဲက ထွက်လာမဲ့ ရေ တွေကို တာတမံလို တားထားတဲ့ ကွန်ကရစ်လမ်းမကြီးမှာလုပ်ထားတဲ့ ရေထွက်ပေါက်တွေကို ဓာတ်ဖမ်းတယ်။ နှစ်ပေါက်က တော့ အရင်လို ပြွန်သေးသေးပေါ်မှာ မြေသားပါးပါးလေးနဲ့ ဖုံးထားရုံပဲ။ အကြီးဆုံး ရေထွက်ပေါက်ကတော့ ပြွန်မဟုတ်တော့ပဲ ကုန်းတံတားလုပ်ထားပြီ။ လမ်းဖွင့်ပွဲ ဖဲကြိုးလေး ဘာလေးတောင် မဖြတ်ရသေးခင် သူတို့ကားနဲ့သူတို့နင်းတာတောင်ဒဏ်မခံနိုင်ပဲ ကျိုးသွားတဲ့ပြွန်ပိုက်လုံး အပိုင်းကြီးက လမ်းနံဘေးမှာ ငေါင်းစင်းစင်းနဲ့။ ခမျာဖွင့်ပွဲမတက်ရရှာတော့ဘူးပေါ့း) ဒါလည်း ပြောင်းလည်းမှုတခုပါပဲ။ ခါတိုင်းဆိုလူတွေကလည်း မပြောရဲမဆိုရဲ။ ပြောရဲဆိုရဲလည်း ဂရုမစိုက်တဲ့ ကာလတွေဆိုကုန်းတံတားအသစ်ဘယ်ရလိမ့်မလဲ။ ပြွန်ပေါက်အပိုင်းကြီးကို ဖာထေးပြီး ဖွင့်ပွဲလုပ်ချင်လုပ်ဦးမှာ။
ဒါနဲ့ခြေအတော်ရှည်ပြီးသကာလအိမ်ပြန်လာတော့အိမ်အရောက် ဖုန်းသတင်းတစ်ခု ဝင်လာတယ်။ မိတ်ဆွေရဲဘော်ဝင်းလှိုင် မေမေဆုံးပြီတဲ့။ ပြီးခဲ့တဲ့ ရက်တွေကတည်းက ကျန်းမာရေးတော်တော်ချို့တဲ့ပြီး ဆေးရုံနဲ့အိမ်ကို ကူးချည်သန်းချည် လုပ်နေ ရတာ။ ခုတော့ ပြင်းထန်တဲ့ ရာသီဥတုဒဏ်နဲ့ရောဂါနဲ့ တွေ့သွားပြီဆိုရမယ်။ စိတ်ထိခိုက်တာကအဝေးရောက်နေတဲ့ သားခ မျာ အမေ့နောက်ဆုံးခရီးကို မပြန်နိုင်ရှာတာပါပဲ။ ဒါနဲ့ ချက်ပြုတ်ပြီးသူတို့အိမ်ကို အမြန်သွားတယ်။ မဆုံးခင်တရက်ကတော့ ဖုန်းနဲ့စကားအတော်ပြောသွားလိုက်ရသေးတယ်ဆိုပြီး အိမ်သားတွေကတော့ ကြံဖန်ဖြေနေရတာပဲ။ ထထပ်သစ်သား အိမ် သေးသေးလေးရဲ့ အိမ်ရှေ့ဧည့်ခန်းမှာ ဝင်းလှိုင်မေမေဟာ ခါတိုင်းလို ဒီမိုကရေစီလက်မကလေး ထောင်မပြနိုင်ရှာတော့ပဲငြိမ် ငြိမ်သက်သက် လဲလျှောင်းနေရှာတယ်။ အိမ်တိုင်တခုမှာ ချိတ်ထားတဲ့ ဗီနိုင်းတခုကလာတဲ့ဧည့်သည်တွေကို ဆွဲဆောင်နေ တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝင်းလှိုင်မိဘနှစ်ပါးတွဲရိုက်ထားတဲ့ပုံပါ။ ဘယ်တုန်းကပုံလည်းလို့ လူတယောက်ကမေး တော့ သူတို့သား ကျောင်းသားလေး ၈၈ အရေးတော်ပုံအပြီး အိမ်ကထွက်သွားကတည်းက သေသလားရှင်သလား သတင်း အစအနမကြားရလို့ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးနေအိမ်အကျယ်ချုပ်ကလွတ်တဲ့ ၂ဝ၁ဝ မှာ ရန်ကုန်NLDရုံးချုပ်ကို သွားစုံစမ်းတုန်းက ရိုက်ခဲ့တာတဲ့။
အဲဒီမှာ အဆက်အသွယ်ပြန်ရတာလားလို့ တယောက်က မေးတော့မဟုတ်ဘူး။ ရုံးကလူတွေလည်း စုံစမ်းပေးတာပဲ။ သတင်း မရခဲ့ဘူးတဲ့။ နောက်ဆုံးအင်တာနက်တွေ နယ်တွေမှာ သုံးခွင့်ရတော့မှ ဝင်းလှိုင် Win Hlaing ကို ဖေ့စ်ဘွတ်မှာ တွေ့ပြီလို့ သူ့မိတ်ဆွေ ရဲဘော်တွေက တဆင့်လာပြောလို့ အဆက်အသွယ်ပြန်ရတာတဲ့။ အင်းဒါကလည်း နည်းပညာခေတ်ပြောင်း မှုတခုပေါ့လေ။
ဒါပေမယ့် မပြောင်းလည်းသေးတာကတော့ ဝင်းလှိုင်ခမျာ သူ့မေမေ မမာကတည်းက ပြန်ဖို့ကြိုးစားနေဆဲ။ နောက်ဆုံးခရီးကို တောင်ဒီလောက် ကမ္ဘာပြားနေတဲ့ ခေတ်ထဲမှာအဝေးက ကြေကွဲနေရဆဲပါလား။ ။