အောင်မော်ဦး - “ငါတို့ကို ဧရာဝတီ ပြန်ပေး”



အောင်မော်ဦး - “ငါတို့ကို ဧရာဝတီ ပြန်ပေး”
(မိုးမခ) မေ ၅၊ ၂၀၁၅

နာဂစ်ရေ
မင့် ခံတွင်းထဲ ငုံခဲထားတဲ့
ငတို့ သွေးချင်းသားရင်းတွေ ပြန်ပေးပ
ငတို့ စပါးကျီကြီး ပြန်ပေးပ
ငတို့ မြစ်ဝကျွန်းပေါ်ကြီး ပြန်ပေးပ
ငတို့ ဧရာဝတီကြီး ပြန်ပေးပ။

ကျနော့်ဇနီးသည်က ဘိုကလေးဇာတိ။ ဘိုကလေး၌ သူ၏မောင်နှမများနှင့် ဆွေမျိုးသားချင်းများ ရှိသည်။ ဘိုကလေး၌ သူတို့ မိသားစုပိုင် အိမ်ကလေးတလုံး၊ ခြံကလေးတ၀ိုင်း၊ လယ်ကလေးတကွက်၊ နွားကလေးတရှဉ်း၊ ကျီကလေးတလုံး စသဖြင့် ဇာတိ ရနံ့ဟုပြော၍ရနိုင်သည့် အရာများ ရှိသည်။ အိမ်၌အတူနေကြသူများသည်လည်း ဖျာပုံ၊ ဘိုကလေး ဇာတိသားများချည်းဖြစ်၍ သူတို့၏မိသားစုအားလုံးသည်လည်း နာဂစ်၏ ခံတွင်း၊ နာဂစ်၏ စက်ကွင်းနှင့် လမ်းသင့်လေရာ၌…။

မည်သူ့မျှမေး၍မရ၊ မည်သည့်ဖုန်းမျှဆက်၍မရသဖြင့် သောကရောက်နေကြသည့် ဇနီးသည်နှင့် အိမ်ရှိလူများ၏အဖြစ်သည် တခုခုကို သိချင်စိတ်ပြင်းပြစွာဖြင့် အပူတပြင်းကြိုးပမ်းနေသော်ငြား တကယ်တမ်းသိရမည့်အဖြေကိုမူ ကြားရဲကြပုံမရ။ သို့သော် အမျိုးမျိုးသော ဖော်ပြချက်များအရ အနီးစပ်ဆုံးအဖြေတခုကိုမူ အဆိုးဆုံးအထိ မျှော်လင့်ထားကြပုံတော့ရသည်။

သည်လိုအစိုးရမျိုးနှင့် သံသရာတခရီးတည်း သွားနေရသည့် တိုင်းပြည်သည် ကံဆိုးလှ၍ တိုင်းသူပြည်သူများသည်လည်း ကံဆိုးလွန်းလှပေသည်ဟု ပြောရမည်ထင်သည်။ သိန်းနှင့်ချီသေ၍ သန်းနှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်စေမည့် နာဂစ်မုန်တိုင်းနှင့် ပတ်သက်၍ အစိုးရသည် လက်တဝါးစာမျှရှိသည့် သတင်းစာဖြတ်ပိုင်းလေးတခုဖြင့် တိုင်းပြည်နှင့်လူထုကို မည်ကာမတ္တသဘော အသိပေးခဲ့သည်။ ထို့အတူ မည်သည့် အရေးယူဆောင်ရွက်မှုကိုမျှလည်း အလေးထားမလုပ်ဆောင်ခဲ့။


“မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်”
နေပြည်တော် ဧပြီ၊ ၂၉၊ ၂ဝဝ၈
ယနေ့ မြန်မာစံတော်ချိန် ညနေ(၆)နာရီ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုံးမုန်တိုင်းကြီး “နာဂစ်”သည် သိသိသာသာ အားကောင်း လာခြင်းမရှိဘဲ မြောက်ဘက်သို့ ဖြေးညင်းစွာ ရွေ့လျားလာခဲ့ပြီး ကိုကိုးကျွန်းမြို့၏အနောက် အနောက် မြောက်ဘက် ၅၈၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ အဆိုပါ အားကောင်းသော ဆိုင်ကလုံး မုန်တိုင်းကြီးသည် နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာခြင်းမရှိဘဲ အရှေ့မြောက်ဘက်သို့ ဖြေးညင်းစွာရွေ့လျားမည်ဟု ခန့်မှန်းရသည်။

မုန်းတိုင်းကြီး၏အရှိန်ကြောင့် ယနေ့မွန်းလွဲမှ နောက် ၄၈ နာရီအတွင်း ရခိုင်ပြည်နယ်၊ မွန်ပြည် နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သည်။ မြန်မာ့ကမ်းရိုးတန်းတလျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင် သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင် မြေပြင် လေသည် တနာရီလျှင် မိုင် ၄ဝ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလေဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းပေးပို့သည်။ (သတင်းစဉ်)

မင်နီသားထားသည့် ဤဖြတ်ပိုင်းလေးကို http://www.ireport.com/docs/DOC-20548 ၌ ဖတ်လိုက်ရသည်။ အိန္ဒိယနိုင်ငံမှလည်း မုန်တိုင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို မုန်တိုင်းမကျရောက်မီ အနည်းဆုံး တပါတ်ခန့် စော၍ (၃)နာရီခြားတကြိမ် စစ်အစိုးရထံ အသိပေးခဲ့သည်ဟု ထုတ်ဖော်ပြောဆိုသည်ကိုလည်း ဖတ်ရှုလိုက်ရသည်။

အကယ်၍ “မုန်တိုင်းအန္တရာယ် အထူးသတိပေးကြေညာချက်”ဟူ၍ သတင်းစာမျက်နှာဖုံး၌ စာလုံးမည်းကြီးများနှင့်ဖော်ပြ၍ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ နာရီမလပ်ထုတ်လွှင့်ကြေညာပြီး ရပ်ကွက်တိုင်း၌ ဥသြဆွဲ သတိပေးခဲ့မည်ဆိုလျှင်…။ အကယ်၍ မုန်တိုင်းဗဟိုချက်ကျရာ အရပ်ဒေသများမှ ပြည်သူများကို ရွှေ့ပြောင်းနေရာချထားမှုများ ပြုလုပ်ပေးခဲ့မည် ဆိုလျှင်….။ အကယ်၍ ကျီများနှင့် ဂိုထောင်များထဲရှိ ဆန်၊ စပါးများနှင့် မျိုးစပါးများအား ရွှေ့ပြောင်းသိုလှောင်မှုများ ပြုလုပ်ပေးခဲ့မည် ဆိုလျှင်..။ အကယ်၍ မဲရုံများအစား ကယ်ဆယ်ရေးနှင့် နေရာချထားရေးစခန်းများ လုံလုံလောက်လောက် ဖွင့်လှစ်ထားရှိ ပေးခဲ့မည်ဆိုလျှင်…..။ အကယ်၍ နိုင်ငံတကာအစိုးရများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူ ပညာရှင်များ၏ အကူအညီကို ရယူ၍ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားပေးခဲ့မည်ဆိုလျှင်…..။

သို့သော် စစ်အစိုးရသည် ပြည်သူလူထုကို လိမ်လည်လှည့်ဖျားခဲ့သည်။ တနာရီ မိုင် ၁၂ဝ နှင့် ၁၆ဝ အကြားဟု ပြောရမည့်အစား တနာရီ မိုင် ၄ဝ နှင့် ၄၅ မိုင်ဟုပြောခဲ့သည်။

မြန်မာပြည်၏ စပါးကျီဟုပြောစမှတ်ပြုရသည့် မြစ်ဝကျွန်းပေါ်ဒေသကြီးတခုလုံး ပျက်သုဉ်းသွားခဲ့ပါပြီ။ ထိုဒေသကြီးရှိ လယ်မြေဧကပေါင်းများစွာ ပျက်သုဉ်းသွားကြပါပြီ။ ထိုဒေသကြီး၌ ဓားမဦးချနေထိုင်၍ ဆန်စပါးစိုက်ပျိုးထုတ်လုပ်ပေးနေသည့် လယ်သမားမိသားစုကြီးများ ပျက်သုဉ်းသွားကြပါပြီ။ ထိုလယ်သမားများ၏ အသက်သခင်ဟု ပြောစမှတ်ပြုကြရသည့် ကျွဲနွားသတ္တ၀ါများ ပျက်သုဉ်းသွားကြပါပြီ။ ထိုလယ်သမားများစုဆောင်းသိုလှောင်ထားသည့် မျိုးစပါးများ ပျက်သုဉ်းသွားကြပါပြီ။

ဤအရပ်ဤဒေသ၌ စပါးကျီကြီးတခုပြန်ဖြစ်လာစေရန် အနည်းဆုံး(၅)နှစ်မက စနစ်တကျကြိုးပမ်းမည်ဆိုလျှင်တောင်မျှ ရနိုင်ပါမည်လော မပြောတတ်။ ကပ်မဆိုက်မီကတည်းက ငတ်နေနှင့်သည့် တိုင်းပြည်တပြည်အဖို့ ကပ်ဆိုက်ပြီးနောက် ပို၍ ငတ်ကြပြတ်ကြမည်မှာ မြေကြီးလက်ခတ်မလွဲ။ ဆန်ရေစပါးရှားပါးမှုနှင့် စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ကို လာမည့် သုံးလေးငါးနှစ်မက အလူးအလဲခံကြရပေလိမ့်မည်။ ကောသွားသည့် လယ်များ၊ ကွင်းဆက်ပြတ်သွားသည့် လယ်သမား မျိုးဆက်များ၊ မျိုးတုန်းသွားသည့် မျိုးစပါးများ၊ ပျောက်ဆုံးသွားသည့် ကျွဲနွားများနှင့် လယ်လုပ်ကိရိယာများ စသဖြင့် ဖော်ပြခြင်းငှာ မစွမ်းနိုင်သည့် ဆုံးရှုံးမှုများအား နိုင်ငံတကာအကူအညီနှင့် နည်းပညာအကူအညီတို့ကိုသာမက အလွန်အရေးပါသည့် နိုင်ငံသူနိုင်ငံသားများ၏ အကူအညီကိုမရရှိပါဘဲနှင့် မည်သို့မျှတည်ဆောက်နိုင်လိမ့်မည် မဟုတ်ပေ။

ကမ္ဘာ့နိုင်ငံအသီးသီး၌ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသူနိုင်ငံသားများကလည်း မိမိတို့နှင့် သွေးသားတော်စပ်မှမဟုတ် လူသားချင်းစာနာသနားစိတ်၊ ကိုယ်ချင်းစာစိတ်တို့ ဖြင့် လှူကြတန်းကြပါသည်။ မိမိတို့ရောက်ရှိရာနိုင်ငံရှိ ဘာသာရေးအဖွဲ့ များမှတဆင့် လှူကြသည်။ နိုင်ငံရေးအဖွဲ့များမှတဆင့် လှူကြသည်။ လူမှုရေးအဖွဲ့များမှတဆင့်လှူကြသည်။ ကုလသမဂ္ဂ မှတဆင့် လှူကြသည်။ အစိုးရမဟုတ်သည့်အဖွဲ့များမှတဆင့် လှူကြသည်။ ထူးခြားသည်မှာ မည်သူမျှ မြန်မာသံရုံးများသို့ သွား၍ သံအမတ်ကြီးများထံ အလှူငွေများထည့်ဝင်ကြသည်ဟူ၍ မကြားမိခြင်းပင်။ လိမ်လည်လှည့်ဖြားသည့် အစိုးရအား မယုံကြည်ကြ၍ပင်ဖြစ်မည်။

နိုင်ငံတကာမှ လေယာဉ်ကြီးငယ်များ၊ သင်္ဘောကြီးငယ်များဖြင့် အခေါက်ခေါက်အခါခါ ပို့ဆောင်ပေးနေသည့် လူသားချင်း စာနာသည့် အကူအညီများသည် (လတ်တလောဒုက္ခရောက်နေကြရရှာသည့်) မသေမပျောက် ရှင်ကျန်ရစ်ခဲ့သူများအတွက် ရုပ်ပိုင်းဆိုင်ရာအရသာမက စိတ်ဓာတ်ရေးရာအရပါ အထူးတလည်ကို အထောက်အကူ ပြုပေလိမ့်မည်။ သို့သော် စစ်အစိုး ရသည် ဤအကူအညီများ (ပစ္စည်းများသက်သက်)ကိုသာ လက်ခံ၍ ကပ်ဘေးဒုက္ခကြီးငယ်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များအား လက်သင့်လည်းမခံသလို ၎င်းတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ လက်တွဲမလုပ်ကိုင်မည်ကို အထူးစိုးရိမ်မိရပေသည်။

စစ်တပ်သာလျှင် တိုင်းပြည်ချစ်သည်ဟူသည့် စိတ်ကူးတထွာတမိုက်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို စစ်သားများချည်း လုပ်၍မရ။ ကယ်ဆယ်ရေးဌာနများချည်း လုပ်၍မရပါ။ စေတနာ့ဝန်ထမ်း အရပ်သူအရပ်သားများ ဝိုင်းဝန်းလုပ်ဆောင်ကြမှ ရနိုင်ပေမည်။ ရဟန်းသံဃာများ၊ ကျောင်းသူကျောင်းသားများ၊ ဝန်ထမ်းများ၊ တတ်သိပညာရှင်များ၊ အနုပညာရှင်များ၊ အားကစားသမားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်ပွဲစားများ၊ လက်လုပ်လက်စားများ စသဖြင့် နယ်စုံပယ်စုံမှ လူစုံတက်စုံ အင်တိုက်အားတိုက် လုပ်မှရပေမည်။ များများနှင့် မြန်မြန်လုပ်မှသာ ကူးစက်ရောဂါအပါအဝင် နောက်ဆက်တွဲ ပြဿနာများကို ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ဖြေရှင်းပေးနိုင်ပေလိမ့်မည်။ ထို့ကြောင့် NLD အပါအဝင် နိုင်ငံရေး အင်အား စုများအားလည်း လွတ်လွတ်လပ်လပ် ကူညီဆောင်ရွက်ခွင့် ပေးရပေမည်။ လူမှုအသင်းအဖွဲ့များ ထူထောင်ခွင့်နှင့် လူမှုရေးလုပ်ငန်းများလုပ်ပိုင်ခွင့်ကို စစ်အစိုးရအနေဖြင့် မုချခွင့်ပြုပေးရပေမည်။

ပြည်ပရောက်မြန်မာနိုင်ငံသူနိုင်ငံသားများ၏ အရေအတွက်ကို တိတိကျကျစာရင်းပြုစုနိုင်ခြင်းမရှိသေးသော်လည်း ခန့်မှန်းခြေ စာရင်းများအရ (၃)သန်းမှ (၅)သန်းအထိ ရှိနိုင်သည်ဟု ဆိုကြသည်။ အကယ်၍ (၅)သန်းမျှရှိ၍ တဦးလျှင် တဒေါ်လာ စီ ထည့်ဝင်စုဆောင်းကြသည်ဆိုပါစို့။ တလလျှင်ဒေါ်လာ(၅)သန်းမျှရှိမည့် ရန်ပုံငွေသည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အထောက်အကူ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျနော်တို့အနေဖြင့် “ပြန်လည်ထူထောင်ရေး ရန်ပုံငွေ”ဟူသည့် ရန်ပုံငွေစနစ်တရပ်ကို ထူထောင်နိုင်ကြမည်ဆိုပါက မုချပင်အကျိုးရှိပေမည်။ သို့သော် ထိုရန်ပုံငွေကို ယခုလို ကပ်ဆိုက်မှုကြီးများပေါ်ပေါက်လာပါက အသုံးပြုရန်နှင့် (စစ်အစိုးရလွန်) အနာဂတ်မြန်မာပြည်ပြန်လည်ထူထောင်ရေးကိစ္စရပ်များ၌သာ အသုံးပြုရန်ဟူသည့် ဦးတည်ချက်မျိုးဖြင့် ထူထောင်ထားရှိမည်ဆိုလျှင် မဖြစ်နိုင်ပါ၏လော။

အခွန်ပေးဆောင်ရသည့် နိုင်ငံများရှိ မြန်မာနိုင်ငံသားများအတွက် “အခွန်ကင်းလွတ်စေသည့်” ရန်ပုံငွေမျိုးဖြစ်စေရန်နှင့် အခွန်ပေးဆောင်ရန်မလိုသည့် နိုင်ငံများရှိ မြန်မာနိုင်ငံသားများအတွက် “သာရေးနာရေးစရိတ်ဖြစ်စေသည့်” ရန်ပုံငွေမျိုး ဖြစ်စေရန် ထူထောင်သင့်ပါသည်။ ထိုသို့သော ရန်ပုံငွေအဖွဲ့မျိုးကိုထူထောင်ရာ၌ မိမိတို့ဘာသာထူထောင်ကြခြင်းထက်၊ မိမိတို့အသင်းအဖွဲ့တခုခု၏ လက်အောက်၌ထားရှိကြခြင်းထက် ကုလသမဂ္ဂကဲ့သို့သော ကြားခံအဖွဲ့အစည်းကြီးတခုခု၏ ကြီးကြပ်ကွပ်ကဲမှုအောက်၌ မှတ်ပုံတင်၍ တရားဝင်ထူထောင်ခြင်းမျိုး ဖြစ်သင့်ပါသည်။ (ဥပမာ ယူနီဆက်၊ ယူနက်စကို ကဲ့သို့သော အဖွဲ့အစည်းများအောက်၌ မှတ်ပုံတင်ထားရှိခြင်းမျိုး)

အခွန်ပေးဆောင်ရသည့်နိုင်ငံများအနေဖြင့် ဥပမာ အမေရိကန်၌ မြန်မာအလုပ်သမားတယောက်သည် တလလျှင် ပျမ်းမျှ ဒေါ်လာ (၃ဝဝ)မှ(၅ဝဝ) အတွင်း အခွန်ပေးဆောင်ရပါသည်။ ထိုအခွန်ငွေများ မြန်မာပြည်ပြန်လည်ထူထောင်ရေး ရန်ပုံငွေ အဖြစ်သို့ ပြောင်းလဲရောက်ရှိသွားစေရေးအတွက် “အခွန်ကင်းလွတ်စေသည့်”ရန်ပုံငွေမျိုးဖြစ်စေရန် မြန်မာနှင့် နိုင်ငံတကာ ပညာရှင်များ စုစည်း၍ ညှိနှိုင်းလုပ်ဆောင်မည်ဆိုက ဖြစ်နိုင်ပါသည်။ အလားတူ အခွန်ပေးဆောင်ရန်မလိုသည့် နိုင်ငံများ၊ ဥပမာ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားတယောက်အနေဖြင့် မိမိတို့တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် တနေ့လျှင် ထိုင်းဘတ်ငွေ (၁)ဘတ်နှုန်းထည့်ဝင်လှူဒါန်းနိုင်ပါသည်။ သို့သော် ကျန်းမာရေးအာမခံနှင့် လုပ်သား အာမခံစနစ်မရှိသည့် ထူးခြားချက်အရ ၎င်းလုပ်သားတဦးထည့်ဝင်လှူဒါန်းငွေထဲမှ ရာခိုင်နှုန်းအချို့ကို သာရေးနာရေး စရိတ်အဖြစ် ပြန်လည် အသုံးပြုပေးရန်လိုပါသည်။ ဤနည်းဖြင့် အခွန်မပေးဆောင်ရသည့်နိုင်ငံများရှိ မြန်မာအလုပ်သမားများအတွက် “သာရေး နာရေးစရိတ်ဖြစ်စေသည့်” ရန်ပုံငွေစနစ်တရပ်ကို ထူထောင်ထားရှိနိုင်ပါသည်။

သေချာသည်မှာ မြန်မာပြည်၏ အကြီးဆုံးစပါးကျီကြီးတခုဟု ပြောစမှတ်ပြုရသည့် မြစ်ဝကျွန်းပေါ်ဒေသကြီးသည် ကပ်ဘေးကြီးဆိုက်၍ စုံးစုံးမြုပ်နေရာမှ ရုန်းထ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြုလုပ်ရန် လိုအပ်မည်ဖြစ်သကဲ့သို့၊ စစ်အာဏာရှင် စနစ်အောက်၌ ချွတ်ခြုံကျမွဲတေနေရသည့် ကျနော်တို့တိုင်းပြည်ကြီးသည်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် မလွဲမသွေ လိုအပ်လိမ့်ဦးမည်ဟူသည့်အချက်ပင်ဖြစ်ပါသည်။

ပင်ကိုယ်အားဖြင့် ရိုးသားအေးဆေးစွာနေထိုင်လို၍ အလှူအတန်းဟေ့ဆိုလျှင် ရှေ့ဆုံးမှပါလေ့ရှိတတ်သည့် ကျနော်တို့ နိုင်ငံသူနိုင်ငံသားများ၏ထူးခြားမှုမှာ ငွေကြေးရှိသူက ငွေကြေးလှူ၍ ပစ္စည်းရှိသူက ပစ္စည်းလှူပြီး ဘာမျှ မရှိသူက ကိုယ်ထဲရှိသွေးကိုပင် ဖောက်၍လှူတတ်ကြခြင်းဖြစ်သည်။ သူတို့တွင်ရှိသည့် ကိုယ်ချင်းစာနာစိတ်နှင့် နိုင်ငံချစ်စိတ်ကို စစ်အစိုးရက အဓမ္မပိတ်ပင်ထားခဲ့သဖြင့် သူတို့ခမြာ ဖော်ပြခွင့်မရရှာကြ။ ထို့ကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားများ၏ လူသားချင်းစာနာစိတ်နှင့် တိုင်းပြည်ချစ်စိတ်ကို ပြည့်ပြည့်ဝဝဖော်ပြနိုင်စေရေးအတွက် ပြည်ပရောက် ပညာရှင်များ အနေဖြင့် နိုင်ငံတကာပညာရှင်များနှင့် ပူးပေါင်း၍ အလေးထားဆောင်ရွက်သင့်ပေသည်။

သေချာသည်မှာ ကျနော်တို့၏ ချွေးနှဲစာ တကျပ်တပြားသည် ကပ်ဘေးကြီးကယ်ဆယ်ရေးအတွက် အုတ်တချပ်သဲတပွင့်၊ ကျနော်တို့တိုင်းပြည်ကြီး ပြန်လည်ထူထောင်ရေးအတွက် အုတ်တချပ်သဲတပွင့် ဖြစ်လေမည်လား မပြောတတ်။ သို့သော် နိုင်ငံသူနိုင်ငံသားတယောက်အနေဖြင့် မိမိနိုင်ငံအတွက် မိမိတတ်နိုင်သည့်ဘက်မှ တခုခုလုပ်လိုက်ရသဖြင့် (သို့) လုပ်ခွင့်ရလိုက်ကြသဖြင့် ကျေနပ်မှုရရှိသည်ကားအမှန်၊ ပီတိဖြစ်ရသည်ကား အမှန်ပင်။ မျက်ရည်များကြားမှ ပြုံးဖြစ်လိုက်သည့် အပြုံး။

အို…
နာဂစ်ငဲ့
ဧရာဝတီဟာ
ငတို့ရဲ့ ဝိညာဉ်
ငတို့ရဲ့ မိခင်
ငတို့ဖို့ ဧရာဝတီ ပြန်ပေးပ။

အောင်မော်ဦး
မေ၊ ၁ဝ၊ ၂ဝဝ၈။